အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနိုင်ငံ ရနောင်းတွင် လချီအချုပ်ကျခဲ့သည့် မြန်မာအလုပ်သမားများ လွတ်မြောက် 

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတွင် လနှင့်ချီ အချုပ်ကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇၀ ကို ယနေ့ (ဖေဖော်ဝါရီ ၂ရက်) တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းလိုက်ပြီဟု သိရသည်။ 

နံနက် ၉ နာရီကျော်တွင် ထိုင်းအာဏာပိုင်များက အလုပ်သမားများကို လွှဲပြောင်းခဲ့ခြင်းဖြစ်ကာ  မြန်မာနိုင်ငံဘက်မှ ရေတပ်နှင့်သံရုံးတို့က လက်ခံကာ နေရပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်နေသည့် Foundation for Education and Development (FED) အဖွဲ့၏ ရနောင်းမြို့တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်က ပြောသည်။

“အချုပ်ခန်းထဲမှာ ရှိတဲ့သူတွေတော့ လွှဲလိုက်ပြီ။ ဟိုဘက် (ထိုင်းရှိအခြားအချုပ်ခန်းများ) က ထပ်လွှဲလာတဲ့လူလည်း ရှိဦးမှာပေါ့။ ဒီနေ့ သန့်ရှင်းရေးလုပ်ပြီးရင် နောက်နေ့လောက် ကျန်တဲ့စခန်းတွေကနေ လွှတ်ချုပ် (လဝကအချုပ်) ကို ပြန်လွှဲဦးမှာ” ဟု ၎င်းက ဆိုသည်။

အချုပ်ကလွတ်ပြီး နေရပ်ပြန်ခွင့်ရသူများမှာ အမျိုးသား ၅၃၄ ဦးနှင့် အမျိုးသမီး ၁၃၆ ဦး ပါဝင်ကြောင်း၊ ကျန်းမာရေးမကောင်းသဖြင့် တွဲခေါ်လာရသည့် အမျိုးသားနှစ်ဦးလည်း ပါဝင်ကြောင်း ဦးထွန်းထွန်းနိုင်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဒေသခံ အလုပ်သမားများကို ကော့သောင်းမြို့တွင် ချပေးမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများကိုမူ ရန်ကုန်အထိ စစ်သင်္ဘောဖြင့် ပို့ပေးမည်ဟု ၎င်းက ပြောသည်။

“စစ်သင်္ဘောတွေ ခွဲပြီးတော့ မြိတ်ဆိုရင် မြိတ်။ ဘုတ်ပြင်းဆိုရင် ဘုတ်ပြင်းကိုဝင်မယ်။ နီးစပ်ရာ ခရိုင် အတွင်းက နေရာတွေပါတဲ့လူတွေကို ချပေးမယ်လို့ကြားတယ်။ ပြီးရင် ရန်ကုန်ထိကို စစ်သင်္ဘောနဲ့တိုက်ရိုက်သွားမယ်”

တနင်္သာရီတိုင်းရှိ တိုက်ပွဲများကြောင့် လမ်းခရီးလုံခြုံရေးအကြောင်းပြကာ ဇန်နဝါရီလတွင် ရနောင်းအချုပ်ခန်းရှိ အလုပ်သမားများကို မြန်မာအာဏာပိုင်များဘက်က လက်မခံသဖြင့် အလုပ်သမားရာနှင့်ချီ လပေါင်းများစွာ အချုပ်ခန်းတွင်း ပိတ်မိနေခြင်းဖြစ်သည်။

အချုပ်ခန်းတွင်း ပြည့်ကျပ်နေပြီး သုံးရေမလုံလောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အလုပ်သမားများက မခံနိုင်တော့သည့်အဆုံး ဇန်နဝါရီ ၂၈ တွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ဆန္ဒပြသဖြင့် ထိုင်းနှင့်မြန်မာအာဏာပိုင်များ ညှိနှိုင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းတောင်ပိုင်း ၁၄ ခရိုင်မှ အကျဉ်းသား၊ အချုပ်သားများကို ၎င်းတို့ပြစ်ဒဏ်ကျခံပြီးသည့် နေရာအသီးသီးမှ ရနောင်းမြို့ လဝကအချုပ်ခန်းသို့ လွှဲပြောင်းပေးခြင်းဖြစ်ပြီး ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်ခိုးဝင်မှုကြောင့် အဖမ်းခံရသူများဖြစ်သည်ဟု ဆိုသည်။

“အခုလိုပဲ အမြန်ဆုံးနည်းနဲ့ ခေါ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်သားတွေ အဆင်ပြေတာပေါ့ ဒုက္ခသိပ်မရောက်ကြဘူးပေါ့။ အဲဒါမျိုး များများလုပ်ပေးနိုင်ရင် ပိုပြီးအဆင်ပြေတာပေါ့”ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ အဆိုအရ အဖမ်းခံရပြီး ပြန်လည်လွှဲပြောင်းခြင်း ခံရသော်လည်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင်းသို့ တစ်နည်းနည်းဖြင့် မဖြစ်မနေ ပြန်လည်ဝင်ရောက်ကြသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊စစ်ကောင်စီ၏ဖမ်းဆီးမှုနှင့် ဒေသအနှံ့အပြားရှိ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်လုပ်သူ များသထက်များလာနေသည်။

ထိုသို့ ရွှေ့ပြောင်းအလုပ်လုပ်ရာတွင် နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် သွားသူများရှိသော်လည်း အများစုမှာ လူမှောင်ခိုပွဲစားများကို ထိုင်းငွေဘတ် သောင်းဂဏန်းအထိပေးကာ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်ကြခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles