ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့ကဖြစ်သည်။ နေရာကား ကယားပြည်နယ် ဖရူဆိုမြို့နယ် ရီခီးဘူးရွာရှိ စစ်ဘေးရှောင်စခန်းဖြစ်သည်။ နံနက် ၁ နာရီကျော်ခန့် အချိန်တွင် ဝုန်းဆိုသော အသံနှင့်အတူ စခန်းရှိ အိပ်မောကျနေသူအားလုံး ဆွဲခါခံလိုက်ရသလို ဖြစ်သွားသည်။
စစ်ကောင်စီတပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ရာ စစ်ရှောင်စခန်းတစ်ခုလုံး ကမ္ဘာပျက်သည့်အလား ကစဉ့်ကလျားဖြစ်ကုန်သည်။
“ထစရာမလိုဘဲနဲ့ တွန်းကန်အားနဲ့ တစ်ခါတည်း ဆွဲထလိုက်သလိုမျိုး၊ အလိုလိုနေရင်း အကုန်လုံးမတ်တတ်ရပ်ကုန်တယ်။ တုန်ခါအားနဲ့ ပြောရမလား” ဟု စစ်ဘေးရှောင် ကယားတိုင်းရင်းသူတစ်ဦးဖြစ်သည့် ရော့မာတီက ဆိုသည်။
ဗုံးပေါက်ကွဲမှု မည်မျှပြင်းထန်သည်ကို ဗမာစကား ရေရေလည်လည်မပြောတတ်သည့် ရော့မာတီ အသေအချာ ရှင်းမပြနိုင်ပေ။ ခေါင်းမူး၍ နားပါအူသွားကြောင်းသာ ဆိုသည်။
ဖရူဆိုမြို့နယ်မှ မိုဆိုရွာသူ အသက် ၄၀ အရွယ် ရော့မာတီမှာ စစ်ရှောင်စခန်းတွင် ကလေးသုံးယောက်နှင့်အတူ ရောက်ရှိခိုလှုံနေသူဖြစ်သည်။
“တအားကြောက်လို့ ထွက်ပြေးတယ်။ ဖရိုဖရဲဖြစ်ကုန်တယ်။ ကလေးတွေဆွဲ ထွက်ပြေးတာနဲ့ ဖိနပ်တောင် မရှိတော့ဘူး၊ ဖိနပ်တောင် မစီးမိဘူး” ဟု ဗုံးကြဲတိုက်ခိုက်ခံရသည့် ညပိုင်းက အဖြစ်အပျက်ကို ရော့မာတီက ပြန်ပြောင်းပြောပြသည်။
အသက် ၈ နှစ်အရွယ် အငယ်ဆုံးကလေးကို လက်ဆွဲကာ စခန်းထဲမှ ထွက်ပြေးချိန်တွင် အခြားကလေးနှစ်ယောက်ကို ရှာမတွေ့ပေ။ မှောင်မှောင်မည်းမည်းအချိန်တွင် အနီးဝန်းကျင် လိုက်ရှာသေးသည်။ မတွေ့သဖြင့် အိပ်ဆောင်ဘက် ပြန်လာရှာချိန် စောင်နှင့် အုပ်ထားသည့် ရုပ်အလောင်းကို တွေ့သဖြင့် သူ့ကလေးဟု ထင်မှတ်ကာ ထူပူသွားသည်။
စောင်ကို ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းတို့မိုဆိုရွာမှ မချောစုဖြစ်နေသည်။
“ကြေမွကုန်တယ်။ သူ့ဗိုက်တွေက ကြေမွကုန်ပြီ၊ အူတွေထွက်ကုန်ပြီ။ သူ့လက်ကကျတော့ ကြေသွားတယ်။ အောက်ပိုင်းကကျတော့ တစ်စစီဖြစ်ကုန်တယ်” ဟု ရော့မာတီက ပြောသည်။
ဗုံးထိမှန်သည့် ၁၅ နှစ်အရွယ် မချောစုမှာ တစ်ဖက်အခန်းသို့ လွင့်ထွက်သွားသည်။ ခန္ဓာကိုယ်အထက်ပိုင်း ရင်ညွန့်မှစ၍ တင်ပါးအထိ ကြေမွသွားသည်။ မချောစုဘေးတွင် အိပ်ပျော်နေသည့် ညီမဖြစ်သူ အသက် ၁၂ နှစ်အရွယ် မခိုင်မှာလည်း ဝမ်းဗိုက်ပွင့်ထွက်သွားပြီး လက်တစ်ဖက်ပြတ်သွားသည်။
(မချောစုနှင့် မခိုင်မှာ ရွာမှလူများ ခေါ်သည့်အမည်များဖြစ်ကာ ကယောတိုင်းရင်းသူညီအစ်မနှစ်ဦး၏ အမည်များမှာ မာရီယာကော်ရက်တီနှင့် ကယ်ရိုလိုင်းဖြစ်သည်။)
“ဒီဘက်ခန်းကနေ ဟိုဘက်ခန်း လွင့်စင်သွားတယ်။ သွေးစတွေ၊ အသားတွေ၊ အတွင်းကလီစာတွေ၊ အသားတုံးဆို ဟိုတစ်တုံး သည်တစ်တုံး” ဟု ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးနေသူ မဂက်ထရုက ပြောသည်။
ဗမာစကားပြောဆိုရန် အခက်အခဲရှိသည့် ရော့မာတီကို မဂက်ထရုက ကူညီဘာသာပြန်ပေးသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်များကို လိုက်လံကူညီပေးနေသူ မဂက်ထရုမှာ မူလက ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည်။

သမီးငယ်နှစ်ဦး ဆုံးရှုံးသူ မိုဆိုရွာသား ဦးကော်ရယ်
ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်က ဒေသခံခရီးသွားပြည်သူ ၃၀ ကျော် ၎င်းတို့၏ မော်တော်ယာဉ်များနှင့်အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည်။ ထိုဖြစ်စဉ်ကြောင့် ဒေသခံများ မိုဆိုနှင့် မိုင် ၂၀ ခန့်ဝေးသည့် ရီခီးဘူးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်။
သတ်ဖြတ် အလောင်းဖျောက်သည့် ထိုအမှုမှာ စစ်ကောင်စီတပ်သားတို့၏လက်ချက်ဖြစ်သည်ဟု ဒေသခံများက အခိုင်အမာပြောသော်လည်း စစ်ကောင်စီကမူ လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုများနှင့် ပတ်သက်လျှင်လည်း စစ်ကောင်စီက လူနေအိမ်၊ ဘုရားကျောင်းများအတွင်း ခုခံသူများ၊ အကြမ်းဖက်သမားများ ရှိနေသည်ဟု တုံ့ပြန်လေ့ရှိသည်။
ဗုံးကြဲခံရစဉ် သေဆုံးခဲ့သူ သမီးငယ်နှစ်ဦးဖြစ်သည့် မချောစုနှင့် မခိုင်တို့မှာ မိခင်ဖြစ်သူနှင့်အတူ ဒီဇင်ဘာ ၂၄ ကတည်းက မိုဆိုရွာမှ ထွက်ပြေးလာခြင်းဖြစ်သည်။ အစတွင် မော်သီဒိုရွာ၌ ပို့ထားခဲ့သော်လည်း နောက်တစ်ရက်တွင် ရီခီးဘူးစစ်ရှောင်စခန်း ရောက်သွားခြင်းဖြစ်သည်ဟု မချောစုနှင့် မခိုင်တို့၏ဖခင် ဦးကော်ရယ်က ပြောသည်။
“လုံခြုံမယ်လို့ ထင်တာပေါ့။ ကျွန်တော်တို့ မိုဆိုမှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ဝေးဝေးပြေးရင် ပိုလုံခြုံမယ်ထင်ပြီးတော့ အဲမှာ ပို့လိုက်တာပေါ့” ဟု ဇနီးနှင့် သမီးနှစ်ဦးကို စစ်ရှောင်စခန်းပို့ပြီးနောက် ၎င်းကိုယ်တိုင်ကမူ ဇာတိရွာ၌ ကျန်နေခဲ့သူ ဦးကော်ရယ်က ပြောသည်။
စစ်ကောင်စီက ရီခီးဘူးစစ်ရှောင်စခန်းကို လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဦးကော်ရယ်၏ ထင်မြင်ချက်မှာ ရင်နာစရာကောင်းလောက်အောင် တက်တက်စင်လွဲချော်သွားသည်။
“သမီးလေးနှစ်ယောက် အဲလိုဖြစ်သွားတော့ ဒီစစ်အာဏာရှင်ကို တော်တော်လေး စိတ်တိုတယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ်လည်း ဘာမှ မလုပ်နိုင်ဘူးရော” ဟု ဇန်နဝါရီ ၁ ရက်က သမီးနှစ်ဦးကို နောက်ဆုံးတွေ့ဆုံခဲ့သူ ဦးကော်ရယ်က မချိတင်ကဲဆိုသည်။
စစ်ရှောင်စခန်း ဗုံးကြဲခံရပြီးနောက် ဦးကော်ရယ်က ရောက်သွားချိန်တွင် မချောစုနှင့် မခိုင်တို့ ညီအစ်မနှစ်ဦး ရုပ်အလောင်းကို အခေါင်းထဲ ထည့်ကာ နာရေးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
“တစ်ခါတည်း အော်ငိုလိုက်တယ်၊ အားရပါးရ။ အဲမှာပဲ ထိုင်ငိုလိုက်တယ်။ မခံစားနိုင်တော့ဘူး”
သူ၏ဇနီးသည်လည်း စိတ်ထိခိုက်လွန်းသဖြင့် ရူးမတတ်ဖြစ်နေသည်ဟု ဦးကော်ရယ်က ပြောသည်။
“သူ့အမေက ခုထက်ထိပဲလေ။ မနက်မနက် ထပြီးတော့ ငိုနေတာပဲ။ ဘယ်လိုပြောပြော မရသေးဘူး၊ အဲလိုပဲ ငိုနေတယ်” ဟု ၎င်းက ပြောသည်။
သမီးနှစ်ဦး ဆုံးရှုံးခဲ့ရသဖြင့် ထိုအမျိုးသမီး သွေးပျက်မတတ် အော်ဟစ်ငိုယိုနေသော အသံကို ရုပ်သံမှတ်တမ်းတစ်ခုတွင် အတိုင်းသားကြားရသည်။
အသက် ၅၀ ခန့်အရွယ် ဦးကော်ရယ်အနေဖြင့် ငယ်စဉ်က နှစ်ကြိမ်တိုင် စစ်ဘေးရှောင်ခဲ့ရဖူးသော်လည်း ယခုကဲ့သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြုံခဲ့ဖူးဟု ဆိုသည်။
“ကျွန်တော်တို့က လက်နက်မဲ့ပြည်သူတွေပေါ့နော်။ ဒီလိုမျိုး ဆက်ဖြစ်မယ်ဆိုရင် နိုင်ငံတကာတွေလည်း ကျွန်တော်တို့ကို ဘယ်လိုကူညီနိုင်မလဲ၊ အဲလိုမျိုး တွေးတော့တွေးတယ်ပေါ့နော်။ ဒါပေမဲ့ မပြောတတ်ပါဘူး” ဟု ဦးကော်ရယ်က ဆိုသည်။
ဦးကော်ရယ်က နိုင်ငံတကာအကူအညီ တောင့်တမိသော်လည်း လက်တွေ့၌မူ လုံခြုံရေးအခြေအနေကြောင့် သမီးနှစ်ယောက်၏ ရုပ်အလောင်းကို နေ့တွင်းချင်းပင် ဇာတိမိုဆိုကျေးရွာသို့ သယ်ဆောင်ကာ နာရေး အလျင်စလို ပြုလုပ်ခဲ့ရသည်။
“နောက်မှပဲ တိုင်းပြည်အေးချမ်းသွားရင် အုတ်ဂူတွေဘာတွေ ပြန်လုပ်ပေးချင်တယ်။ အမှတ်အသားကောင်းကောင်းလေး ပြန်လုပ်ပေးချင်တယ်။ မိုဆိုသင်္ချိုင်းမှာပဲပေါ့” ဟု ဦးကော်ရယ်က ဆိုသည်။

ရီခီးဘူးရွာရှိ စစ်ရှောင်စခန်းတွင် ထိုမိန်းကလေးနှစ်ဦးအပြင် ၅၁ နှစ်အရွယ် ဦးအန္ဒြေးယာဆိုသူလည်း ဝမ်းဗိုက်ကို ဗုံးစထိမှန် သေဆုံးခဲ့သည်။
ဗုံးဒဏ် ဘယ်လောက်ပြင်းသလဲ
ဗုံးကျသည့်နေရာများတွင် သုံးပေမှ ငါးပေခန့်အနက်ရှိ ချိုင့်ကြီးများဖြစ်သွားသည်။ ပေါက်ကွဲလွင့်စင်လာသော ဗုံးစများကြောင့် ပေ ၅၀ အကွာရှိ မီးဖိုဆောင်တစ်ခုလုံး ပျက်စီးသွားသည်။ ထမင်းဟင်းချက်သည့် အိုးများမှစ၍ ရေပုံးများအထိ တစ်စစီဖြစ်သွားသည်။ ပေ ၁၀၀ အကွာရှိ စစ်ဘေးရှောင်များ အိပ်စက်နေထိုင်ရာ တန်းလျား ခေါင်းမိုးသွပ်များတွင် အပေါက်ငယ်များ မွစာကြဲသွားသည်။
မိုဆိုရွာမှ အိမ်ထောင်စု ၅၀ နီးပါး၊ လူဦးရေ ၂၀၀ ခန့်နေထိုင်သည့် တန်းလျားနှင့် ပေ ၁၀၀ ကျော် အကွာတွင် ဗုံးနှစ်လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုအနီးတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ကွန်ကရစ်ခင်း သွပ်မိုးတန်းလျားမှာ အကာအရံအဖြစ် လူတစ်ရပ်စာအမြင့်ရှိ တာလပတ်စများနှင့် ကန့်ထားခြင်းဖြစ်သည်။
ဗုံးဒဏ်ကြောင့် ကလေးလူကြီးအများစု နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ ဝေဒနာများ ခံစားရသည့်ပြင် ကလေးငယ်များမှာ ရက်အတန်ကြာသည်အထိ နားအူနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူ မဂက်ထရုက ပြောသည်။
“စဖြစ်တဲ့အချိန် မူးတဲ့ကလေးတွေကလည်းမူး၊ အန်တဲ့ကလေးကအန်။ ယမ်းငွေ့ရလို့တဲ့ သူတို့အဲလိုပြောတာပေါ့နော်။ ရှင်းရှင်းပြောရမယ်ဆို အီးပါချင်တဲ့လူက အီးပါချင်တယ်။ ကြောက်အားလန့်အားနဲ့ အဲလိုဖြစ်ကုန်ကြတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
“ယမ်းငွေ့အနံ့ထင်တယ်။ အကုန်လုံး နှာစေးချောင်းဆိုး နှာရည်ယို။ ဗုံးကြဲခံရတဲ့အထဲမပါတဲ့ မိသားစုတွေက အဲလောက် မဟုတ်ဘူး။ ဗုံးကြဲခံရသူအများစု ခံစားရတယ်”
မိုဆိုရွာမှ စစ်ရှောင်ဒုက္ခသည်၂၀၀ ခန့်တွင် အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ပြီး ၁၈ နှစ်အောက်အရွယ် ၁၂၀ ခန့်ရှိသည်ဟု ဆိုသည်။ ကလေးငယ်များမှာ စိတ်ဒဏ်ရာရသည်အထိ ထိတ်လန့်ကြောက်ရွံ့နေကာ ညညတွင် ကယောင်ချောက်ချား ထပြေးသူများ၊ ဝပ်နေရန် ထအော်သူများလည်း ရှိသည်ဟု မဂက်ထရုက ပြောသည်။
“အခုထက်ထိ ကြောက်နေတုန်းပဲ။ ကြောက်တယ်၊ လေယာဉ်လာတာ သူတို့တအားကြောက်တယ်” ဟု ရော့မာတီက ဆိုသည်။

စုဝေးနေထိုင်ရန် စိုးရွံ့ခြင်း
ဗုံးကြဲခံရပြီးနောက် စစ်ရှောင်များသာမက ရီခီးဘူးကျေးရွာတစ်ဝိုက်ရှိ ဒေသခံများပါ ထွက်ပြေးကုန်ကြသည်။ စုစုပေါင်း ၁၀၀၀ ခန့်သည် အနီးဝန်းကျင်ကျေးရွာများအပြင် ကယားပြည်နယ်ပြင်ပ မြို့ရွာများသို့လည်း ထွက်ပြေးကြသည်ဟု သိရသည်။
“တအားအကြောက်လွန်သွားပြီးတော့ ဟိုပုန်းဒီပုန်း ဟိုခိုဒီခို ကျောက်ဆောင်အောက်မှာတွေ ကျောက်ကြားတွေ သစ်ပင်အောက်တွေ ကျွန်မတို့ အဲ့ညတွင်းချင်း ရောက်ကတည်းက ခေါ်ထုတ်တယ်။ တစ်ယောက်မှ ပြန်မလာရဲကြဘူး” ဟု မဂက်ထရုက ပြောသည်။
ဗုံးကြဲခံရပြီး မနက်မိုးလင်းချိန်တွင် ပုန်းအောင်းနေရာမှ ထွက်လာပြီး ရသမျှပစ္စည်းများ သယ်ယူကာ တကွဲတပြားစီ ထွက်ပြေးကြသည်ဟု ဆိုသည်။
“အကုန်လုံး ဖရိုဖရဲတွေဖြစ်ကုန်တယ်။ ကစဉ့်ကလျားပြေးကုန်တော့ တချို့လူ အဝေးဆုံးရွာကို ရောက်သွားတယ်၊ တချို့လူတွေကျတော့ ကျွန်မတို့နဲ့ လာနေတယ်၊ တချို့လူတွေကကျတော့ တခြားရွာတွေ၊ နီးနီးနားနားရွာတွေ၊ အဲလိုပဲနေလိုက်တယ်” ဟု မဂက်ထရုကလည်း ပြောသည်။
တစ်စုတစ်ဝေးတည်းနေထိုင်ပါက လေယာဉ်ဖြင့် ဗုံးလာကြဲခံရမည်ဟု စိုးရိမ်နေကြခြင်း ဖြစ်သည်။ ကြောက်အားလန့်အား ထွက်ပြေးသဖြင့် ဖိနပ်မပါသူများနည်းတူ အသားစနှင့် သွေးများ စွန်းပေကုန်သဖြင့် စောင်နှင့် အိပ်ရာလိပ်များကိုပင် မယူနိုင်သူများလည်းရှိသည်။
အစားအသောက် ချက်ပြုတ်သုံးဆောင်ရာ အိုးခွက်ပန်းကန်များမှာမူ ဗုံးဒဏ်ကြောင့် ပျက်စီးသွားသည်။
“လောလောဆယ်တော့ ပွင့်လင်းရာသီပြောလို့ရတာပေါ့နော်။ ဒီအချိန်မှာက နေလို့ရပေမဲ့ ရေရှည်သွားမယ်ဆိုရင် တော်တော်လေး ခက်ခဲမှာပေါ့နော်” ဟု စစ်ရှောင်များကို ကူညီနေသူ မဂက်ထရုက ရေရွတ်ပြောဆိုသည်။
“ဘယ်လောက်အတိုင်းအတာထိ ရေရှည်ပံ့ပိုးပေးနိုင်မလဲ။ ရေရှည်သွားမယ်ဆိုရင် တော်တော်လေး စိတ်ပျက်စရာကောင်းတယ်ပေါ့နော်”
လက်ရှိအချိန်ထိလည်း စစ်ကောင်စီလေယာဉ်များ ညစဉ်လာနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ အခြားအမျိုးသမီးတစ်ဦးက ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင် ပြောသည်။
“နေ့ခင်းကျတော့ အိမ်မှာပြန်လာချက်ပြုတ် စားသောက်ပြီးတော့ ညကျတော့ ဂူထဲမှာ တောတွေထဲမှာ အဲလိုမျိုးပဲ ပြန်လိုက်အိပ်တယ်။ လေယာဉ်ကလည်း ညတိုင်းလာနေတာပဲရော၊ အဲဒါနဲ့ စိတ်မချဘူးဆိုပြီး တောထဲမှာ ဂူတွေထဲမှာ လိုက်အိပ်ကြတယ်” ဟု ၎င်းက ပြောသည်။
“အခုချိန်ထိလည်း လာနေတာပဲ၊ ခုနကလည်း လာတယ် နိမ့်နိမ့်လေးပဲ ပျံသွားတယ်။ အဲလိုမျိုး စိပ်စိပ်လာပြီဆို သူတို့လည်း ကြောက်တတ်တယ်”
ရီခီးဘူးမှာ ပထမဆုံးဗုံးကြဲခံရသည့် စစ်ရှောင်စခန်းမဟုတ်
ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာရှိ ဒုက္ခသည်စခန်း ဗုံးကြဲမခံရမီ နာရီပိုင်းအလို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင်လည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရွယ်မရောက်သေးသူ သုံးဦး သေဆုံးခဲ့သည်။
နန်းမယ်ခုံ ဗုံးကြဲခံရစဉ်အတွင်း သေဆုံးသူများမှာ ပရဟိတလုပ်ငန်းများတွင် တတ်အားသရွေ့ ပါဝင်ကူညီနေသည့် ၁၄ နှစ်အရွယ် မောင်ဂျွန်အားကိုစတီးနို၊ ၁၆ နှစ်အရွယ် မောင်ရီးချက်နှင့် ၁၇ နှစ်အရွယ် မောင်ဘောစကိုတို့ဖြစ်ကြောင်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ထံမှ သိရသည်။
ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းဝန်ဆောင်မှုပေးနိုင်ရန် KSP ကို ဩဂုတ်လအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ဖြင့် KSP ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
နန်းမယ်ခုံနှင့် ရီခီးဘူး စစ်ဘေးဒုက္ခသည်စခန်း အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘဲ စစ်ကောင်စီက အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လူမဆန်သော ထိုလုပ်ရပ်မျိုးကို ပြီးခဲ့သည့် မေလတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့သည်။ လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်ရွာ) ရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက မေလ ၂၄ ရက် နံနက် ၁ နာရီအချိန်၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ထိုမတိုင်မီ တစ်ရက်က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကြောင့် မိုးဗြဲဒေသခံများ ၉ မိုင်ခန့်ဝေးကွာသည့် ကယန်းသာယာရှိ ဘုရားရှိခိုးကျောင်းသို့ သွားရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
ဗုံးကြဲခံရသဖြင့် ဘုရားရှိခိုးကျောင်းအတွင်း ခိုလှုံနေသူများအနက် လေးဦး နေရာမှာပင် သေဆုံးကာ အခြား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာစစ်ရှောင်စခန်း ဗုံးကြဲခံရသည့်နေ့တွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန် လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက် ထုတ်ပြန်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာ၍ လိုက်နာမှု ရှိမရှိ နိုင်ငံတကာက တာဝန်ယူစောင့်ကြပ်ပေးရန်၊ အရပ်သားပြည်သူတို့ကို ကာကွယ်ပေးနိုင်မည့် လုံခြုံသည့်နေရာများ သတ်မှတ်ပေးရန် ဇန်နဝါရီ ၂ဝ တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်း မရှိပေ။ နေရာဒေသအသီးသီးတွင် ပြင်းထန်သော ခုခံတော်လှန်မှုများကြောင့် မြေပြင်စစ်ကြောင်းများ အထိနာလာချိန်တွင် စစ်တပ်က လေယာဉ်များ၊ ရဟတ်ယာဉ်များကို ပို၍အားကိုးလာသည်။
ကရင်နီဒေသဟု ဒေသခံတို့ ခေါ်ဆိုလိုကြသော ကယားပြည်နယ်တွင် ဇန်နဝါရီအတွင်း၌ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ တွင် ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ကယားပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ထောင်နှင့်သောင်းနှင့်ချီသော ဒေသခံတို့ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည်။
တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ လေးသိန်းဝန်းကျင်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့ပါဝင်သော ကရင်နီဒေသတွင် စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းနီးပါးရှိသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ၎င်းကို ခုခံတော်လှန်သူများကို အင်အားအလွန်အကျွံအသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ စစ်ရှောင်စခန်းကိုပင်မချန် ဗုံးကြဲတိုက်ခိုက်နေခြင်းက အိုးပစ်အိမ်ပစ် ထွက်ပြေးနေရသူများအတွက် မတွေးရဲလောက်အောင်ပင် စိတ်ချောက်ချားစရာကောင်းနေသည်။
ကရင်နီစစ်ဘေးဒုက္ခသည် အမျိုးသမီး ရော့မာတီမှာ ဗုံးကြဲခံရသည့်ညက ယာယီကွဲကွာသွားသည့် ၎င်း၏ကလေးငယ်များကို ကျောက်ဆောင်များအကြား ပြန်တွေ့ခဲ့သော်လည်း တုန်လှုပ်ချောက်ချားနေဆဲဖြစ်သည်။ အိမ်ပြန်ရဖို့ ဝေးစွ၊ အသက်ရှင်ရန်ပင် မသေချာတော့ဟု ရော့မာတီ လက်ခံထားသည်။
“ဘယ်လိုရှေ့ဆက်မလဲ မပြောတတ်ဘူး။ အသက်ရှင်ဖို့ ရာခိုင်နှုန်းကလည်း မသေချာဘူး” ဟု ရော့မာတီက ဝမ်းနည်းစွာ ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



