
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ယခုလ ၁၅ ရက်နေ့က ပျူစောထီးရွာရှိ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၂၁ ဦးအထိ သေဆုံးခဲ့သည်ဟု သိရသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပေါက်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဇီးပြားရွာရဲစခန်းကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီကျော်အထိ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နယ်မြေချင်း ထိစပ်နေသော ပေါက်၊ မြိုင်နှင့် ပခုက္ကူမြို့နယ် အခြေစိုက် PDF အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။
အိမ်ခြေ ၅၀၀ ခန့်ရှိ ဇီးပြားရွာတွင် ရဲစခန်းအပြင် စစ်သား ၂၀ ခန့်နှင့် ပျူစောထီး ၄၀ ခန့်က အခိုင်အမာ ခြေကုပ်ယူထားပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်း သေဆုံးကာ ၎င်းတို့ဘက်မှ ၂၁ ဦး သေဆုံးသည်ဟု မြိုင် PDF က ယမန်နေ့ (နိုဝင်ဘာ ၁၆) တွင် သတင်းထုတ်ပြန်သည်။
ဇီးပြားရွာအတွင်း ပျူစောထီးများ အထိုင်ချထားသည့် နေရာအများအပြားကို ဖျက်ဆီးနိုင်ခဲ့သော်လည်း တပ်ဖွဲ့ဝင် ၂၀ ကျော်မှာ ဝိုင်းဝန်းပိတ်ဆို့ပြီး အနီးကပ်ပစ်သတ်ခံရသည်ဟု မြိုင် PDF တပ်ရင်း (၂) တာဝန်ရှိသူ ဗိုလ် Cross ဆိုသူက ပြောသည်။
“ငါးရက်ဆက်တိုက်လောက် (ဒရုန်းနဲ့) တိုက်လိုက်တယ်။ ရွာထဲကို ချေမှုန်းရေးတွေ လုပ်ကြတာ။ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ပစ်ဝင်ဝင်လိုက်တာ။ ရွာကို စီးနိုင်တဲ့အချိန်မှာ ကင်းနည်းနည်းပေါ့တဲ့အချိန်မှာ ကိုယ့်လူတွေ အဝိုင်းခံလိုက်ရတာ”
တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဇီးပြားရွာနှင့် အနောက်ဘက်ကပ်လျက်ရှိ တရော်ကိုင်းရွာအကြား၌ ပုန်းခိုနေသည့် ပျူစောထီး ၄၀ ခန့်က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အင်အားများများနဲ့ အဝိုင်းခံလိုက်ရတာ။… ရွာအတွင်းထဲမှာ အကုန်စီးနေတဲ့အချိန် တရော်ကိုင်းဘက်ကနေ တပ်ကူလာတဲ့အဖွဲ့တွေရယ်၊ လယ်ကန်သင်းရိုးတွေမှာ ပုန်းနေတဲ့ ပျူတွေက ရွာခံတပ်တွေနဲ့ အဝိုင်းခံလိုက်ရတာ။ ပျူတွေရဲ့မိန်းမတွေက ဓားတွေကိုင်ပြီး တက်လာတာ။ သေနတ်နဲ့ ပစ်တဲ့သူက ပစ်နဲ့” ဟု ဗိုလ် Cross က ပြောသည်။

ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များမှာ အသက် ၂၀ နှင့် ၃၀ အကြား လူငယ်များဖြစ်ကြောင်း၊ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။
“ရွာတစ်ဝက်ကျော်ကျော်လောက် ဖျက်ဆီးနိုင်ခဲ့တယ်။ ဘန်ကာတွေ၊ အဆောက်အအုံတွေ၊ အိမ်တွေအောက်မှာ တူးထားတဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေပါ ချေမှုန်းခဲ့တယ်”
သေဆုံးသွားသည့် တပ်ဖွဲ့ဝင် ၂၁ ဦးအနက် မြိုင် PDF အဖွဲ့မှ ၄ ဦး ပါဝင်ကာ ကျန် ၁၇ ဦးမှာ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့များမှ ဖြစ်သည်ဆိုသော်လည်း အသေးစိတ် မသိရပေ။ လက်ရှိအချိန်ထိ တပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းများကိုသာ ကောက်ယူနိုင်သေးသည်ဟု သိရသည်။
ဇီးပြားရွာကို PDF အဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်နေစဉ် တောင်ဘက် ၉ မိုင်အကွာရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ စစ်တပ်က လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူပေးသည်ဟုလည်း သိရသည်။ ထို့ပြင် စစ်ရဟတ်ယာဉ်ဖြင့် သုံးကြိမ်တိုင် လာရောက်တိုက်ခဲ့သည်ဟု ဆိုသည်။
“လေယာဉ်ပစ်တဲ့ အကြိမ်အရေများတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းတယ်။ အနီးဆုံးကပ်ချေမှုန်းနေတဲ့ နားမှာ ကင်းပုန်းနဲ့ အဝိုင်းခံလိုက်ရတဲ့အနေအထားမှာ အကျအဆုံးများသွားတာ။ အစကတော့ ကျွန်တော်တို့ အသားစီးရနေတဲ့အနေအထား” ဟု ဗိုလ် Cross က ပြောသည်။
ယခုလ ၁၅ ရက်နေ့၌ပင် မြိုင်မြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ရွာတွင် တပ်စွဲထားသည့် စစ်သား ၈၀ ခန့်မှာ စွန့်ခွာထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံနေရခြင်း၊ ရိက္ခာသယ်ယူရေးလမ်းကြောင်း ဖြတ်တောက်ခံထားရခြင်းတို့ကြောင့် ကျားတက်ရွာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားခြင်းဖြစ်သည်ဟု ဆားလင်းကြီးမြို့နယ်မှ PDF ခေါင်းဆောင်တစ်ဦးက ဆိုသည်။
မကွေးနှင့် စစ်ကိုင်းတိုင်းအကြား ပုလဲ၊ ဆားလင်းကြီး၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့ကို ဆက်သွယ်သွားလာရာ လမ်းဆုံရှိ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
ယခုလဆန်းပိုင်းက ကျားတက်စခန်းမှ စျေးဝယ်ထွက်လာသည့် စစ်သားနှင့် ရဲများ ကြားဖြတ်တိုက်ခိုက်ခံရစဉ် တပ်ကြပ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်၊ ထို့နောက် ရက်ပိုင်းအကြာ နိုဝင်ဘာ ၁၂ တွင် စစ်ကြောင်းလိုက် ဈေးဝယ်ထွက်လာစဉ် တိုက်ခိုက်ခံရသဖြင့် စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၄ လက်ကို ဒေသကာကွယ်ရေးအဖွဲ့က ရရှိခဲ့သည်။