
ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၃၁) က တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အတွင်း သုံးနေရာထက်မနည်းကို ကရင်နီတပ်မတော် (KA)၊ ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF) နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု KNDF ၏ ယနေ့ (ဇန်နဝါရီ ၁) ထုတ်ပြန်ချက်က ဆိုသည်။
ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်တပ်စွဲထားသည့် ပြည်အောင်ရတနာဆီဆိုင်နှင့် မြို့မရဲစခန်း၊ ဖရူဆိုမြို့နယ်အတွင်း ထီးသော်တနီးကူးနှင့် လောထောတနောရွာအနီးတို့တွင် ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် သေဆုံးနိုင်ကြောင်း၊ ကရင်နီပူးပေါင်းတပ်များဘက်မှ ၁၂ ဦး ဒဏ်ရာရကာ တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း၊ ဖရူဆိုတွင် စစ်တပ်မှ သုံးဦးထက်မနည်း သေဆုံးကာ ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း KNDF ဒုတပ်ရင်းမှူးတစ်ဦးက ပြောသည်။
“သူတို့က အဲဒီမှာ (ပြည်အောင်ရတနာဆီဆိုင်) မကြာခဏတပ်စွဲတယ်။ သူတို့ထွက်သွားရင်လည်း သုံးလေးရက်ပဲ၊ ပြီးရင် ပြန်လာတယ်။ အဲဒီဆီဆိုင်က အမြဲတမ်း သူတို့နေရာပဲ။ ဒါပေမဲ့ သူတို့ ပျောက်သွားတာ တစ်ပတ်လောက်ရှိပြီ။ မနေ့က မနက်က ပြန်ဝင်လာတော့ အဲဒီမှာ တိုက်ပွဲစဖြစ်တာပဲ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲပြီးနောက် ထိုဆီဆိုင်မှ စစ်ကောင်စီက တပ်ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲပြင်းထန်ပြီး ထိခိုက်သေဆုံးမှုများချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ အလောင်းပြန်ကောက်သွားသည်ဟု ဆိုသည်။
“သူတို့တော့ အကျအဆုံးများလိမ့်မယ်။ သူတို့က လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန်မှာ နာရီဝက်လောက် အချိန်ရသွားတော့ သူတို့အလောင်းတွေ အကုန်လုံး လာသိမ်းသွားတယ်” ဟု ဒုတပ်ရင်းမှူးက ပြောသည်။
ဒီးမော့ဆိုမြို့နယ်ရှိ ပစ်မှတ်နှစ်ခုကို ယမန်နေ့ နံနက် ၈ နာရီခန့်မှစ၍ ကရင်နီပူးပေါင်းတပ်များက တစ်ပြိုင်နက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် Karenni Generation Z အမည်ရ ကရင်နီလူငယ်များအဖွဲ့မှ ဗိုလ်ဆော်ရယ်ဆိုသူက ပြောသည်။
ဒီးမော့ဆိုမြို့မရဲစခန်းကို ဒီးမော့ဆိုမြို့နယ် PDF၊ KDF၊ Karenni Generation Z (KGZ)၊ KNDF တို့က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် ပြည်အောင်ရတနာဆီဆိုင်ကို KA၊ KNDF နှင့် လွိုင်ကော် PDF အဖွဲ့တို့က တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။
မွန်းလွဲ ၃ နာရီခွဲခန့်တွင် စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်သဖြင့် ဒေသခံပူးပေါင်းအဖွဲ့များ ပြန်ဆုတ်ခဲ့ရ၍ ရဲစခန်းကို မသိမ်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက သေဆုံးသည့် အလောင်းများကို သံချပ်ကာယာဉ်တစ်စီးကို အကာအကွယ်ယူ၍ လာရောက်ကောက်ယူသွားကြောင်း ဗိုလ်ဆော်ရယ်ထံမှ သိရသည်။
ယမန်နေ့က တိုက်ပွဲမှာ ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လေယာဉ်များ သုံးသည်အထိ ပြင်းထန်ခဲ့သည်ဟု အထက်ပါ ကရင်နီကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ထို့အတူ ရင်ဆိုင်တိုက်ပွဲများ ပြီးသွားချိန် ညပိုင်းအထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေခဲ့သော်လည်း အသေးစိတ်အခြေအနေကို စုံစမ်း၍ မရသေးပေ။
ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေသခံ ခုခံတော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ကယားပြည်နယ်အတွင်း စစ်ကောင်စီက ရက်စက်စွာ နှိမ်နင်းမှုများ တိုးမြှင့်လုပ်ဆောင်နေရာ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅)တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒေသခံနှင့် ခရီးသွား ၃၅ ဦးထက်မနည်းကို စစ်တပ်က သတ်ဖြတ်မီးရှို့ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)