အစည်းအဝေးရှိသည်ဆိုကာ လိမ်ခေါ်၍ ကုန်သွယ်ရေးအေဂျင့်များကို စစ်ကောင်စီက စစ်ဆေးထိန်းသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ကုန်သည်အချို့ထံမှ သိရသည်။
ယခုလ ၉ ရက်နေ့ ညနေပိုင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းအတွက် အကောက်ခွန်ရှင်းလင်းရေး လုပ်ကိုင်သည့် အေးဂျင့် ၂၃ ဦးကို စစ်ကောင်စီ၏ ရှမ်းမြောက် စစ်ဗျူဟာမှူးက ခေါ်ယူစစ်ဆေးပြီး ၁၈ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ခဲ့သော်လည်း ၄ ဦး ဖမ်းဆီးခဲ့သည်။
လက်နက်ကိုင် တော်လှန်ရေးလုပ်နေသူများကို ငွေကြေးထောက်ပံ့သည်ဆိုသော သံသယဖြင့် စစ်တပ်က ကုန်သွယ်ရေးအေးဂျင့်များကို ခေါ်ယူစစ်ဆေး ဖမ်းဆီးပြီးနောက် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ရပ်ဆိုင်းသွားခြင်းဖြစ်သည်။
“အေဂျင့်တွေက မသွားတော့ဘူး။ ဂျူတီဆောင်မယ့်နေရာ၊ အခွန်ဆောင်မယ့်နေရာ မသွားတော့ဘူး။ လုပ်ငန်းရှိမယ့်နေရာ မသွားတော့ဘူး။ မသွားတော့ဘူးဆိုတော့ လုပ်ငန်းက ရပ်သွားရော” ဟု အမည်မဖော်လိုသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ယနေ့ (စက်တင်ဘာ ၁၄) ပြောသည်။
ကျင်းစန်းအမည်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကုန်ကားအစီးရေ ၁၅၀ ဝန်းကျင် အဝင်အထွက်ပြုလေ့ရှိသော်လည်း လက်ရှိတွင် အေးဂျင့်လုပ်ငန်းများနည်းတူ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားကြောင်း ၎င်းက ပြောသည်။
မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ စသည့်လယ်ယာထွက်ကုန်များနှင့် ရေ ထွက်ကုန်များ တင်ပို့ပြီး တရုတ်ဘက်မှ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် အထည်အလိပ် ကုန်ကြမ်းများ တင်သွင်းကြောင်း ကုန်သည်များထံမှ သိရသည်။
အေဂျင့်များ အဖမ်းရပြီး နောက်တစ်ရက်တွင် ကုန်သွယ်ရေးဇုန်အတွင်း အေဂျင့်မရှိတော့သဖြင့် ပို့ကုန်၊ သွင်းကုန် အကောက်အခွန်ရှင်းလင်းပေးသည့် လုပ်ငန်းများရပ်နားထားကြောင်း မူဆယ်အခြေစိုက် ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အဲ့ဒီနေ့နောက်ပိုင်း မန္တလေးကနေ ဆန်အတင် တော်တော်များများက ရပ်သွားကြတယ်။ ရောက်ပြီးသား ဟာတော့ ထွက်တော့ ထွက်နေသေးတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခင်က တစ်ရက်လျှင် ဆန်နှင့် ဆန်ကွဲတင်ကုန်ကား ၄၀ စီးခန့် ဝင်လေ့ရှိသော်လည်း ထပ်မံတင်ပို့မှုကို စာရင်းမရရှိကြောင်းလည်း ထိုလုပ်ငန်းရှင်က ဆိုသည်။
အေဂျင့်များသည် စစ်ကောင်စီလက်အောက်ခံဌာနများအပြင် ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့များ အတွက် အခွန်ပေးဆောင်မှုများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကာ စစ်ဆေးဖမ်းဆီးမှုများကြောင့် အခက် ကြုံနေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံတပ်များ၊ ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် စစ်အာဏာသိမ်းပြီးနောက် ငွေကြေး တောင်းခံသည့်ဂိတ်များ အလျှိုလျှိုပေါ်ပေါက်လာကာ ကုန်သွယ်မှု ကုန်ကျစရိတ်ကြီးလာကြောင်း အခြား ကုန်သည်တစ်ဦးက ဆိုသည်။
မူဆယ်ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပမာဏကျဆင်းလျှက်ရှိသည်။
စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ဧပြီမှ စက်တင်ဘာအထိ မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိခဲ့သော်လည်း ၂၀၂၂ ကာလတူ တွင် ၈၆၈ သန်းသာရှိကာ ဒေါ်လာ ၂၂၃ သန်းကျဆင်းသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



