အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်းအမွေအနှစ်

ကချင်ဒေသမြောက်ပိုင်း ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး ကြိုးပမ်းမှု ဆန့်ကျင်ခံရ

ရန်ကုန် – ကချင်ပြည်နယ်မှ ဆီးနှင်းဖုံး ခါကာဘိုရာဇီတောင်ဒေသနှင့် ဝန်းကျင်မြို့တချို့ကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ်သတ်မှတ်နိုင်ရေးနှင့် ပတ်သက်ပြီး လှုပ်ရှားကြိုးပမ်းမှုများ ဖြစ်ပေါ်နေသကဲ့သို့ ဆန့်ကျင်ကန့်ကွက်မှုများကိုလည်း တွေ့မြင်နေရသည်။

အမွေအနှစ်ဒေသဖြစ်ရေးအတွက် မြန်မာအစိုးရ အဆက်ဆက်၏ ကြိုးပမ်းမှုကို နည်းပညာ အကူအညီပေးနေသည့် အဖွဲ့မှာ  ယူနက်စကိုဟု ထင်ရှားသည့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေး ကြိုးပမ်းချိန်၊ သတ်မှတ်ခံရပြီးချိန်တို့တွင် အစိုးရက ထိုဒေသကို စီမံခန့်ခွဲသည့်အခါ ဒေသခံများ ပါဝင်ရေး၊ ဒေသခံတို့၏ အခွင့်အရေးများကို  လေးစားလိုက်နာရေးတို့အတွက်  တိုက်တွန်းမည်ဟု ရန်ကုန် ယူနက်စကိုရုံး၊ ယဉ်ကျေးမှုဌာန အမျိုးသားစီမံကိန်းအရာရှိ ဦးစောဝင်းမျိုးဆန်းက အောက်တိုဘာ ၃ ရက်နေ့တွင် ပြောသည်။  

ခါကာဘိုရာဇီဒေသတွင် ဒေသခံတို့ တစ်နိုင်တစ်ပိုင် အမဲလိုက်ခြင်း၊ သစ်ဥသစ်ဖု စုဆောင်းခြင်းတို့ကို ဥပဒေက ခွင့်ပြုထားကြောင်း၊ အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရပါကလည်း ယခုကဲ့သို့ ခွင့်ပြုသွားဖွယ် ရှိသည်ဟု ဦးစောဝင်းမျိုးဆန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ယူနက်စကိုဟာ လက်ရှိနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာရပါတယ်။ ခါကာဘိုရာဇီဒေသလည်း ထိုနည်းလည်းကောင်းပဲ၊ လက်ရှိမြန်မာနိုင်ငံရဲ့ သစ်တောဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ တောရိုင်းတိရစ္ဆာန် နှင့်သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ၊ ပြီးတော့ ဆက်စပ်နည်းဥပဒေတွေနဲ့သာ မြန်မာနိုင်ငံအစိုးရ၊ သစ်တောဦးစီးဌာနက စီမံအုပ်ချုပ်သွားမှာပါ” ဟု ဦးစောဝင်းမျိုးဆန်းက ပြောသည်။

ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာပါက အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်း၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။  

“ဌာနေတိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ တူတူပူးပေါင်းပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ စီမံအုပ်ချုပ်နေတဲ့ ကမ္ဘာ့မွေအနှစ်ဒေသတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ အဲ့ဒီလို စီမံအုပ်ချုပ်မှုနည်းစနစ်တွေကို ခါကာဘိုရာဇီဒေသမှာလည်း အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အစိုးရကို ဆက်ပြီးတော့ နည်းပညာတွေ ပေးသွားမှာပါ” ဟု ဦးစောဝင်းမျိုးဆန်းက ပြောသည်။

တောင်ပိုင်း တိုးချဲ့ခြင်း

ခါကာဘိုရာဇီဒေသကို ဧကကိုးသိန်းကျော် ကျယ်ဝန်းသည့် အမျိုးသားဥယျာဉ်အဖြစ် အစိုးရက သတ်မှတ်ကာကွယ်ပြီး ဖြစ်သည်။ ဥယျာဉ်တောင်ဘက်ရှိ ဧကကိုးသိန်းနီးပါးကို ထပ်မံထည့်သွင်းကာ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေးအတွက် ပြင်ဆင် ကြိုးပမ်းနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုဧရိယာတွင် ပူတာအို၊ မချမ်းဘော၊ နောင်မွန်းမြို့နယ်များ ပါဝင်နေသည်။

အဆိုပါထုတ်ပြန်ချက်ကြောင့် တောတောင်ရေမြေကိုမှီခိုကာ အသက်မွေးနေကြရသည့် ဒေသခံအများအပြားက ၎င်းတို့စားဝတ်နေရေး ထိခိုက်မည်ကို စိုးရိမ်သည်ဟု ဆိုကာ  ထိုအစီအစဉ်ကို စက်တင်ဘာလကုန်ပိုင်းတွင် ပူတာအို၊ မချမ်းဘော နှင့် နောင်မွန်မြို့နယ်များ၌ လူအင်အား တစ်သောင်းကျော်က ဆန္ဒပြခဲ့ကြပြီး နိုင်ငံရေးပါတီအချို့ကလည်း ကန့်ကွက်ခဲ့ကြသည်။

ဦးဆောင် ဆန္ဒပြသူ  တစ်ဦးဖြစ်သည့် ပူတာအိုမြို့နယ်မှ ဦးယောရှုက အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်စဉ်ကလည်း ဒေသခံတို့အတွက် အကျိုးအမြတ်များ ရရှိအောင် ဖန်တီးပေးမည်ဟု ကတိပေးခဲ့ဖူးကြောင်း၊ သို့သော်လည်း လက်တွေ့ ဖန်တီးပေးခြင်း မရှိကြောင်း ထောက်ပြသည်။

ယခုအစီအစဉ်တွင်လည်း တောတောင်ဒေသကို မှီခိုနေရသည့် ဒေသခံများ စားဝတ်နေရေး အခက်အခဲ ရှိလာနိုင်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“မြေကြီးတောင်မှ တူးဆွပိုင်ခွင့်မရှိဘူး အဲဒီနေရာကို ဝင်ပြီးမှ ထင်းတောင်ခုတ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အခါကျတော့ ဒီဒေသက တခြားဝင်ငွေက ဘာမှမရှိတော့ ပြည်သူတွေက အဲဒါကို အရမ်းစိုးရိမ်ပြီး ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟု ဦးယောရှုက ပြောသည်။

ခါကာဘိုရာဇီဝန်းကျင်ကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် မသတ်မှတ်သင့်ကြောင်း ဆောင်းပါးရှင် စတယ်လာနော်က ဧရာဝတီအွန်လိုင်းရှိ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

“ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်လိုက်ခြင်းက ပူတာအိုကို ကမ္ဘာ့ခရီးသွားမြေပုံပေါ်သို့ ရောက်ရှိစေခဲ့ပြီး နိုင်ငံခြားငွေရရှိမည့် စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးမည်မှာ သေချာပါသည်။ သို့သော်လည်း ဟိုတယ်များနှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရာတွင် ဗဟိုအစိုးရနှင့် ၎င်း၏ ခရိုနီများကို ဦးစားပေးဖွယ်ရာ ရှိသည့်အတွက် အဆိုပါ အခွင့်အလမ်းများက ဒေသခံ အသိုင်းအဝိုင်းများအတွက် အကျိုးအမြတ်ရရှိစေလိမ့်မည်ဆိုသည်မှာ မသေချာပါ” ဟု ဖက်ဒရယ်ပြည်ထောင်စု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအခွင့်အရေးဆောင်ရွက်သူ စတယ်လာနော်က ရေးသားထားသည်။

တောင်ပိုင်း တိုးချဲ့သည့် အကြောင်းရင်း

ခါကာဘိုရာဇီအနီးရှိ မြို့နယ်သုံးခုမှ ဒေသခံအများအပြား စိုးရိမ်နေကြခြင်းမှာ စီမံခန့်ခွဲရေးအစီအစဉ်နှင့် ပတ်သက်ပြီး ပြည်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်မည်ဟု ယူနက်စကို၏ ရန်ကုန်ရုံးမှ အမျိုးသားအစီအစဉ်အရာရှိ ဒေါ်ဥမ္မာမျိုးက ယူဆသည်။

“တချို့ရွာတွေဆို ရောက်ဖို့က ခက်တယ်။ နောက် ဘာသာစကားအခက်အခဲတွေလည်း ရှိတယ်လေ၊ တိုင်းရင်းသားပေါင်းစုံလည်းရှိနေတော့။ စီမံခန့်ခွဲရေးစနစ်တွေကို ဘယ်လိုမျိုးလုပ်ထားတယ်ဆိုတာကို ဖော်ပြပေးနိုင်မယ်၊ သူတို့နားလည်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဒီအခက်အခဲတွေက ကျော်လွှားသွားနိုင်မယ်လို့ ထင်ပါတယ်”  ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။

“တကယ်လို့ ဒေသခံတွေက လုပ်ငန်းစဉ်တွေကို နားလည်တယ်၊ ကမ္ဘာ့အမွေအနှစ်ဝင်ရင်ရမယ့် အကျိုးကျေးဇူးတွေကိုလည်းသိတယ်၊  သို့သော်လည်းပဲ ဒီအခြေအနေမှာကိုမှ မလိုချင်ဘူး၊ ကန့်ကွက်တယ်ဆိုရင်တော့ ဒါကို အရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ ယူနက်စကိုကလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်”

ခါကာဘိုရာဇီတောင်ရှိရာ ဒေသတစ်ခုတည်းကိုသာ ကမ္ဘာ့အမွေအနှစ်ဝင်ရေး ကြိုးပမ်းမည်ဆိုပါက အစိုးရအတွက် ခက်ခဲမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခါကာဘိုရာဇီ၏ တစ်ဖက်တစ်ချက် အိန္ဒိယ၊ တရုတ်တို့တွင်လည်း အလားတူ ရေခဲဖုံးတောင် အများအပြား ရှိသောကြောင့် ဖြစ်သည်။

တောင်ပိုင်းဒေသဖြစ်သော ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့နယ်များသည် မြေနိမ့်ပိုင်းဖြစ်သောကြောင့် ရှားပါးအပင်၊ လိပ်ပြာ၊ လင်းနို့ စသည့် ဇီဝမျိုးစုံ မျိုးကွဲများလာခြင်းမှာ ဤဒေသ၏ အရေးပါ၊ တန်ဖိုးရှိသည့် အချက်ဖြစ်နေသည်။  အိမ်နီးချင်းနိုင်ငံတို့တွင် အလားတူ အခြေအနေ မရှိဟု သိရသည်။

ဧရာဝတီမြစ်၏ အသက်သွေးကြောများဖြစ်သော မေခ၊ မလိခမြစ်တို့လည်း ပါဝင်သော ကချင်ပြည်နယ် ထိပ်ဖျားပိုင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ကြိုးပမ်းချက်မှာ မြန်မာနိုင်ငံ၏ ဒုတိယခြေလှမ်းဖြစ်ပြီး ယခင်အစိုးရလက်ထက်ကတည်းက စတင် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ပျူမြို့ဟောင်းများဖြစ်ကြသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့သည်  ၂ဝ၁၄ တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ ဖြစ်လာသည်။

ယဉ်ကျေးမှု သို့မဟုတ် သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းမှာ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်လေးခုရှိပြီး မြန်မာတွင် တစ်ခုသာရှိသေးကြောင်း ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။

“ဒီနေရာတွေဟာ ကာကွယ်ထားတဲ့ နေရာဖြစ်တယ်၊ အမြင့်ဆုံးကာကွယ်မှုကိုရတယ်၊ ကမ္ဘာစစ်ဖြစ်ရင်တောင် အဲဒီနေရာတွေကို ဖျက်ဆီးပစ်လို့မရဘူး၊ ဖျက်ဆီးရင် နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရမယ်။ အခုဆိုရင် ဆီးရီးယားက လူတွေ တရားစွဲခံနေရတာရှိတယ်။ ကမ္ဘာ့အမွေအနှစ်ဆိုက်တွေမှာ သုံးတဲ့၊ ထိန်းသိမ်းတဲ့၊ ကာကွယ်တဲ့ နည်းပညာတွေကိုရလာတဲ့ အခါမှာ နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း သုံးလို့ရလာမယ်။ ငွေရေးကြေးရေး အပိုင်းမှာလည်း နိုင်ငံတကာရဲ့ အကူအညီတွေ ပိုပြီးတော့ ရဖို့ရှိတယ်”  ဟု ဒေါ်ဥမ္မာမျိုးက  ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button