အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သန်းရွှေလမ်းစဉ်အတိုင်း မင်းအောင်လှိုင်လည်း နိုင်ငံပိုင်စက်ရုံကြီးများကို ရောင်းထုတ်မည်

အာဏာရှင်ဟောင်း ဦးသန်းရွှေလမ်းစဉ်အတိုင်း လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ပုဂ္ဂလိကလွှဲပြောင်းလုပ်ကိုင်စေခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် စက်ရုံကြီးများကို ရောင်းထုတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပိုင် ဓာတ်ဆီဆိုင်များနှင့် ရုပ်ရှင်ရုံများ အပါအဝင် စက်ရုံအလုပ်ရုံပေါင်း ၇၈၂ ခုကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခဲ့ရာ စစ် ဗိုလ်ချုပ်များ၏ မိသားစုများနှင့် ခရိုနီများ ရရှိခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့စိတ်ကြိုက် ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် နိုင်ငံရေးအကူးအပြောင်း မစတင်မီ နိုင်ငံပိုင် စက်ရုံအလုပ်ရုံကြီးများကို ပေါချောင်ကောင်းဈေးဖြင့် ပုဂ္ဂလိက လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၁၉၉၅ မှ ၂၀၁၁ အထိ ပုဂ္ဂလိကကို လွှဲပြောင်းရောင်းချခဲ့သော နိုင်ငံပိုင် မြေ၊ အဆောက်အအုံနှင့် လုပ်ငန်းများ။

ယခုအခါ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေးအောက်တွင်လည်း အလားတူပြုလုပ်ရန် စီစဉ်နေပြီဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကွေးတိုင်း မင်းလှရှိ မန်းသံပရာကန်ရေနံချက်စက်ရုံ အပါအဝင် နိုင်ငံပိုင် အကြီးစားစက်ရုံများကို Private Public Partnership (PPP) စနစ်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူများ အဆိုပြုရန် စစ်ကောင်စီက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဆက်တိုက်ဆိုသလို ကြေညာနေသည်။

စစ်ကောင်စီကြေညာထားသည့် နိုင်ငံပိုင်စက်ရုံများမှာ စက်မှုဝန်ကြီးဌာန အမှတ် (၂၄) အကြီးစားစက်ရုံအောက်ရှိ ရန်ကုန်မှ ဆိုလာအလုပ်ရုံ၊ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ဓာတ်ငွေ့အလုပ်ရုံ၊ LED မီးသီးအလုပ်ရုံ၊ ဧရာဝတီတိုင်း ပုသိမ်ရှိ အကြီးစားမှန်စက်ရုံ၊ မကွေးတိုင်း ချောင်မြို့နယ်ရှိ ကြွေသီးထုတ်လုပ်ရေးအကြီးစားစက်ရုံ၊ သရက်မြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံ၊ ညောင်ဦးမြို့ရှိ ဝင်းသူဇာအရောင်းအဆိုင်၊ ပဲခူးတိုင်း ဒိုက်ဦးရှိ ကော်မှုန့်စက်ရုံနှင့် စိုက်ကွင်းလုပ်ငန်း၊​ မွန်ပြည်နယ် သထုံရှိ တာယာစက်ရုံတို့ဖြစ်သည်။​

ချောက်ရေနံမြေရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံကို BOT စနစ်ဖြင့် လွှဲပြောင်းလုပ်ကိုင်စေမည် ဖြစ်ကာ ကျန်စက်ရုံများကို PPP စနစ်ဖြင့် အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို အသစ်ပြန်ဖွဲ့စည်းခဲ့ကာ နိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်မြေကွက်များနှင့် အဆောက်အအုံများကို ဆက်တိုက်ဆိုသလို ရောင်းထုတ်ခဲ့သည်။

အဆောက်အအုံများ အပါအဝင် နိုင်ငံပိုင် မြေကွက် ၂၇ ခုကို ရောင်းချရန် စစ်ကောင်စီ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း တင်ဒါခေါ်ယူခဲ့သည့်နည်းတူ အလားတူ မြေကွက်ရောင်းချရေး တင်ဒါများ မကြာခဏ ကြေညာခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံပိုင် အကြီးစားသံမဏိစက်ရုံကြီးနှစ်ခုကို ရုရှားကုမ္ပဏီများနှင့် လုပ်ကိုင်ရန် ကြိုးပမ်းနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးရှိ ပင်းပက်သံမဏိစက်ရုံကို ရုရှားနိုင်ငံပိုင် Tyazhpromeexport (TPE) နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပူးပေါင်းလုပ်ကိုင်မည်ဟု သိရသည်။

အဆိုပါ စက်ရုံများမှာ နှစ်စဉ်အရှုံးပြနေသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့သည်။

ခေတ်အဆက်ဆက်တွင် အရှုံးပြခဲ့သည့် စက်ရုံများဖြစ်သော်လည်း မြေနေရာနှင့် အဆောက်အအုံများမှာ တန်ဖိုးရှိသဖြင့် စစ်ကောင်စီ၌ ရည်ချက်ရွယ်နှစ်မျိုးရှိနိုင်သည်ဟု ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စောင့်ကြည့်နေသည့် ရန်ကုန်မြို့မှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

“ရည်ရွ​ယ်ချက်က နှစ်မျိုးဖြစ်နိုင်တယ်။ တစ်ခုကတော့ သူတို့လူတွေယူဖို့ပေါ့။ နိုင်ငံတော်ပိုင်တွေကို သူတို့လက်ထဲ ရောက်အောင်။ နောက်တစ်ခုက ပြည်တွင်းကို အားပေးမယ်ဆိုပြီးပေါ့လေ။ မဆလခေတ်ကတည်းက ဒီတိုင်းလုပ်နေလို့ တိုင်းပြည်က မတိုးတက်တာလေ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်ကတည်းက အချို့သော နိုင်ငံပိုင်စက်ရုံများနှင့် ပတ်သက်၍ EOI (Expression of Interest) တင်နေကြခြင်းဖြစ်ကာ နှစ်ကြိမ်သုံးကြိမ်ပင် ရှိနေပြီဖြစ်ကြောင်းလည်း သူက ထောက်ပြသည်။

ရွေးကောက်ခံ အရပ်သားအစိုးရဖြစ်သော NLD လက်ထက်တွင် အရှုံးပေါ်နေသော နိုင်ငံပိုင် စက်ရုံကြီးများကို လုပ်ငန်းရပ်ဆိုင်းစေပြီးနောက် ပုဂ္ဂလိကစနစ်ဖြင့် လည်ပတ်လုပ်ကိုင်စေရန် ကြိုးပမ်းခဲ့ဖူးသည်။

နှစ်စဉ်အရှုံးပြနေသော နိုင်ငံပိုင်စက်ရုံအများစုမှာ ဝန်ကြီးဌာနအချို့အောက်တွင် ရှိနေပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ လုပ်ကိုင်ခဲ့သော နိုင်ငံပိုင်စက်ရုံများလည်း ရှိသည်။​

၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော သယံဇာတအုပ်ချုပ်မှု အင်စတီကျူ့ (NRGI) ၏ အစီရင်ခံစာအရ စက်မှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စက်ရုံများမှာ အများဆုံးအရှုံးပေါ်နေပြီး ၂၀၁၆ ခုနှစ်တွင် ဆုံးရှုံးတန်ဖိုး ကျပ် ၃၃၆ ဘီလျံရှိခဲ့သည်။

“အရင်ခေတ်တုန်းကတောင် Risk (ဆုံးရှုံးနိုင်ခြေ) များလို့ ဘက်ပေါင်းစုံ​စဉ်းစားနေရတဲ့ဟာကို၊ ဓာတ်မြေဩဇာစက်ရုံတွေရော ဘာရော ခေါ်နေတာ ကြာလှပြီ။ ကြည့်ရတာ ပုဂ္ဂလိကက မယူဘူး ထင်တယ်” ဟု အထက်ပါ စောင့်ကြည့်လေ့လာသူက ဆိုသည်။

စစ်တပ်မှ အသွင်ပြောင်းလာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံပိုင် စက်ရုံအလုပ်ရုံ အများအပြားကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာတွင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ထိပ်သီးလုပ်ငန်းရှင်ကြီးများ ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများရောင်းချရန် တင်ဒါ။

စက်မှုဝန်ကြီးဌာန တစ်ခုတည်းအောက်၌ပင် နိုင်ငံပိုင် စက်ရုံအလုပ်ရုံပေါင်း ၁၀၇ ခုရှိပြီး ၅၅ ခုကို ပုဂ္ဂလိက သို့လွှဲပြောင်းထားပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း အစည်းအဝေးတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့သည်။​

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် အဖိုးတန်မြေကွက်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းခဲ့ရတွင် စစ်တပ်ပိုင် ကုမ္ပဏီ၊ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများသာ ရရှိခဲ့သည်။ လွှဲပြောင်းရောင်းချခဲ့သည့် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်များအနက် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ရရှိခဲ့သော ဆိုင်များမှာ နေရာကောင်းများရှိ မြဝတီဆိုင်များဖြစ်သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆယ်နှစ်ကျော်ကာလအတွင်း နိုင်ငံပိုင်ပစ္စည်း ၂၀၀ စွန်းစွန်းသာ ရောင်းချခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲမစတင်မီ ၂၀၀၈ မှ ၂၀၁၁ အထိ နှစ်နှစ်ကျော်အတွင်း ရောင်းချခဲ့သည့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံပေါင်းမှာ ၅၆၀ အထိရှိသည်။ 

၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ မကျင်းပမီကာလနှင့် ၂၀၁၁ နှစ်ဆန်းတွင် နိုင်ငံပိုင်စက်ရုံနှင့် လုပ်ငန်း ၁၁၀ ကို တစ်ပြိုင်တည်းရောင်းချရန်အတွက် စစ်တပ်က သတင်းစာများတွင် ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button