သတင်း

မင်းတပ် CDF နယ်မြေသို့ စစ်ပြင်နေသည့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်သို့ စစ်ဆင်မည်ဟု ယူဆရသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မင်းတပ် – မတူပီလမ်း ၁၆ မိုင်၊ ပန်းစခန်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၁) နံနက်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။

အင်အား ၂၀၀ ကျော်ပါဝင်သည့် ထိုစစ်ကြောင်းနှင့် နံနက် ၁၁ နာရီခွဲဝန်းကျင်မှစ၍ တစ်နာရီကျော် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း CDF(မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“အနောက်ဘက်တစ်ကြောက CDF တွေထိန်းချုပ်ထားတဲ့ နယ်မြေကို စစ်ကြောင်းထိုးတယ်ပေါ့။ ဒေသခံ CDF တပ်ရင်းတွေကို ထိုးစစ်ဆင်မဲ့ သဘောမျိုးဖြစ်မယ်ထင်တယ်”ဟု ၎င်းက ပြောသည်။ 

“မတူပီဘက်ကို သွားချင်တဲ့ပုံလည်း မဟုတ်ဘူး။ ခြေလျင်နဲ့လာတာဆိုတော့။ ခြေလျင်နဲ့ မတူပီသွားလို့ကတော့ အရမ်းကြာလိမ့်မယ်။ မိုင် ၁၀၀ ကျော် သွားရတာကိုး”

တောင်တန်းများမတ်စောက်ပြီး ရာသီဥတုကြမ်းတမ်းသည့် ထို ၁၆ မိုင်ဝန်းကျင်တွင် ၂၀၂၁ သြဂုတ်လအတွင်းက ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးကြောင်း၊ ထိုစဉ်က စစ်ကောင်စီဘက်မှ အထိနာခဲ့ကြောင်း ကိုယောမန်က ပြောသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်မှာပဲ။ အဲ့ဒီဘက်က (CDF – မင်းတပ်) တပ်ရင်းတွေက ပြီးခဲ့တဲ့ရက်ကတည်းက စစ်ကူလာချင်နေတာကိုး။ စစ်ကူမလာဖို့ ပြောထားတော့ အဲဒီဘက်မှာပဲ စောင့်နေကြတာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ အမှတ်၂၇၄ တပ်ရင်းအခြေစိုက်ထားသည့် မင်းတပ်မြို့တွင် စစ်အင်အားအလုံးအရင်း ထပ်ရောက်နေ၍ ၅၀၀ နီးပါးအထိ ရှိနေနိုင်ကြောင်း ကိုယောမန်က ခန့်မှန်းသည်။

ယနေ့တွင် စစ်ရေးလှုပ်ရှားလာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတွင် အများစုမှာ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

မကွေးတိုင်း ထီးလင်းနှင့် ကျောက်ထုဘက်မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနှစ်ခုခွဲကာ ကျေးရွာလမ်းများမှတစ်ဆင့် ဒီဇင်ဘာလလယ်တွင် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၈ ရက်တွင် မင်းတပ်မြို့သို့ ရောက်လာပြီး စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီက လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် မင်းတပ်မြို့ကို မေလလယ်တွင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး စက်တင်ဘာလမှစ၍ လေးလကြာ အင်တာနက်ဖြတ်တောက်ထားသည်။

CDF က နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှု ရရှိထား၍ ခုခံစစ်အတွက် စိတ်ဓာတ်တက်ကြွနေသည်။

စစ်ကောင်စီတပ်များတွင် လက်နက်အင်အား အပြည့်အစုံရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button