သတင်း

ပေါက်မြို့နယ် ဇီးပြားရဲစခန်းကို စစ်တပ်ရောက်ရှိလာသဖြင့် ဒေသခံများထွက်ပြေးနေ 

မကွေးတိုင်းအနောက်မြောက်ပိုင်း ပေါက်မြို့နယ်အတွင်းရှိ ဇီးပြားရဲစခန်းကို ယနေ့ (ဒီဇင်ဘာ ၂၅) နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိတပ်စွဲလာသဖြင့် အနီးဝန်းကျင်ကျေးရွာများတွင် နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။

ပေါက်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ ဇီးပြားရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်မှာ ယမန်နေ့တွင် အခြားသို့ ပြောင်းရွှေ့သွားပြီးနောက် စစ်တပ်က ဝင်ရောက်တပ်စွဲလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“မနေ့က ရဲအင်အား ၃၀ ကျော်ကို ရွှေ့တာပေါ့။ မိုင်းခွဲခံရပြီးကတည်းက အင်အားဖြည့်နေတာ။ ၂၄ ညမှာ ကားသုံးစီး ချောဆွဲထားတယ်။ ဒိုင်နာ၊ ဆယ်ဘီးကားအပါအဝင် သုံးစီးပေါ့” ဟု အသက် ၃၀ ဝန်းကျင် အဆိုပါ ဒေသခံအမျိုးသားက ဆိုသည်။ 

နယ်နိမိတ်ချင်းထိစပ်နေသည့် ပေါက်နှင့် မြိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က စစ်ကောင်စီစစ်ကြောင်းကို မြိုင် PDF နှင့် တိမ်လွှာအမည်ရ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။ 

“ဇီးပြားရွာအနောက်ဘက်မှာ မိုင်းဆွဲလိုက်တယ်။ စစ်သားနဲ့ ရဲ ၁၀ ဦး သေတယ်။ မြိုင် PDF၊ တိမ်လွှာပြောက်ကျားအဖွဲ့လည်း ပါတယ်” ဟု ၎င်းက ပြောသည်။​

စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ဒေသခံတိုက်ခိုက်ရေးအဖွဲ့များမှတစ်ဆင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မြိုင်နှင့် ပေါက်မြို့နယ်ရှိ PDF များက ဇီးပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။​

ထိုသို့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ရန်ကို ကြောက်၍ ဇီးပြားရွာ၊ ညောင်ရင်း၊ စသိန်း စသည့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။​

ယမန်နေ့တွင် စစ်တပ်က ဇီးပြားရဲစခန်းနှင့် ၅ မိုင်ခန့်အကွာရှိ စသိန်းရွာကို ဝင်ရောက်ကာ ကုန်စုံဆိုင်တစ်ခုမှ ပစ္စည်းများ ယူဆောင်သွားကြောင်း၊ ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမည်စိုးသဖြင့် အကာအကွယ်ရရန် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း စသိန်းရွာသားတစ်ဦးက ပြောသည်။ 

“တစ်ယောက်ကို ဖမ်းခေါ်သွားပြီး ရွာမြောက်ဘက်ရောက်တော့ ပြန်လွှတ်လိုက်တယ်။ တစ်ဦးကတော့ တော်တော်ဝေးမှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိ စသိန်းကျေးရွာ ဒေသခံများလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုသည်။ 

“စခန်းရွှေ့မယ် ကြားနေတာ။ ဒီဇင်ဘာ ၂၅ မနက်မှပဲ ရွှေ့သွားတာ။ တစ်ရွာလုံး ရှောင်နေရတယ်။ မနေ့က မနက် ၄ နာရီတည်းက ပြေးနေတာပေါ့။ (ဇီးပြား) စခန်းပတ်ချာလည်မှာ မိုင်းထောင်ခဲ့တယ် ကြားတယ်” ဟု ထိုဒေသခံက ဆက်ပြောသည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပခုက္ကူခရိုင်အတွင်းရှိ ပေါက်နှင့် မြိုင်မြို့နယ်များတွင် ဒေသခံ PDF များက စစ်ကောင်စီကို လက်လုပ်မိုင်းများဖြင့် မကြာခဏ ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။ အဆိုပါ မြို့နယ်များသည် ချင်းပြည်နယ်တောင်ပိုင်းအဝင် လမ်းကြောင်းတွင်ရှိပြီး စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်လျက်ရှိသည့် ယောဒေသနှင့်လည်း ထိစပ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button