
အောင်သပြေကျေးရွာ ပဋိပက္ခတွင်ပါဝင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အိုးဘိုထောင်အတွင်း ထိန်းသိမ်းထားရာမှ သေဆုံးသွားသော အောင်သပြေကျေးရွာသား၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိရကြောင်း သေဆုံးသူ၏အကို ဦးဇင်းဦးဝိမလက မိန့်သည်။
ဝဲဘက်နားထင်ဒဏ်ရာ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာနှင့် နဖူးသွေးဆို့ဒဏ်ရာတို့ တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ယင်းနှင့်ပတ်သက်၍ ထောင်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသေးပေ။
အလောင်းထုတ်ယူရာတွင် ရောက်ရှိလာသည့် အကျဉ်းထောင် အရာရှိတစ်ဦးကမူ ကိုထွန်းမြင့်ဝင်း သေဆုံးရခြင်းမှာ အရက်ကြောင်ပြီး သေဆုံးရခြင်းဖြစ်သည်ဟု ယူဆထားကြောင်း၊ ဆေးရုံမှမှုခင်းဆရာဝန်၏ ဆေးစစ်ချက်ရမှသာ အတည်ပြုပြောကြား နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ရာမှ ရွာသားများနှင့်ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွားနေသော အောင်သပြေကျေးရွာမှ အသက်၃၀ကျော် ကိုထွန်းမြင့်ဝင်း သည် ဇွန်လ၂ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခြင်းဖြစ်သည်။
စက်ရုံ မီးရှို့မှုတွင်ပါဝင်သည်ဟုဆိုကာ ကိုထွန်းမြင့်ဝင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၂ရက်မြောက်နေ့တွင် အိုးဘိုထောင်သို့ လွှဲပြောင်းထိန်းသိမ်းခဲ့ရာမှ နောက်တစ်နေ့တွင်သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသူမှာ ကုမ္ပဏီဝင်းအတွင်း လက်သမားလုပ်သူဖြစ်ပြီး အောင်သပြေကျေးရွာနှင့် ကုမ္ပဏီအကြား ဖြစ်ပွားခဲ့သည့်ပြဿနာများတွင် မပါဝင်ဘဲ ဇွန်လ၂ရက်နေ့က ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အောင်သပြေရွာရှိ ဦးရွှေအုန်းကပြောသည်။
“အဲဒီနေ့က အခြားဆိုက်တစ်ခုကို လက်သမားသွားလုပ်ရင်း ရွာလယ်လမ်းမှ ရဲကဖမ်းသွားတာပါ၊သူက ကုမ္ပဏီဆိုက်ထဲမှာ အလုပ်လုပ်ခဲ့တာ၊ ရွာနဲ့ကုမ္ပဏီပြဿနာဖြစ်ပြီး နောက်ပိုင်း မလုပ်တော့ဘဲနေတာ”ဟု ၎င်းကပြောသည်။
သေဆုံးသူ ကိုထွန်းမြင့်ဝင်းသည် ကုမ္ပဏီက လမ်းဖောက်ရာတွင် လမ်းမပေးခဲ့ဘဲ ကန့်ကွက်သဖြင့် လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသော အသက် ၇၀ ကျော် အဘွားဒေါ်အေး၏ သားဖြစ်သည်။
အဆိုပါ သေဆုံးသူမှာ အထိန်းသိမ်းမခံရမီက ရောဂါမရှိဘဲ ကျန်းကျန်းမာမာဖြင့် လုပ်ကိုင်စားသောက် နေသူဖြစ်ကြောင်း အောင်သပြေရွာမှ ဦးရွှေအုန်းက ပြောသည်။
အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။
စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
ယင်းကြောင့် ရွာသားတချို့က ကုမ္ပဏီခြံဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံတချို့ကို မီးရှို့ခဲ့ပြီး၊ မော်တော်ယာဉ်မှန်များကိုလည်း ဖျက်ဆီးခဲ့သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ရွာထိပ်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အများအပြား ချထားကာ ရာအိမ်မှူးအပါအဝင် သုံးဦးကို ဆွေးနွေးမည်ဟု ခေါ်ယူပြီး ထပ်မံဖမ်းဆီးခဲ့သည်။ ရွာသူရွာသားအနည်းဆုံး ၁၀ဦးခန့်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအများအပြားဖြင့် အမှုဖွင့်ထားသည်။