အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်မူဝါဒထွက်ပြီး ရက်ပိုင်းအတွင်း လက်နက်လျှောက်ထားသူ ရာချီရှိ

စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်တွင် အကျပ်အတည်းကြုံတွေ့နေသည့် အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ထောက်ခံသူများ လက်နက် တရားဝင်ကိုင်ခွင့်ရနိုင်သော လက်နက်၊ ခဲယမ်း မူဝါဒအသစ် ထုတ်ပြန်လိုက်ပြီးနောက် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနထံသို့ ရက်ပိုင်းအတွင်း လျှောက်လွှာရာချီ ရောက်လာသည်။

ပြည်ထဲရေးဝန်​ကြီး လက်မှတ်ရေးထိုးထားပြီး ရိုင်ဖယ်နှင့် စက်သေနတ်ပါ ကိုင်ခွင့်ပေးမည့် အမိန့်ထွက်လာသည်နှင့် လျှောက်လွှာများ ချက်ချင်းရောက်လာသည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

“ပြည်ထဲရေးဝန်ကြီးရုံးတစ်ခုလုံး လက်နက်ကိုင်ဆောင်ဖို့ လျှောက်တဲ့ကိစ္စတွေနဲ့ အလုပ်တွေ ရှုပ်နေကြတာ” ဟု ထိုရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်အဆင့် အရာရှိတစ်ဦးက ပြောသည်။

နိုင်ငံအနှံ့ တော်လှန်ပုန်ကန်မှုများဖြင့် ရင်ဆိုင်နေရသဖြင့် စစ်တပ်လက်နက်ကိုင်အင်အား လုံးပါးပါးနေရာ လက်နက်ကိုင်ခွင့်အမိန့်မှာ ယခုမှ အများသိဖြစ်လာသော်လည်း ထိုမတိုင်မီကတည်းက စစ်တပ်၏ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အာဏာသိမ်းမှုထောက်ခံသူ အရပ်သားများကို စစ်ကောင်စီက လက်နက်တပ်ဆင်ထားပြီးဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ကိုယ်ရေးအရာရှိများ၊ အာဏာသိမ်းမှု ထောက်ခံသူများ၊ ပျူစောထီးများကို လက်နက်တပ်ဆင်ပြီးမှသာ လက်နက်မူဝါဒကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးနှင့် အစိုးရဝန်ထမ်းအရာထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

“PSO (ကိုယ်ရေးအရာရှိ) အများစုကလည်း စစ်ဘက်က ပြောင်းလာတဲ့သူတွေလေ။ လက်နက်နဲ့ မစိမ်းဘူးဆိုတော့ ပေးထားတာ ကြာပြီ။ အချို့ဆို ခါးမှာ သေနတ်ကြီး ထိုးထားတာ” ဟု နေပြည်တော်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

အထက်ပါ မူဝါဒအရ အဖွဲ့လိုက် လက်နက်ကိုင်ဆောင်ခွင့်လျှောက်ရန် စစ်ကောင်စီက ခွင့်ပြုထားသည်။

ပြည်ထဲရေးဌာနသို့ လက်ရှိလျှောက်ထားမှုများအတွင်း တစ်ဦးချင်း၊ အဖွဲ့လိုက် မည်မျှပါဝင်သည်၊ မည်သူတို့ဖြစ်သည်ကို အသေးစိတ်အတည်မပြုနိုင်သေးပါ။

ဝန်ထမ်းနှင့် စစ်သားတို့မှာ သက်ဆိုင်ရာဌာနထံမှတစ်ဆင့်သာ လျှောက်ထားရမည်၊ ဝန်ထမ်းမဟုတ်သူများ လျှောက်ထားလိုပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ရဲစခန်းတို့၏ ထောက်ခံချက်ပါရမည်ဟု စစ်ကောင်စီ ထုတ်ပြန်သည့် ထိုမူဝါဒတွင် တွေ့ရသည်။

၁၉၇၇ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့်မူကို ပြန်လည် စိစစ်၊ ဖြည့်စွက်ထားသည့် လက်နက်မူဝါဒအသစ်တွင် လိုင်စင်ဖြင့် ကိုင်ဆောင်ရမည့် လက်နက်၊ ခဲယမ်းအမျိုးအစားနှင့် ပါမစ်ဖြင့် ကိုင်ဆောင်ရမည့် လက်နက်၊ ခဲယမ်းအမျိုးအစားများဟူ၍ ခွဲခြားထားသည်။

လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုမည့် လက်နက်အမျိုးအစားများတွင် ပစ္စတို၊ အမဲလိုက်သေနတ်၊ လေသေနတ်ကဲ့သို့သော အသေးစားလက်နက်များ ပါဝင်သည်။

ခွင့်ပြုချက်ပါမစ်ဖြင့် ကိုင်ဆောင်ရမည့် လက်နက်အမျိုးအစားများတွင် ရိုင်ဖယ်နှင့် စက်သေနတ်များ ပါဝင်မည်ဖြစ်ပြီး ထိုလက်နက်မျိုးကို တရားဥပဒေစိုးမိုးရေး အကြောင်းပြ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်၊ လက်နက်ပေးထားရန် မလိုအပ်တော့ဟု စစ်ကောင်စီက ယူဆချိန်တွင် နီးစပ်ရာ မြို့နယ်ရဲစခန်းသို့ ပြန်အပ်ရမည်ဖြစ်သည်။

လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူများသည် အမျိုးအစားမတူညီသည့် လက်နက်အမျိုးအစား ၃ မျိုးအထိ ကိုင်ဆောင်ခွင့်ရှိမည်၊ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်လာပါက အာဏာပိုင်အဖွဲ့အစည်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ထိုအချက်မှာ စစ်တပ်ထောက်ခံသူ ဝန်ထမ်းများကို မြို့စောင့်တပ်များအဖြစ် အသုံးပြုကာ အသေခံတိုက်ခိုင်းရေးအတွက် ထည့်သွင်းထားသည့် ပုဒ်မများဖြစ်သည်၊ စစ်မှုထမ်းခိုင်းကာ စစ်ကောင်စီကို အကာအကွယ်ပေးခိုင်းသည့် သဘောမျိုး ဖြစ်နေသည်ဟု ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်သည်။

“သူတို့ မနိုင်တော့ဘူး၊ သူတို့ တရားဥပဒေစိုးမိုးရေး မနိုင်တော့ဘူး၊ သူတို့ မနိုင်တော့ဘူး။ ဒါကြောင့်မို့လို့ စ.က.စ ကို ဝိုင်းပြီး ကာကွယ်ပေးကြပါဆိုပြီးတော့ ပျူစောထီးတွေ၊ မျိုးချစ်ရဲဘော်ဟောင်းတွေ၊ ဘုန်းကြီးတွေကိုပေါ့” ဟု ၎င်းက ပြောသည်။

မန္တလေး၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျူစောထီးများကို ၂၀၂၂ ဇူလိုင် ၃၀ တွင် လက်နက်တပ်ဆင်ပေးနေစဉ်။ (ဓာတ်ပုံ – MDY Image fb Page)

စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များကို စစ်သင်တန်းပေးနေပြီး လက်နက်များပါ ချပေးမည့် သတင်းများမှာ ယမန်နှစ် နှစ်ကုန်ပိုင်းကပင် ထွက်ပေါ်နေခဲ့သည်ဟု ထိုပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ထုတ်ပေးမှုများ၊ ကြံ့ခိုင်ရေးပါတီ၏ ပြောဆိုစည်းရုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးပေ။

သို့သော် စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်က အစိုးရဌာန လက်ထောက်ညွန်မှူး၊ ဗိုလ်ကြီးဟောင်းတစ်ဦးကို တော်လှန်ရေးအဖွဲ့က ပစ်ခတ်လုပ်ကြံရာတွင် ၎င်းထံမှ သေနတ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိထားသည်။

ထို့အပြင် ယမန်နှစ်အတွင်းကပင် ခုခံမှုအားကောင်းရာ ဒေသများတွင် စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသူများကို အခမ်းအနားနှင့်တကွ လက်နက်တပ်ဆင်ပေးပြီးဖြစ်ရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မန္တလေးတို့ပင် ပါဝင်သည်။

စစ်ကောင်စီက ပြည်သူ့စစ်ဟု ခေါ်ဆိုသည့် ထိုအဖွဲ့များကို အများပြည်သူက ပျူစောထီးဟု ခေါ်ဆိုကြသည်။ လွန်ခဲ့သည့် နှစ်နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူပိုင် အိုးအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့်တွဲ၍ ပျူစောထီးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကို အထင်အရှားတွေ့ရသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် စစ်တပ်နှင့် ရဲ အရာရှိဟောင်းများကို တော်လှန်ရေးအဖွဲ့တို့က သတင်းပေးဟု စွပ်စွဲ၍ ပစ်ခတ်လုပ်ကြံမှုများ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles