အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA နှင့် ဆက်စပ်သည်ဆိုသော ပလက်ဝမြို့ခံနှစ်ဦး အမှုဖွင့်ခံရ

ဇွန်လဆန်းပိုင်းက ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသော ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှ အသက်ကြီးပိုင်းဒေသခံအမျိုးသားနှစ်ဦးသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့်  အမှုဖွင့်ခံထားရသည်။  

ဇွန်လ ၄ ရက်၊ ည ၉ နာရီခန့်တွင် စစ်တပ်က ပလုတ်တောင်ရပ်ကွက်နေသူ ၅၇ နှစ်အရွယ် ဦးမောင်မဲကျော့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီး တစ်ပတ်ခန့်အကြာ အသက် ၆၀ အရွယ် ရာအိမ်မှူးဦးမောင်ဝင်းကို ဖမ်းဆီးခြင်း ဖြစ်သည်။ 

ပလက်ဝမြို့အရှေ့ဘက် တစ်မိုင်ကျော်ခန့်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ တွင် ချုပ်နှောင်ခံထားရသော အဆိုပါ ရခိုင်တိုင်းရင်းသားနှစ်ဦးကို ဇွန် ၂၈ ညအချိန်၌ ပလက်ဝမြို့မခံရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း၊ စစ်တပ်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း မိသားစုဝင်များက ပြောသည်။

နောက်တစ်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးက ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ဇူလိုင် ၁၅ သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ရာအိမ်မှူး ဦးမောင်ဝင်း၏ သမီးဖြစ်သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘာကြောင့် အဲဒီပုဒ်မနဲ့ တရားစွဲလဲဆိုတာကို မသိရဘူး။ ဖမ်းသွားတာက ဦးမောင်မဲကျော့ဆိုသူကို အရင် ဖမ်းသွားတယ်။ တစ်ပတ်လောက်ကြာမှ အဖေကို ထပ်ဖမ်းသွားတာပါ။ ဖမ်းပြီးတော့ ၂၈၉ ကို ခေါ်သွားတာ” ဟု ဆိုသည်။

ခလရ ၂၈၉ တပ်ရင်းတွင် ဖမ်းဆီးဆေးစဉ် ရိုက်နှက်ခံရသည်ဟု ဦးမောင်မဲကျော့၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အဲဒီမှာ ရိုက်တာတွေ ပုတ်တာတွေရှိလား မေးကြည့်တော့ ရိုက်ခံရတာ ရှိတယ်လို့ ပြောပါတယ်။ ထုထောင်းတယ်လို့ ပြောတယ်။ ဒဏ်ရာတွေဘာတွေ ပါမပါကို ကြည့်ဖို့မရလိုက်ဘူး။ ခဏလေး ရုံးထုတ်ခဲ့တာပါ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။   

“ခေါ်သွားတုန်းကတော့ အေးအေးဆေးဆေး ဘာမှမလုပ်ဘူးလို့ ပြောပါတယ်။ ၂၈၉ ကို သွားတဲ့အချိန်မှာ ခေါင်းကို အိတ်အမဲတစ်လုံးနဲ့ ချုပ်လိုက်တယ်လို့ ပြောပါတယ်”

ထိုနှစ်ဦးကို ဖမ်းဆီးထားစဉ် ရိုက်နှက်သည်ဆိုသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ပလက်ဝမြို့ စစ်ကောင်စီတပ်၊ ရဲတို့ထံမှ တုံ့ပြန်ချက် မရနိုင်သေးပေ။

ရက္ခိုင့်တပ်တော်နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်၊ ထောက်ပံ့ကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း အမှုဖွင့်ခံထားရသူနှစ်ဦးနှင့် နီးစပ်သူ ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရက္ခိုင့်တပ်တော်ကို ဆက်သွယ်လို့၊ ရက္ခိုင့်တပ်တော်ကို ကူညီလို့ တရားစွဲတယ်လို့ ကြားပါတယ်။ အမှန်က သူတို့က ရိုးရိုးသားသားလုပ်စားနေကြသူတွေပါ။ ကျပန်းအလုပ်လုပ်စားနေကြတာ”ဟု ထိုသူက ဆိုသည်။

ရာအိမ်မှူး ဦးမောင်ဝင်းတွင် ဇနီးနှင့် သားသမီး ၆ ဦးရှိကြောင်း သိရပြီး အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ 

“အမြန်ပြန်လွှတ်ပေးစေချင်တယ်။ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့ပဲ ပြောတယ်။ အဖေနဲ့တော့ မတွေ့ရသေးဘူး။ မေမေနဲ့တော့ ရုံးထုတ်တဲ့အချိန်က တစ်ခေါက်တွေ့ရတယ်” ဟု သူက ပြောသည်။ 

ပုဒ်မ ၅၀၅ (က) သည် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက ထောင်ဒဏ်အများဆုံး နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆသူများကို ၅၀၅ (က)၊ ၅၀၅-က တို့ဖြင့် အများဆုံး တရားစွဲဆိုလေ့ရှိပြီး AA နှင့် စစ်ရေးတင်းမာနေသော ဒေသများတွင်ပါ ထိုပုဒ်မကို အသုံးပြုကာ အရပ်သားအများအပြားကို ဖမ်းဆီး အမှုဖွင့်နေသည်။ 

အိမ်ထောင်ဦးစီးဖြစ်သည့် ဖခင်ဖြစ်သူ ဖမ်းဆီးခံရမှုကြောင့် မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း ဦးမောင်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဖမ်းတာကတော့ စကားတစ်ခွန်းနှစ်ခွန်း မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ကျွန်မတို့က ဆင်းရဲတယ်။ ကျောက်ခွဲတဲ့အလုပ် လုပ်စားကြတာပါ။ အခု ငွေလည်းမရှိ၊ ရှာပေးဖို့ လူကလည်းမရှိ၊ ရှာစားဖို့ကလည်း မရ၊ အငတ်ငတ် အမွတ်မွတ်နဲ့ အဲဒီလိုနေရတယ်” ဟု သူက ပြောသည်။

ပလက်ဝမြို့နယ်သည် ပြီးခဲ့သည့်မေ ၂၆ က အဘောင်သားကျေးရွာအနီး AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဒေသဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ပလက်ဝ – ကျောက်တော် ပြေးဆွဲနေသည့် ရေယာဉ်များကို အသွားအလာကန့်သတ်ထားသောကြောင့် ကုန်စည်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံအများအပြားမှာ အခက်ကြုံနေကြရသည်။

ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယခင်ကာလများကကဲ့သို့ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ရေးတင်းမာနေသော အခြေအနေတွင် ဒေသခံတို့ ထိတ်လန့်နေကြောင်း ပလက်ဝမြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ပြောရမယ်ဆိုရင် ကျွန်မတို့ ဟင်းခင်းမှာ ဗမာစစ်သားတွေလည်း ရောက်တယ်။ ဗမာစစ်တပ် တပ်မ ၅၅ ကလည်း လာတယ်။ ဟင်း (ရွက်) တွေကို ကျောပိုးအိတ်နဲ့ လေးငါးခြောက်အိတ် အဲဒီလို ခူးပြီးယူသွားကြတယ်။ နောက်ပြီးတော့ ရက္ခိုင့်တပ်တော်ဘက်ဆိုလည်း ရောက်လာတယ်။ ဗမာတပ်မတော်ကိုလည်း ကြောက်ရသလို ရက္ခိုင့်တပ်‌တော်ကိုလည်း ကျွန်မတို့မှာ ကြောက်နေရပါတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

ယခင်တိုက်ပွဲများ ပြင်းထန်စဉ်ကလည်း AA သံသယဖြင့် ဒေသခံအများအပြားကို ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ပြီး AA ကို အပစ်ရပ်ထားစဉ် ယမန်နှစ် မတ်လအတွင်း AA ကို မတရားအသင်းအဖြစ်မှ စစ်ကောင်စီက ပယ်ဖျက်ပေးခဲ့သည်။

ထို့နောက် ရခိုင်ဒေသ၌ စစ်ရေးတင်းမာလာချိန်တွင်မူ AA နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံရသူတို့ကို ၅၀၅ ဖြင့် အမှုဖွင့်နေသလို PDF သံသယဖြင့်လည်း စစ်ကောင်စီက အမှုဖွင့်နေသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles