ရန်ကုန် – ညစ်ညမ်းမှုများသည့် ကျောက်မီးသွေးလောင်စာသုံး စီမံကိန်းအစား အစိမ်းရောင် စွမ်းအင် နည်းလမ်းကိုသာ ကရင်ပြည်နယ်အစိုးရက အာရုံစိုက်သင့်သည်ဟု ဘားအံဒေသ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဆန့်ကျင် ကန့်ကွက်သည့် အဖွဲ့အစည်းသုံးဖွဲ့က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်သည့် ‘အစိမ်းရောင်အနာဂတ်အား မီးလောင်တိုက်သွင်းခြင်း’ အစီရင်ခံစာက ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်းလင်းကုမ္ပဏီလီမိတက် (TTCL) က ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာအနီး၌တည်ဆောက်ရန် လေ့လာနေသည့် မဂ္ဂါဝပ် ၁,၂၈ဝ ထွက်ရှိမည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ထိုအစီရင်ခံစာ ထွက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် ယခုနှစ်အတွင်း ကရင်ပြည်နယ်အစိုးရနှင့် ထိုကုမ္ပဏီတို့အကြား ဖြစ်နိုင်ခြေလေ့လာရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။ စက်ရုံအတွက် ကျောက်မီးသွေးကို အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ရန် အဆိုပြုထားသည်။
အခြေခံဥပဒေ၊ ၂ဝ၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ (၈) တို့တွင် အကြီးစားလျှပ်စစ်ဓာတ်အားစီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ခွင့်ရှိပြီး ပြည်နယ်အစိုးရက မဂ္ဂါဝပ် ၃ဝ အထိသာ လုပ်ကိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သို့သော်လည်း ယခု စက်ရုံမှာ မဂ္ဂါဝပ် ၁,၂၈ဝ အထိ ထွက်ရှိမည် ဖြစ်၍ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ‘မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်း (MATA)’ အဖွဲ့မှ ကရင်ပြည်နယ်တာဝန်ခံ နန့်တင်တင်လှိုင်က သတင်းထောက်များကို ပြောသည်။
TTCL ကုမ္ပဏီ အနေဖြင့် လုပ်ထုံးလုပ်နည်းအရ စီမံကိန်း မစတင်မီ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် လုပ်ဆောင်ရာတွင် ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် တိုင်ပင်ဆွေးနွေး အသိပေးမှုများပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဘယ်စီမံကိန်းပဲလုပ်ဆောင်ဆောင် ကုမ္ပဏီတွေအနေနဲ့စီမံကိန်းကြောင့်ရလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုပါတယ်။ အဲ့ဒီလိုချပြတဲ့အခါ ဒေသခံတွေက သဘောမတူဘူး၊ စီမံကိန်းလုပ်ဖို့ ကန့်ကွက် တယ် ဆိုရင် ဆက်ပြီးတော့မလုပ်ဆောင်သင့်ပါဘူး” ဟု ၎င်းကဆိုသည်။
အိမ်ရာ ရွှေ့ပြောင်းခြင်း
စီမံကိန်းအရ ကျောက်မီးသွေးတင်သင်္ဘောများသွားလာနိုင်ရန် သံလွင်မြစ်၏မြစ်ကမ်းနံရံများကို တိုးချဲ့ခြင်းနှင့် သောင်တူးခြင်းတို့အပြင် စက်ရုံတည်ဆောက်မည့်နေရာအတွက် မြေဧက ၁,ဝဝဝ ကို ကျေးရွာများအနီးတွင် ရယူအသုံးမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ရွာသူရွာသားအချင်းချင်း စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များဖလှယ်ရာတွင်လည်းကောင်း၊ အရပ်ဘက်လူမှုအဖွဲ့များက ကျောက်မီးသွေးနှင့် ပတ်သက်သည့် အသိအမြင်ဖွင့် သင်တန်းများပေးရာတွင်လည်းကောင်း အာဏာပိုင်များက ပိတ်ပင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ကုမ္ပဏီက ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်မီကာလကတည်းကပင် ဖြစ်နိုင်ခြေ လေ့လာချက် (feasibility study) လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်ဟုဆိုသော်လည်း အဆိုပါဆန်းစစ်ချက်များနှင့် ပတ်သက်၍ ဒေသခံပြည်သူများအနေဖြင့် တစ်စုံတစ်ရာသိရှိထားခြင်း၊ အစိုးရနှင့် ကုမ္ပဏီဘက်ကလည်း အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သုံးအိမ်ကျေးရွာမှ ဒေသခံ စောမြလွင်က ပြောသည်။
“ကျောက်မီးသွေးစက်ရုံ လာဆောက်ဖို့ကို ကျွန်တော့်အနေနဲ့ အလိုမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ် ထူးတောင်ရွာတွင်နေထိုင်သည့် ဒေသခံပြည်သူတစ်ဦးဖြစ်သည့် စောဆတ်ထူးကလည်း အစိုးရအနေဖြင့် စီမံကိန်းနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ကဏ္ဍစုံတွင် ဖော်ပြပြောဆိုရန်နှင့် အများပြည်သူ၏ ပူးပေါင်းပါဝင်ဆွေးနွေး ၊ အကြံပြုမှုများကို အလေးအနက် ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
“အစိုးရအနေနဲ့ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။
၎င်းအပါအဝင် အဆိုပါဒေသတွင် နေထိုင်သူများအနေဖြင့် ကျောက်မီးသွေးစက်ရုံစီမံကိန်းပေါ်ပေါက်လာပါက အိမ်ခြေ၊ မြေယာတို့ ရွှေ့ပြောင်းရမည်ကို စိုးရိမ်ပူပန်နေသည်ဟု ဆိုသည်။
စီမံကိန်း ကန့်ကွက်ရာတွင် ပါဝင်သူများမှာ MATA အဖွဲ့၊ ဒေသခံရွာသူရွာသားများ၊ ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု လှုပ်ရှားမှုကွန်ရက် (KESAN)၊ ကျောက်မီးသွေးဆန့်ကျင်သူအမာခံအဖွဲ့တို့ ဖြစ်ကြသည်။
TTCL သည် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ရွာအနီး၌လည်း အလားတူပမာဏထွက်ရှိမည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရန် လေ့လာခဲ့သော်လည်း ဒေသခံများ ကန့်ကွက် ဆန္ဒပြမှုကြောင့် စီမံကိန်းကို ရပ်တန့်ထားရသည်။
လျော်ကြေးပေး
အစီရင်ခံစာထုတ်ပြန်ရန် တစ်ရက် အလိုတွင် ပြည်နယ်အစိုးရကလည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမြေနေရာအတွင်းရှိ စိုက်ပျိုးမြေ၊ စိုက်ပျိုးထားသော သီးနှံတို့အတွက် လျော်ကြေးပေးသည့် အစီအစဉ် အစပြုနေပြီဟု ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။
လျော်ကြေးငွေ အပုံလိုက် ရရှိသူတချို့၏ ဓာတ်ပုံများကိုလည်း သတင်းနှင့်အတူ တွေ့ရသည်။
စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ခေတ်မီအဆင့်မြှင့်နည်းပညာများကိုအသုံးပြုမည်၊ ဂျပန်နိုင်ငံမှ စက်သစ်ကြီးများဖြင့် တည်ဆောက်မည်ဟု သိရကြောင်း သတင်းတွင် ဖော်ပြထားသည်။



