အတွေးအမြင်

ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှု ကြားခံနယ်မြေ ထူထောင်ရေး  

စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာနေချိန်တွင် မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတို့ကို သတ်ဖြတ်မီးရှို့ဖျောက်ဖျက်မှု ဖြစ်ရပ်များ နိုင်ငံအနှံ့ တစ်နေ့တခြား ကြီးထွားလျက်ရှိသည်။ မြန်မာ့သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်စွာပင် စစ်တပ်သည် တိုင်းသူပြည်သူတို့ကို အကာအကွယ်ပေးရမည့်အစား အစုအပြုံလိုက်သတ်ဖြတ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသည်။  

မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံဖြစ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ ဆိုက်ရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်တကြီး သတိပေးလာခဲ့သည်မှာ လအတန်ကြာမြင့်နေပြီ ဖြစ်သည်။ ခေတ်မီလက်နက်များတပ်ဆင်ထားသော စစ်တပ်သည် အကြမ်းဖက်အုပ်စုဖြစ်နေပြီး စစ်တပ်၏ သတ်ဖြတ်မီးရှို့မှုများမှ လွတ်ကင်းရာအရပ်သို့ သိန်းနှင့်ချီသော ပြည်သူတို့မှာ စစ်ပြေးဒုက္ခသည်များအဖြစ် ပြည်တွင်းနှင့် နယ်စပ်ဒေသတစ်လျှောက် ထွက်ပြေးနေကြရသည်။ 

ပြည်သူများကို အကြမ်းမဖက်ရန် အကြိမ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးဖြင့် ပြောဆိုနေသော်လည်း စစ်တပ်သည် ပို၍သာ အကြမ်းဖက်လာနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူရန် ပျက်ကွက်နေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrew က ထပ်တလဲလဲ သတိပေးတောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာပြည်သူများကို ကူညီကယ်ဆယ်နိုင်မည့်နည်းလမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းက ယနေ့အချိန်ထိ ရှာမရဖြစ်နေသည်။

ထိုအခြေအနေတွင် “မြန်မာနိုင်ငံအရေး အမေရိကန်နှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သော ဦးစားပေးနယ်ပယ် ၃ ရပ်” (Three Priorities for U.S.-Thailand Cooperation in Myanmar) ခေါင်းစဉ်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” (Humanitarian Buffer Zone) တစ်ခု ထူထောင်ပြီး၊ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းရန် နှိုးဆော်လာသူမှာ ထိုင်း-မြန်မာနယ်စပ်အနီး လက်နက်ကိုင်ပဋိပက္ခများကို အနီးကပ်လေ့လာစောင့်ကြည့် သုံးသပ်လျက်ရှိသော အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United State Institute of Peace – USIP) ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကျွမ်းကျင်သူ Brian Harding နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower တို့ဖြစ်သည်။

USIP ကို ၁၉၈၄ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်က ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး အမေရိကန်နှင့် ကမ္ဘာတစ်လွှား ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာကိစ္စရပ်များကို လေ့လာဆောင်ရွက်ရန် ထူထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ပေါ်ပေါက်နေသော လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးကို ထိရောက်စွာ ကြားဝင်ဖြေရှင်းဆောင်ရွက်နိုင်မည့် လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေထူထောင်ရေးက မြန်မာ့အကျပ်အတည်းကို ကြားဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသလား။   

USIP ၏ အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲများက ထိုကဲ့သို့ အဆိုပြုရေးသားခဲ့သော ဒီဇင်ဘာလ ၁၅ ရက်နေ့သည် ထိုင်း-မြန်မာနယ်စပ်အနီး KNU/KNLA တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းပြီး နောက်တစ်နေ့ တိုက်ပွဲများ စတင်ဖြစ်ပွားသောနေ့ ဖြစ်သည်။ 

တိုက်ပွဲများကြောင့် ယနေ့အချိန်ထိ ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခိုလှုံလာကြသော စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီ ရှိသည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေ ဆက်တိုက်တင်းမာလျက်ရှိပြီး၊ မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ဆန်များ ထိုင်းနိုင်ငံထဲ အကြိမ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့သည်။ 

ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ္စမတ်အကြိုနေ့တွင် ခရစ်ယာန်ဘာသာဝင် ကယားလူမျိုး လူနည်းစုများ အများစုနေထိုင်သော ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်များက အစုအပြုံလိုက်သတ်ဖြတ်မီးရှို့မှု ဖြစ်ပွားခဲ့သည်။ အလားတူဖြစ်စဉ်မျိုး စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် မကြာသေးခင် လပိုင်းအတွင်း ဖြစ်ပွားခဲ့သေးသည်။ 

မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) များကို နိုင်ငံအနှံ့ ကျူးလွန်လျက်ရှိသည်ကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က အထောက်အထားများ အထင်အရှားတွေ့ရှိထားပြီဖြစ်သော်လည်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်သေးပါ။

စစ်ရဟတ်ယာဉ်များ သွားရောက်တိုက်ခိုက်သည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့က ရုပ်အလောင်းအများအပြား ရှာဖွေတွေ့ရှိခဲ့သည် (ဓာတ်ပုံများ – ပေးပို့) 

ယိုယွင်းလာသော နယ်စပ်လုံခြုံရေးနှင့် လူသားလုံခြုံမှုအခြေအနေ

လတ်တလော မြန်မာနိုင်ငံဘက်အခြမ်းက တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ယိုယွင်းလာနေသည်ကို အထင်အရှားတွေ့မြင်လာရပြီး၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက နယ်စပ်ဖြတ်ကျော် ခိုလှုံလာမည့် စစ်ဘေးဒုက္ခသည်အရေအတွက် ယခုထက် ပိုမိုများလာနိုင်ပါသည်။ 

ထိုအခြေအနေမှာ မြန်မာစစ်တပ်က ဖန်တီးလိုက်သော လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီး (Humanitarian Catastrophe) ဖြစ်လာနေပြီး၊ ထိုင်းအစိုးရက ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းလာရဖွယ်ရှိနေသည်။ ယင်းသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်ခံနေရသော အခြေအနေတစ်ရပ်အဖြစ် ထိုင်းအစိုးရခေါင်းဆောင်များ ယူဆသုံးသပ်လာဖွယ်ရှိသည်။

လွန်ခဲ့သောလများအတွင်း ထိုင်းအစိုးရသည် နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူအများအပြားကို နေ့စဉ် ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းနေရသော ထူးခြားသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး၊ ယနေ့အချိန်ထိ လူဦးရေ ငါးသောင်းနီးပါးရှိပြီဟု ထိုင်းအစိုးရထုတ်ပြန်ချက်များအရ သိရသည်။ ထိုင်းအစိုးရက အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရန် ဝင်ရောက်လာသူများ (Job Seekers) ဟု သတ်မှတ်ဖော်ပြလျက်ရှိသည်။ 

သို့သော် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံအနှံ့ လူသားလုံခြုံမှု (Human Security) အခြေအနေ အလျင်အမြန်ယိုယွင်းပျက်စီးလာမှု အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိလာခြင်းနှင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ များပြားခြင်းမှာ တစ်ချိန်တည်းဖြစ်ပွားနေခြင်း ဖြစ်သည်။  

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံဘက်အခြမ်းသည် မြန်မာစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုဘေးအန္တရာယ်မှ လွတ်ကင်းရာအရပ် ဖြစ်လာနေသည်။ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုဘေးအန္တရာယ်မှ လွတ်ကင်းရာအရပ် ပြည်တွင်း၌ ရှာဖွေမရနိုင်တော့သည့်အခါ ထိုင်းနိုင်ငံဘက်အခြမ်းသည် အန္တရာယ်ကျရောက်နေသော မြန်မာပြည်သားတို့ လုံခြုံရာအရပ်အဖြစ် အားကိုးအားထားပြုနေသည်မှာ အထင်အရှားဖြစ်ပါသည်။ 

တိုက်ပွဲများကြောင့်မဟုတ်ဘဲ နည်းလမ်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာနေသော မြန်မာနိုင်ငံသားများသည် Job Seekers များ သက်သက်မဟုတ်ဘဲ၊ နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းခိုလှုံလာသူများ (Political Security Refugees) လည်း ပါဝင်နေသည်ကို ထိုင်းအစိုးရအနေဖြင့် လက်ခံအသိအမှတ်ပြုရန် လိုအပ်ပါသည်။ 

ထို့ပြင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော စစ်ပြေးဒုက္ခသည်အများစုသည် မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးနှံခွင့် ရရှိထားခြင်း မရှိပေ။ ထို့ကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူဖြစ်ဖြစ်၊ တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (War Refugees) ဖြစ်ဖြစ်၊ ကိုဗစ်ကပ်ရောဂါပိုး ပြန့်ပွားနိုင်ခြေ အလွန်မြင့်မားသော လူအုပ်စုမှတစ်ဆင့် ထိုင်းနယ်စပ် မြို့ရွာများကိုပါ ကူးစပ်ပြန့်နှံ့လာမည့်အရေး ဖြစ်သည်။

အထက်ပါ စိုးရိမ်ဖွယ်ရာအခြေအနေများကို ထိန်းသိမ်းကိုင်တွယ်နိုင်စွမ်းမရှိသည်အထိ ကြီးထွားမလာစေရန်နှင့် လူ့အသက်ပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းတစ်ခုအဖြစ် USIP ၏ ဒေသဆိုင်ရာအကြီးအကဲများတိုက်တွန်းသလို ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ပူးပေါင်း၍ မြန်မာနယ်စပ်တွင် “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” ထူထောင်ရေး အမြန်ဆုံးစဉ်းစားသင့်ပါသည်။ 

ကယားပြည်နယ်၊ ဖရူဆိုမြို့ပြင်တွင် လူ ၃၀ ကျော် အစုလိုက်အပြုံလိုက် မီးရှို့ခံရသည့် နေရာမှ မီးလောင်နေဆဲ မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – KNDF) 

ဖြစ်နိုင်ခြေနှင့် အခက်အခဲများ

လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေထူထောင်ခြင်းက မြန်မာနိုင်ငံအတွင်း စစ်ပွဲများကြောင့် အိုးအိမ်ရွှေ့ပြောင်း ရှောင်ပုန်းနေကြရသော သိန်းနှင့်ချီသည့် ဒုက္ခသည်များအတွက် ခိုလှုံရာနေရာတစ်ခု မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ လူသားချင်းစာနာမှုအကူအညီများကို နိုင်ငံတကာမှ တိုက်ရိုက်ပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် ဒုက္ခသည်များ အစုအပြုံလိုက် ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအန္တရာယ်ကိုပါ တားဆီးကာကွယ်ပြီးသား ဖြစ်မည်ဟု USIP ဆောင်းပါးတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်အရ “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” တစ်ခုကို နှစ်နိုင်ငံပူးတွဲကြေညာပြီး ထူထောင်နိုင်မည်ဆိုလျှင် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီးနောက်ပိုင်း ထိုင်းနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံစစ်ရေးမဟာမိတ်ပြုမှုတွင် အထူးခြားဆုံးတိုးတက်မှု ဖြစ်လာလိမ့်မည်ဟု USIP ဆောင်းပါးတွင် သုံးသပ်ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးမဟာမိတ်အဖြစ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးရှိထားပြီးဖြစ်သည့်ပြင် ထိုင်းအစိုးရသည် အမေရိကန်၏ စွမ်းဆောင်နိုင်စွမ်းကို လက်တွေ့ကျကျ ကောင်းစွာသိရှိထားပြီးဖြစ်သည်ဟုလည်း ဆောင်းပါးတွင် သုံးသပ်ဖော်ပြထားသည်။ 

USIP ဒေသဆိုင်ရာ အကြီးအကဲများက မြန်မာစစ်တပ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတွန်းလှန်နေသော ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများ နိုင်ငံအနှံ့ နယ်စပ်ဒေသများအထိ လိုက်လံဖမ်းဆီးသတ်ဖြတ်ခံနေရမှုများကိုပါ ထည့်သွင်းစဉ်းစားလျက် ကြားခံနယ်မြေသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကိုပါ အကာအကွယ်ပေးနိုင်မည်ဟု သုံးသပ်ဖော်ပြထားသည်။

သို့သော် ထိုင်းအစိုးရက မြန်မာစစ်ကောင်စီ၏ သဘောတူခွင့်ပြုမှုမပါဘဲ ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများပေးရန် တွန့်ဆုတ်နေသည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြထားသည်။ ထိုသို့လုပ်ဆောင်ပါက အာဆီယံအဖွဲ့ဝင်ဖြစ်သော ထိုင်းနိုင်ငံကို မြန်မာစစ်ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှု၊ ကြားခံနယ်မြေတစ်ခုဖန်တီးမှုက မြန်မာပိုင်နက်နယ်မြေထဲ ကျူးကျော်ဝင်ရောက်မှုအဖြစ် မြန်မာစစ်တပ်က စွပ်စွဲလာမည်ကို ထိုင်းအစိုးရခေါင်းဆောင်များ စိုးရိမ်မည်မှာ သေချာသည်။

၂၀၂၁ မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသော ကရင်တိုင်းရင်းသားများ (ဓာတ်ပုံ – KNU)

အဆိုပါအခက်အခဲများကို ကျော်လွှားပြီး၊ ထိုင်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်အခြမ်းတွင် လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေထူထောင်ရန် ကြိုတင်လိုအပ်ချက်တချို့ (Pre-conditions) ရှိနေပါသည်။ 

ပထမကြိုတင်လိုအပ်ချက်မှာ မြန်မာစစ်တပ်သည် နိုင်ငံတကာစစ်တပ်များကဲ့သို့ နိုင်ငံသားများကို ကာကွယ်ပေးသော စစ်တပ်မဟုတ်တော့ဘဲ နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများသာ ကျင့်သုံးသည့် အကြမ်းဖက်နည်းလမ်းများဖြင့် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီဆိုသည့်အချက်ကို ကြေညာအသိအမှတ်ပြုရပါလိမ့်မည်။ 

ဒုတိယကြိုတင်လိုအပ်ချက်မှာ မြန်မာနိုင်ငံပြည်သူများကို တရားဝင်ကိုယ်စားပြုသော အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုခြင်းဖြစ်သည်။

သို့မှသာ နိုင်ငံတကာက မြန်မာပြည်သူများ၏အသက်ကို အရေးပေါ်ကယ်ဆယ်နိုင်ရန် “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” တစ်ခုကို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အမြန်ဆုံးထူထောင်ရေးအတွက် အမေရိကန်၊ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံက ၎င်းတို့၏ နယ်စပ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေးကို နိုင်ငံတကာဥပဒေများနှင့်အညီ အလျင်အမြန်ကူညီနိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်သော အာဆီယံအသင်းကြီး၏ အောက်တိုဘာလ (၁၅) ရက်နေ့ အရေးပေါ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းလုံခြုံရေးကို ထိပါးလျက်ရှိသည်ဟု အတိအလင်း အသိအမှတ်ပြုလက်ခံထားပြီး ဖြစ်သည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံက ၎င်း၏နယ်မြေကို အမေရိကန်ဦးဆောင်သော နိုင်ငံတကာမဟာမိတ်များ မြန်မာပြည်သူတို့၏ အသက်ကို ကယ်ဆယ်ရေးအစီအစဉ်အတွက် အသုံးပြုခွင့်ပေးခြင်းသည် ဒေသတွင်းလုံခြုံရေးကို ထိပါးလျက်ရှိသည့် မြန်မာစစ်တပ်၏ လုပ်ရပ်များ ပိုမိုဆိုးရွားမလာစေရန် ကူညီခြင်းဖြစ်သည်၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ပါ။ ထိုအချက်ကို အာဆီယံအဖွဲ့ကြီးက အသိအမှတ်ပြုထားပြီးဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို အသုံးပြုခြင်းလည်း ဖြစ်ပါသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ အမြန်ဆုံးဆောင်ရွက်သင့်သောအချက်များ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုအား လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) မြောက်သလား၊ လူသားမျိုးနွယ်တစ်ခုအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes against Humanity) မြောက်သလား လေ့လာဆန်းစစ်နေပြီး၊ ဆုံးဖြတ်ကြေညာရန် ရှိနေပါသည်။  

ထိုကဲ့သို့အခြေအနေတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် National Defense Authorization Act ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် ပြဋ္ဌာန်းလိုက်သော အဆိုပါအက်ဥပဒေတွင် မြန်မာနိုင်ငံဆိုင်ရာ အရေးယူဆောင်ရွက်ရမည့် အရေးကြီးသောအချက်များ ပါဝင်သည်။ 

ထိုအချက်များမှာ မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို တာဝန်ခံမှုရှိလာစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန် အမေရိကန်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို အစိုးရအဖွဲ့က လွှတ်တော်သို့ အစီရင်ခံရမည် ဖြစ်သည်။ ထိုအချက်နှစ်ချက်သည် မြန်မာပြည်သူများ၏ အသက်များကို ကယ်ဆယ်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” တစ်ခုထူထောင်ရန် အရေးတကြီး ကြိုတင်လိုအပ်ချက်များ ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူများအား ကိုယ်စားပြုသော တရားဝင်အစိုးရအဖြစ် သတ်မှတ်ရန် ယခုအခါ အမေရိကန်လွှတ်တော်နှစ်ရပ်လုံး၊ ပြင်သစ်အထက်လွှတ်တော်နှင့် ဥရောပပါလီမန်တို့က ဆုံးဖြတ်ချက်များ ချမှတ်ထားပြီး ဖြစ်သည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံကလည်း စစ်ကောင်စီခန့်သံအမတ်ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် မပေးခြင်းဖြင့် စစ်ကောင်စီ၏ တရားမဝင်မှုကို စီရင်ချက်ချမှတ်ထားပြီးဖြစ်သည်။ ထို့အတူ အာဆီယံအဖွဲ့ကြီးကလည်း စစ်ကောင်စီကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် မပေးခြင်းဖြင့် စစ်ကောင်စီ၏ တရားမဝင်မှုကို ပြသထားပြီးဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတကာက လက်မခံသော စစ်ကောင်စီကို တရုတ်နှင့် ရုရှားတို့က လုံခြုံရေးကောင်စီတွင် အကာအကွယ်ပေးနေမည်ဆိုလျှင် အမေရိကန်ဦးဆောင်သော ဒီမိုကရေစီမဟာမိတ်နိုင်ငံများက “လူသားချင်းစာနာမှုဆိုင်ရာ ကြားခံနယ်မြေ” တစ်ခု မြန်မာနိုင်ငံအတွင်း အမြန်ဆုံးထူထောင်သင့်ပါသည်။

သို့မှသာ မြန်မာပြည်သူများကို လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသော၊ အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီ၏ ရန်မှ အမြန်ဆုံးကယ်တင်နိုင်မည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button