အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တယ်လီနောမြန်မာကို ပိုင်ရှင်သစ်များ စတင်ကိုင်တွယ်တော့မည်

တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်း ရောင်းချပြီးပြီဖြစ်ရာ ပိုင်ရှင်သစ်များဖြစ်သည့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်သည့် Investcom ကုမ္ပဏီက စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။

သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရ Investcom ကုမ္ပဏီတွင် စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။ ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်၏သား ဝင်းပိုင်ကျော်ကို Investcom ကုမ္ပဏီ၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ်လည်း ခန့်အပ်ထားသည်။​ 

ယမန်နေ့ (မတ် ၂၅) တွင် တယ်လီနောမြန်မာဝန်ထမ်းများ လက်ခံရရှိသည့် အသိပေးစာအရ တယ်လီနောမြန်မာကို စတင်ကိုင်တွယ်မည့် Investcom ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မှာ M1 Group မှ Muhammad Ziaullah Siddiqui ဖြစ်သည်။ 

လက်ရှိတွင် တယ်လီနောအမှတ်တံဆိပ်ဖြင့် ဝန်ဆောင်မှုပေးဦးမည်ဖြစ်သော်လည်း လာမည့်လေးလအတွင်း အမှတ်တံဆိပ်အသစ် ပြောင်းလဲဖွယ်ရှိကြောင်း တယ်လီနောမြန်မာဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဝန်ထမ်းအကြီးအကဲအသစ်များတွင် တယ်လီနောပြိုင်ဘက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Ooredoo တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ သုံးဦးပါဝင်ကြောင်း ဝန်ထမ်းအကြီးအကဲများခန့်အပ်မှုနှင့် ပတ်သက်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။​

တယ်လီနောမြန်မာကို စတင်ကိုင်တွယ်မည့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ လာမည့်သီတင်းပတ်အတွင်း စတင် ရုံးတက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။​

Investcom ဒါရိုက်တာအဖွဲ့တွင် M1 Group ဘက်မှ လက်ရှိ လက်ဘနွန်ဝန်ကြီးချုပ်၏တူဖြစ်သူ M1 အကြီးအကဲ Azmi Mikati နှင့် အခြားသူနှစ်ဦးပါဝင်ပြီး ရွှေဗျိုင်းဖြူဘက်မှ ဦးသိန်းဝင်းဇော်နှင့် သားဖြစ်သူ ဝင်းပိုင်ကျော်တို့ ပါဝင်သည်။ 

ဦးသိန်းဝင်းဇော်နှင့် ဝင်းပိုင်ကျော်တို့သည် ယခုလ ၂၂ ရက်ကမှ Investcom ကုမ္ပဏီ ဒါရိုက်တာအဖွဲ့တွင် ပါဝင်လာခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကုမ္ပဏီများ ကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများတွင် ဖော်ပြသည်။

M1 Group က စင်ကာပူတွင် မှတ်ပုံတင်ခဲ့သည့် Investcom ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူက ၄၉ ရာခိုင်နှုန်း လွှဲပြောင်းရယူပြီးဖြစ်ကာ တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်းဝယ်ယူပြီးနောက် ၃၁ ရာခိုင်နှုန်း ထပ်မံပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။​

တယ်လီနောမြန်မာကို လည်ပတ်နိုင်ရေးအတွက် M1 Group နှင့် ရွှေဗျိုင်းဖြူက Investcom Myanmar ကုမ္ပဏီခွဲတစ်ခုကို ယခုလ ၃ ရက်တွင် မှတ်ပုံတင်ထူထောင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများတွင် တွေ့ရသည်။ 

Investcom Myanmar ၏ ဒါရိုက်တာအဖွဲ့တွင် ဝင်းပိုင်ကျော်၊ ရွှေဗျိုင်းဖြူလက်အောက်ခံကုမ္ပဏီများ၌ ဒါရိုက်တာအဖြစ် တွေ့ရလေ့ရှိသည့် ဦးစိုးသီဟ၊ လက်ဘနွန်နိုင်ငံသား Lebanese Hicham Ramadan နှင့် Rana Shatila တို့ပါဝင်သည်။ 

တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသူဖြစ်သည်။​ အသက် ၅၉ နှစ်အရွယ် လုပ်ငန်းရှင်တွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများလည်း ရှိသည်။ ​ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှုမကင်းသော အထောက်အထားများလည်း ထွက်ပေါ်နေသည်။

တယ်လီနောမြန်မာကို ရောင်းချရာတွင် သုံးစွဲသူများ၏ အချက်အလက်ပိုင်းလုံခြုံရေးနှင့် ပတ်သက်၍ တယ်လီနောမှာ ဝေဖန်ပြစ်တင်ခံနေရသည့်ပြင် နော်ဝေရဲဌာနတွင် အမှုဖွင့်တိုင်ကြားခံထားရသည်။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စတွင် နော်ဝေအစိုးရသည် ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိမှုအပေါ် ပျက်ကွက်ခြင်းများရှိနေကြောင်း နော်ဝေတက္ကသိုလ် ပါမောက္ခတစ်ဦးက မတ် ၁၇ တွင် Transit အမည်ရ မဂ္ဂဇင်းမှတစ်ဆင့် ဝေဖန်ရေးသားသည်။ 

အဓိကအချက်နှစ်ခုအနေဖြင့် တယ်လီနောမြန်မာကို စစ်တပ်နှင့် နီးစပ်သူထံ ရောင်းထုတ်သည်၊ သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များ လုံခြုံရေးအာမခံချက်ပေးရန် ပျက်ကွက်သည်ဟု ၎င်းက ထောက်ပြသည်။​

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button