စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုရွာကို မေ ၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်က သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင် အရပ်သား ၉ ဦးကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာ – ဘုတလင် – ရေဦး ကားလမ်းဘေးတွင် တည်ရှိသည့် ထိုရွာကို ထိုနေ့ ညနေပိုင်းတွင် ရောက်လာစဉ် သတ်ဖြတ်ခံရသည့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးက ရွာမြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ ယောဂီကျောင်းတွင် ခိုလှုံနေခြင်းဖြစ်သည်ဟု သိရသည်။
၉ ဦးလုံး ဦးခေါင်းကျည်ထိဒဏ်ရာနှင့် သေဆုံးသည်ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် အုတ်ဖိုရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အကုန်ခေါင်းတွေချည်းပဲ ပွင့်တာ။ ဦးနှောက်တွေချည်းပဲ။ ဘယ်နေရာမှ မပစ်ဘူး။ ခေါင်းပဲပစ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။
“ကျောင်းထဲက အဆောက်အအုံက ခပ်ကျဉ်းကျဉ်းပဲ။ ပစ်ပြီးတော့ အလောင်းတွေကို တန်းစီထားတာ။ တန်းစီထိုင်ခိုင်းပြီးတော့ ပစ်တာ။ တခြားဒဏ်ရာမရှိဘူး။ ရိုက်တာနှက်တာမရှိဘူး။ ခေါင်းတွေချည်းပဲ ပစ်တာ”
သေဆုံးသူများမှာ ၈၂ နှစ်အရွယ် ဦးခင်ဆောင်၊ ၆၅ နှစ်အရွယ် ဦးဝင်းမောင်၊ ၆၇ နှစ်အရွယ် ဦးဘိုတင်၊ ၄၇ နှစ်အရွယ် ဦးစိုး၊ ၄၆ နှစ်အရွယ် ဦးကျော်မျိုးထွန်း၊ ၄၇ နှစ်အရွယ် ဦးဖိုးဆိတ်၊ ၄၅ နှစ်အရွယ် ဦးဗေဒါ၊ အသက် ၄၅ နှစ်အရွယ် ဦးနီ နှင့် အသက် ၃၀ အရွယ် မမိုးမိုးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မမိုးမိုး၏ ၅ နှစ်ဝန်းကျင်အရွယ် သမီးဖြစ်သူမှာ အတူနေစစ်ဘေးရှောင်နေသူများက ပွေ့ချီကယ်ဆယ်ခဲ့သည့်အတွက် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
အလောင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် ဒေသခံတို့က ရုပ်အလောင်းများကို ယမန်နေ့ (မေ ၃) နံနက် ၈ နာရီဝန်းကျင်တွင် တွေ့ရှိပြီးနောက် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း ပြောသည်။
စစ်တပ်၏လုပ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဖြစ်ရပ်အကြောင်း ဖော်ပြမထားပေ။
သတ်ဖြတ်မှု ကျူးလွန်သော စစ်ကြောင်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့်၊ ပဲခူးအခြေစိုက်တပ်ဖြစ်သည့် တပ်မ ၇၇ မှ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မေလ ၁ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ နမခမှ ထွက်လာသည့် အင်အား ၁၅၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီတပ်များသည် ထိုနေ့ ညပိုင်းတွင် ဘုတလင်မြို့သို့ ရောက်ရှိလာခဲ့သည်၊ ထိုအထဲမှ ထက်ဝက်ခန့်မှာ မေ ၂ တွင် ဘုတလင်မြို့ မြောက်ဘက်သို့ ဦးတည်ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုစစ်ကြောင်း ဘုတလင်မြို့မှ ၃ မိုင်ခန့်အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ အုတ်ဖိုရွာကို ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်လာသည့်အတွက် ဒေသခံများမှာ ရွာနှင့် တစ်မိုင်ခန့်အကွာရှိ ယောဂီကျောင်းတွင် ခိုလှုံနေစဉ် ထိုနေရာအထိပါ စစ်တပ်က ထပ်မံထွက်လာသည့်အတွက် ထပ်ဆင့်ရှောင်တိမ်းခဲ့ရကြောင်း ရွာသားများထံမှ သိရသည်။
“စစ်ကြောင်းမလာခင် ပုန်းနေတာက အယောက် ၄၀ လောက်ရှိတာ။ အရွယ်ကြီးတာတွေက မပြေးနိုင်တော့ ကျောင်းမှာ နေရစ်ခဲ့ကြတာပါ့။ ကျန်တဲ့အရွယ်ကောင်းတွေ၊ မိန်းကလေးတွေက ထပ်ပြေးရတာပါ့” ဟု အုတ်ဖိုရွာ ဒေသခံ အမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်များသည် အုတ်ဖိုရွာအတွင်းရှိ နေအိမ် အလုံး ၂၀ နီးပါးကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် ကား ၁ စီး၊ ထော်လာဂျီ ၁ စီးနှင့် နွားလှည်း ၁ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုစစ်ကြောင်းသည် မေ ၂ ရက်ညက အုတ်ဖိုရွာဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့ပြီးနောက် နောက်တစ်နေ့ (မေ ၃) နံနက်အစောပိုင်းတွင် ထွက်ခွာသွားကြောင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာရဲစခန်းအတွင်း ရောက်ရှိသွားသည်ဟု သတင်းရရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
အိမ်ခြေ ၄၅၀ နီးပါးရှိ အုတ်ဖိုရွာမှ ဒေသခံအားလုံးပါး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အနည်းငယ်သာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းလျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများပါမချန် အရပ်သားများကို ပစ်သတ်၊ နေအိမ်များကို မီးရှို့နေခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဖမ်းဆီးသတ်ဖြတ်မှုဆိုင်ရာ အချက်အလက်များ ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၃ တွင် သတင်းထုတ်ပြန်သည်။
AAPP က ထုတ်ပြန်သည့် သေဆုံးမှုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ၂၀၂၁ တွင် ပြောခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



