သတင်း

မတ္တရာမြို့မှ ဒလန်ဟု သတင်းကြီးသူ သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒလန်ဟု ယူဆရသူတစ်ဦး ဇန်နဝါရီ ၂ ရက်နေ့က ပစ်သတ်ခံရသည်ဟု မြို့ခံများထံမှ သိရသည်။ 

လက်ဝဲကြီးကျေးရွာနေ အသက် ၅၀ ခန့်အရွယ် ဦးကြည်လင်းဆိုသူသည် အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု ယူဆရသူများကို လိုက်လံရှာဖွေဖမ်းဆီးရာတွင် စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သူဖြစ်သည်ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။ 

“သူ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း အဖွဲ့တစ်ခုက လာပစ်တာခံရပြီးတော့ နေရာမှာပဲ သေသွားတယ်”ဟု မတ္တရာမြို့ခံ ထိုအမျိုးသမီးက ဆိုသည်။ 

“သူက အာဏာသိမ်းပြီးတော့ သတင်းပေးလုပ်လာတာ၊ ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း စစ်တပ်ကို လှမ်းခေါ်ပြီးတော့ တစ်ရွာလုံးကို ပတ်‌ရှာတာ”

ပစ်ခတ်ချိန်တွင် လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး တို့လည်း ဒဏ်ရာအနည်းငယ်ရသွားကြောင်း မတ္တရာမြို့ခံများအဆိုအရ သိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရေးအတွက် မြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

သေဆုံးသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာစည်းရုံးရေးမှူးဖြစ်သည်ဟု သိရသည်။ 

ဒီဇင်ဘာ ၁ တွင် မတ္တရာမြို့၊ အမှတ် ၅ ရပ်ကွက်မှ ဒလန်ဟု ယူဆရသူတစ်ဦး၊ တုံကုန်းကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးတို့လည်း သတ်ဖြတ်ခံထားရသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီး၊ သတ်ဖြတ်မှုတချို့

ဒေသအသီးအသီးတွင် စစ်ကောင်စီတပ်က ဆန့်ကျင်၊ အန်တုသူဟု ၎င်းတို့ယူဆသူတို့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိရာ မတ္တရာတွင်လည်း အလားတူ နှိပ်ကွပ်နေသည်။

ဒီဇင်ဘာ ၂ ညပိုင်းတွင် စစ်ကောင်စီ၏ ကင်းလှည့်ကားတစ်စီးပေါ်မှ စစ်သားများက ဆိုင်ကယ်စီး လူငယ်နှစ်ဦးကို လိုက်လံပစ်ခတ်ခဲ့သည်ဟု မတ္တရာမြို့ခံ ကိုစိုးက ပြောသည်။

“ကလေးတွေက မူးနေတာလားမသိဘူး။ ညဉ့်လည်းနက်နေပြီ၊ စစ်ကားကို ဆဲပြီး မောင်းပြေးတာလို့ ကြားတယ်” ဟု မတ္တရာမြို့ခံ ကိုစိုးက ပြောသည်။

“အဲ့ဒီမှာ ဟိုကောင်တွေက ကားနဲ့လိုက်ပစ်တာ၊ မောင်းတဲ့ကလေးက နေရာမှာတင် သေပြီး၊ နောက်က တစ်‌ယောက်ကလည်း သေနတ်ဒဏ်ရာနဲ့ အဖမ်းခံရတယ်လို့ သိရတယ်”

မတ္တရာမြို့နယ်တွင် ဆန္ဒပြပွဲများ ပြင်းထန်ခဲ့သည့် မတ်လအတွင်းကတည်းက စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု ပြင်းထန်လာခဲ့သည်။ 

မတ္တရာမြို့နယ်မှ အာဏာဖီဆန်ထားသည့် ဌာနဆိုင်ရာ အရာရှိ၊ တူဖြစ်သူအစား အဖမ်းခံရသည့် ဓားစာခံ အမျိုးသား၊ ကျူရှင်ဆရာ၊ နာရေးကူညီမှုအသင်း အတွင်းရေးမှူး တို့မှာ စစ်ကောင်စီတပ်၏ စစ်ကြောရေးကာလတွင် သေဆုံးသွားသည်။

စစ်ကောင်စီက ထိုသေဆုံးမှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသော်လည်း ထိုဖြစ်ရပ်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button