
လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားစွဲဆိုခံထားရသည့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာတရားရုံးများမှ ဖမ်းဝရမ်းစာ ရောက်မလာနိုင်စေရေး ကြိုတင်တားဆီးနေကြောင်း ပေါက်ကြားလာသည့် လျှို့ဝှက်စာအရ သိရသည်။
ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC) နှင့် အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးတို့မှ အကြောင်းကြားစာများကို လက်ခံခြင်းမပြုရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့် ညွှန်ကြားသည်။
အထက်ပါတရားရုံးများမှ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်း၊ ဖမ်းဝရမ်းနှင့် တရားရုံးဆင့်ခေါ်စာများကို လက်ခံခြင်းမပြုရန် စစ်ကောင်စီ၏ ညွှန်ကြားချက်ကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခံရသူ စစ်ဗိုလ်ချုပ်ဟောင်း ဦးထွန်းထွန်းဦးက ထပ်ဆင့်ညွှန်ကြားထားသည်။
ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပြင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့်ပါ လက်ခံခြင်းမပြုရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်ကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ် ၆ ဦးမှာ အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးတွင် တရားစွဲခံထားရသည်။
ထိုအမှုကို အာဂျင်တီးနားတရားရုံးက ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကြားနာစစ်ဆေးရာ တရားစွဲသည့် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က သက်သေထွက်ဆိုခဲ့သည်။
“သက်သေအထောက်အထားတွေအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ငြင်းဆန်လို့ မရနိုင်တဲ့အရာတွေပါ။ သူတို့ရာဇဝတ်မှုတွေကို အဖြေပေးရပါမယ်” ဟု အာဂျင်တီးနားတရားရုံးတွင် သက်သေထွက်ဆိုပြီးနောက် ဦးထွန်းခင်က ပြောကြားသည်ဟု BBC သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
“ဒါက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရှာဖွေရေးသာမက အာဏာသိမ်းတဲ့အချိန်ကစလို့ စစ်တပ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအားလုံးအတွက် အရေးကြီးပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) ကလည်း ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့အမိန့်အရ သူ့တပ်ဖွဲ့ဝင်တွေက ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမို့ သူ့မှာ တာဝန်ရှိပါတယ်” ဟု ICC တွင် ဦးဆောင်တရားစွဲဆိုမည့် MAP အဖွဲ့ ဒါရိုက်တာ Chris Gunness က ပြောကြားထားသည်။
စစ်ခေါင်းဆောင်များကို အရေးယူနိုင်ငံရေး ထိုသို့ နိုင်ငံတရားရုံးများမှတစ်ဆင့် အပြိုင်အဆိုင်ကြိုးပမ်းနေချိန်တွင် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေးအကြောင်းပြကာ စစ်ကောင်စီက ၎င်း၏ဝန်ကြီးအချို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စေလွှတ်ခဲ့သည်။
ဒုက္ခသည်များ ပြန်လည်လက်ခံရန် ပြင်ဆင်ထားမှုကို နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ သွားရောက်ကြည့်ရှုပုံများကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် စစ်ကောင်စီက ဝေဝေဆာဆာထုတ်ပြန်ခဲ့သည်။
ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ICC တွင် အမှုဖွင့်အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြင်းအထန်ကြိုးစားလာပြီးနောက် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ပါက သေဒဏ်ပေးမည်ဆိုသော ဥပဒေပြင်ဆင်ချက်တစ်ခုကို စစ်ကောင်စီက ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက တရားစွဲဆိုပြီးဖြစ်သည်။
နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်တရားရင်ဆိုင်ခဲ့သည့် ထိုအမှုအတွက် စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော အဖွဲ့ဝင်ရှစ်ဦးပါ ဥပဒေရေးရာအဖွဲ့ကို ဇွန်လအတွင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ရာဇဝတ်မှုများကျူးလွန်သည်ဟု နိုင်ငံတကာ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်များက ခေတ်အဆက်ဆက်တွင် ငြင်းဆိုခဲ့သည့်နည်းတူ အာဏာသိမ်းပြီးနောက်တွင်လည်း ရိုဟင်ဂျာအသုံးအနှုန်းကိုပင် လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားထားသည်။
“ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီဆိုတဲ့ စကားရယ်၊ စစ်တကောင်းသားဆိုတဲ့ စကားရယ် ဒါပဲ ကျွန်တော်တို့ တွေ့ခဲ့တယ်။ ရိုဟင်ဂျာလို့ ကျွန်တော်တို့ မတွေ့ဘူး။ ဘင်္ဂါလီလဲ မပါပါဘူး။ တရားဝင်တိုင်းရင်းသားလဲ မဟုတ်ပါဘူး။ သူတို့စိတ်ကူးနဲ့ခေါ်ထားတဲ့ နာမည်တစ်ခုဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး” ဟု စစ်ခေါင်းဆောင်က မေလအတွင်း တရုတ်သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်