
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ နတ်ချောင်းရွာတွင် ယမန်နေ့ ညနေပိုင်းမှ ယနေ့ (ဒီဇင်ဘာ ၂၇) နံနက်ပိုင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။
ကလေးမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကာ ဒေသခံ PDF ပူးပေါင်းအဖွဲ့မှ နှစ်ဦးကျဆုံးပြီး ဒဏ်ရာရသူခြောက်ဦးရှိကြောင်း PDF (ကလေး) ကလည်း ယနေ့ ထုတ်ပြန်သည်။
ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတိုက်ခိုက်ရေးအဖွဲ့များဖြစ်သည့် ပ.က.ဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ PDF (ကလေး) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
နတ်ချောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း အတိအကျမသိရကြောင်း၊ နံနက်အစောပိုင်းက ကလေးမြို့ တာဟန်းရပ်ကွက်အနီး တိုက်ပွဲဖြစ်ရာတွင် ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကာ ရန်သူ့မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးဆက်လက်တင်းမာနေသဖြင့် ကလေး – ဂန့်ဂေါလမ်းမကို ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ဘေးလွတ်ရာတိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် PDF (ကလေး) က ယနေ့တွင် သတိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က နတ်ချောင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း PDF အဖွဲ့ဝင် ၉ ဦး သေဆုံးသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း အရပ်သားများသာဖြစ်သည်ဟု ကလေး PDF က ဆိုသည်။
စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်သဖြင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရပြီး တပ်စွဲထားသောစစ်တပ်ကြောင့် ရုပ်အလောင်း ၅ လောင်းကိုသာ ကောက်ယူနိုင်သေးကြောင်း မြေပြင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။
“စနိုက်ပါထောက်ထားတယ်ဆိုတော့ ဘာမှ ယူလို့မရဘူး။ အလောင်းတွေကို မျှားထားပြီးတော့မှ စနိုက်ပါနဲ့ ထောက်ထားတဲ့ ပုံစံမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးအရပ်သားများအနက် ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ကိုအေးကို၊ ကိုဖိုးအေး၊ ကိုမြင့်ဇော်နှင့် ဦးမင်းဒင်ဆိုသူ ခြောက်ဦးကိုသာ နာမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး ကျန်အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးမှာ မည်သူမည်ဝါ မသိရသေးဟု ဆိုသည်။
ဦးမင်းဒင်ဆိုသူ၏ ရုပ်အလောင်းကို ယမန်နေ့တွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဦးမောင်ကြည်နှင့် ဒေါ်ဌေးမဆိုသူတို့မှာ ချွေးမဖြစ်သူ မဘဲဥ ဖမ်းဆီးခံရစဉ် ဝင်ရောက်တားဆီးရာမှ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။
ကိုယ်ဝန်ဆောင်ထားရသူ မဘဲဥကို စစ်တပ်က ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ၎င်းက “ဘဲဥမက သာမန်ပြည်သူ။ ဘာအဖွဲ့အစည်းနဲ့မှ ဆက်သွယ်ခြင်း မရှိဘူး” ဟု ပြောသည်။
ကလေးမြို့နယ်တွင် ငါးရက်တာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ဒေသခံ PDF များဘက်မှ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရ၊ သေဆုံးစာရင်းများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
တိုက်ပွဲများကြောင့် နတ်ချောင်းရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်၊ စောင်၊ ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)