သတင်း

ပေါက်တွင် စစ်ကောင်စီရဲစခန်းကို PDF များ ဝင်တိုက်၊ ရဲတစ်ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရဲစခန်းတစ်ခုကို ယမန်နေ့ (ဇန်နဝါရီ ၁၈) မွန်းလွဲပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ 

မြို့မြောက်ဘက် ၁၁ မိုင်ခန့်ရှိ  ဇီးပြားရွာတွင် စစ်ကောင်စီ လက်နက်ကိုင်များ၊ ရွာခံပျူစောထီး ခေါ် ပြည်သူ့စစ်များ စုစုပေါင်း ၄၀ နီးပါး အခိုင်အမာတပ်စွဲထားသည့် ရဲစခန်းကို ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ ၃ ခုနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု မြိုင် PDF က ဆိုသည်။

“အရင်လတုန်းက ကျွန်တော်တို့ဆီက ကလေးတစ်ယောက် မိုင်းထောင်သွားရင်းနဲ့ သူတို့ ဝိုင်းပစ်လို့ ကျထားတာ။ အဲဒီကတည်းက ချောင်းနေရင်းနဲ့ မနေ့က ထိတွေ့မှုဖြစ်တာ။ တိုက်ပွဲက သူတို့က အရင်ပစ်တာ၊ ကိုယ့်ဆီက ကလေးတွေ ဝပ်နေတာကို သိတော့ အရင်ပစ်တာ။ တိုက်ပွဲက မကြာလိုက်ဘူး” ဟု မြိုင် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောသည်။

၁၅ မိနစ်ခန့်သာ ကြာသည့် တိုက်ပွဲအတွင်း PDF ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

စခန်းတွင် ရှိနေသူတို့က အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုခဲ့ကြောင်း သိရသော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် ဇီးပြားရွာ၌ ၎င်းတို့အား ထောက်ခံသူများကို စစ်သင်တန်းများပေး၍ လက်နက်တပ်ဆင်ပေးထားသည်။ ယမန်နှစ် အောက်တိုဘာ ၃ ရက်နေ့က ရွာသားများကို သင်တန်းပေးနေစဉ် PDF တို့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ၁၇ ဦး သေဆုံးကာ သင်တန်းတက်နေသူ ၅၀ ကျော်ကို ကာကွယ်ရေးအဖွဲ့က ဖမ်းမိခဲ့သည်။

အဆိုပါသတင်းများနှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်း၍မရသေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ပေါက်နှင့် မြိုင်ကြားတွင် ကာကွယ်ရေးအဖွဲ့ဝင်များ မိုင်းထောင်စဉ် ထိုစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ရဲဘော်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ရဲစခန်းကို တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button