
စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာမျိုးညွှန့်၊ ဦးဟံသာမြင့်နှင့် ဦးသိန်းဦးတို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ −ခ ဖြင့် အင်းစိန်ထောင်ရှိ အထူးတရားရုံး၌ ယနေ့ (ဒီဇင်ဘာ ၃၀) တွင် ထောင် ၂နှစ်စီ အမိန့်ချသည်။
အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းခံထားရသည့် ဦးဟံသာမြင့်နှင့် ဦးသိန်းဦးတို့မှာ ၎င်းတို့ ဖမ်းခံရပြီးမှ ပါတီက ထုတ်သည့် စစ်ကောင်စီ တရားမဝင်ကြောင်း ထုတ်ပြန်သည့် စာ ၂ စောင်ကို အကြောင်းပြု ပုဒ်မတပ်၍ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဒေါက်တာမျိုးညွှန့်မှာလည်း ထိုသို့ စွပ်စွဲခံရပြီး အလားတူပင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သက်ဆိုင်ရာ ရှေ့နေနှင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။
“စီးအီးစီ(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) တွေက ၁ ရက်နေ့ကတည်းက ဖမ်းထားတာ၊ ဒေါ်အောင်ဆန်းစုကြည်တို့လိုပဲ။ အဲဒါ (NLD ကြေညာချက်က) သူတို့ထုတ်တာ ဘယ်ဟုတ်မလဲ” ဟု ဦးဟံသာမြင့်၊ ဦးသိန်းဦးတို့ အမိန့်ချခံရမှု သတင်းကို အတည်ပြုပေးသည့် တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ချမှတ်ခံရသော ထောင်ဒဏ် ၂ နှစ်တွင် ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ရှိသည်ဟု ၎င်းထံမှ သိရသည်။
ထို့အတူ NLD ပါတီမှ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကိုလည်း အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက ပုဒ်မ ၂ခုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်သည်ဟု ဒေသအခြေစိုက် ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုသည်။
ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ − က ဖြင့် ၃ နှစ်၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ၂ နှစ် ချမှတ်ခံရကြောင်း၊ ထိုပုဒ်မ ၂ ခုအတွက် အမြင့်ဆုံးချမှတ်နိုင်သည့် ထောင်ဒဏ်များကို ပေးခြင်းဖြစ်ကြောင်း ရှေ့နေတစ်ဦးထံမှ သိရသည်။
အသက် ၅၀ ကျော်အရွယ် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် အာဏာမသိမ်းမီက နေပြည်တော်တွင် ရှိနေရာမှ မိသားစုကို စစ်ကောင်စီတပ် ရန်ရှာမည်စိုး၍ မန္တလေးသို့ ပြန်လာ၍ အဖမ်းခံခဲ့သူဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့သော် သားဖြစ်သူ ကိုငြိမ်းချမ်းစိုးလည်း ဖမ်းဆီးခံရ၍ အလားတူပုဒ်မဖြင့်ပင် အမှုဖွင့်ခံရပြီး အမိန့်မချသေးကြောင်း၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် လမ်း ၉၀ ပေါ်တွင် NLD ရပ်ကျေးရုံးဖွင့်လှစ်ထားသည့် ၎င်း၏ နေအိမ်သို့ ဩဂုတ်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာကာ ပစ္စည်းများကို ဖျက်ဆီးပြီး အလိုရှိရာတို့ကို ယူဆောင်ခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်ကပင် ပြောသည်။
မကွေးထောင်တရားရုံးကလည်း မကွေးတိုင်းအစိုးရခေါင်းဆောင်များကို တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်သည့် အဂတိမှုစွဲချက်များအတွက် တစ်မှု ၃ နှစ်နှုန်း ယနေ့ စီရင်လိုက်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပြုမူဆောင်ရွက်ချက်များမှာ တရားမဝင်၍ အသိအမှတ်ပြုရန် မလိုကြောင်း NLD မှ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
“စစ်ကောင်စီ သူတို့အာဏာတည်မြဲရေးအတွက် လှမ်းနေတဲ့ ခြေလှမ်းတွေအပေါ်မှာ ကျွန်တော်တို့က ဘာမှ အာရုံထွေပြားစရာ မလိုဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို တစိုက်မတ်မတ် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ဖို့ကို တစိုက်မတ်မတ်လုပ်သွားရမှာပါပဲ” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီ၏ အမိန့်များမှာ တရားမဝင်ကြောင်း ထုတ်ပြန်ထားပြီး ခိုင်းစေသမျှ လိုက်နာဆောင်ရွက်သည့် တရားရေးဝန်ထမ်းများမှာ ပြစ်မှုကျူးလွန်နေခြင်းသာဖြစ်ကြောင်း အောက်တိုဘာလဆန်းတွင် ကြေညာချက်ထုတ်ပြန် သတိပေးထားသည်။
ပြည်သူက မဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ကိုင်စွဲသွားမည်ဟု ကြေညာ၍ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရခဲ့သည့် NLD ပါတီ ခေါင်းဆောင်များအပါအဝင် ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၎င်းတို့ကို ဆန့်ကျင်သည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်၍ ထောင်ဒဏ်များချမှတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)