ဆောင်းပါး

ဆိတ်ငြိမ်စွာဖြတ်သန်းကြသည့် ကရင်နီပြည်သူများ၏ ခရစ္စမတ်

ခရစ်တော်မွေးနေ့ကို ရင်ခုန်စွာဖြင့် စောင့်ကြိုရင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုကခုန်ခြင်းများ၊ အလှူအတန်းများဖြင့် တက်တက်ကြွကြွ ဆင်နွှဲခဲ့သည့် ဒီးမော့ဆိုမြို့သူ နော်ဖောသည် ယခုနှစ်တွင် အိမ်နှင့် အဝေးတစ်နေရာတွင် စစ်ဘေးရှောင်ရင်း အအေးဒဏ်ကို အန်တုနေရသည်။

“အရင်နှစ်လိုမျိုးတော့ မပျော်ဘူးပေါ့နော်။ သူများအိမ်မှာပဲ ခိုကပ်နေရတော့ စိတ်ကလည်း မချမ်းသာဘူး” ဟု ၃၆ နှစ်အရွယ် နော်ဖောက ဆိုသည်။

အခုက ကိုယ့်အိုးကိုယ့်အိမ်မဟုတ်တော့ ကျွန်မတို့ အရင်လိုမျိုး နွေးနွေးထွေးထွေးလည်း မနေရဘူး၊ စောင်တွေလည်း လုံလုံခြုံခြုံ မခြုံရဘူးပေါ့။ စားဝတ်နေရေးကအစ အဆင်မပြေတော့ဘူး” 

ခရစ္စမတ်ပွဲကို မိသားစု ဆွေမျိုးမိတ်ဆွေများနှင့် နွေးနွေးထွေးထွေး ကျင်းပလိုသော်လည်း ရောက်သည့်နေရာတွင် တိတ်တဆိတ် ဝတ်ပြုဆုတောင်းခြင်းဖြင့်သာ ခရစ်တော်မွေးဖွားသည့်နေ့ကို ဝတ်ကျေတမ်းကျေ ကြိုဆိုခဲ့ရသည်ဟု နော်ဖောက ဆိုသည်။  

နော်ဖောနည်းတူ ကရင်နီဒေသရှိ စစ်ရှောင်တစ်သိန်းခွဲခန့်မှာ တောထဲတောင်ထဲတွင် ဒီဇင်ဘာအအေးဓာတ်ကို အန်တုရင်း ခရစ္စမတ်ကို ဆိတ်ငြိမ်စွာဖြတ်သန်းကြရသည်။

၅ နှစ်ကြာ ဆောက်ခဲ့ရသည့်အိမ်

၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ၏ ထက်ဝက်ခန့်မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ခိုလှုံတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှာ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်ကြသည့် မြို့များဖြစ်သည်။

ခရစ်ယာန်ဘာသာဝင် အများဆုံးရှိသည့် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်နှစ်ခုတည်းတွင်ပင် စစ်ရှောင်လူဦးရေ တစ်သိန်းတစ်သောင်းခန့်ရှိနေသည်။

နော်ဖောသည် ခင်ပွန်းသည်၊ သားနှစ်ဦးနှင့်အတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အသိမိတ်ဆွေ၏ အိမ်၌ ခိုလှုံနေခြင်းဖြစ်သည်။

သားကြီးမှာ ၅ နှစ်ကျော်အရွယ်ဖြစ်ပြီး စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် သားငယ်မှာ အသက် ငါးလကျော်သာ ရှိသေးသည်။

နော်ဖောတို့ နေထိုင်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရပ်ကွက်ရှိ နှစ်ထပ်တိုက်အိမ်မှာ ဇွန်လလယ်ပိုင်းက စစ်တပ်လက်ချက်ဖြင့် မီးလောင်ပြာကျခဲ့သည်။

“အိမ်ကို အရမ်းလွမ်းပါတယ်၊ ကျွန်မတော့ တရားနဲ့ပဲ ဖြေသိမ့်တယ်” ဟု နော်ဖောက ပြောသည်။

“ဒါပေမဲ့ ကျွန်မအမျိုးသားက လုံးဝ မဖြေသိမ့်နိုင်ဘူးပေါ့နော်။ ကျွန်မတို့ဆီမှာ အိမ်သော့ပါလာတယ်။ တစ်ခါတစ်ခါ သူ အိမ်သော့ကို ကြည့်ပြီး ထိုင်ငိုနေတာ အခုထက်ထိပဲ”  

၂၀၁၅ ခုနှစ် ၎င်းတို့လက်ထပ်ပြီးချိန်မှစ၍ မိဘထံမှ အမွေရသော မြေကွက်ပေါ်တွင် အိမ်ကို အကြမ်းထည်ဆောက်ခဲ့ပြီး ပြတင်းပေါက်၊ တံခါး၊ မီးဖိုဆောင် စသည်တို့ကို တစ်ဆင့်ချင်း တိုးချဲ့တည်ဆောက်ရာ ၅ နှစ်အကြာတွင်မှ အချောသပ်ကာ တစ်အိမ်လုံးပြီးစီးခဲ့သည်။

နေအိမ်ပြီးစီးသည်မှာ တစ်နှစ်ပင်မပြည့်တတ်သေး မီးလောင်ပြာကျခဲ့သဖြင့် နော်ဖောနှင့် ခင်ပွန်းသည်တို့မှာ များစွာစိတ်ထိခိုက်ရသည်။ ခင်ပွန်းဖြစ်သူမှာ အိမ်ပြန်မည်တကဲကဲလုပ်နေသဖြင့် မနည်းတားဆီးရသည်။

“နင်ပြန်လည်း ငါတို့အိုးအိမ်လည်းမရှိတော့ဘူး၊ ငါတို့နေတဲ့နေရာကလည်း တကယ့်စစ်မြေပြင်ပဲ၊ အိုးအိမ်ရှိတဲ့သူတောင် ပြန်ခွင့်မရတော့ဘူး။ နင်မပြန်နဲ့လို့ ရက်တိုင်း ကျွန်မ သူ့ကို တားနေရပါတယ်” ဟု နော်ဖောက ဆိုသည်။

စိတ်ထိခိုက်နေရင်းကပင် နော်ဖောပါဝင်ပျော်ရွှင်ခဲ့သည့် ယခင်နှစ်များက ခရစ္စမတ်ပွဲတော်အကြောင်း မေးခွန်းများကို တက်ကြွစွာ ဖြေကြားသည်။

“ခရစ္စမတ်နေ့ မရောက်ခင်ကတည်းက ကျွန်မတို့က ရင်ခုန်နေပြီ။ ပြီးတော့ တက်လည်းတက်ကြွတယ်။ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ခရစ္စမတ်သီချင်းတွေ လိုက်ဆိုတယ်။ နေ့တိုင်းလိုလို ကျွန်မတို့ အမျိုးသမီး၊ အဘွားကြီးတွေရော၊ ကလေးတွေရော၊ မူကြိုအရွယ်တွေရော ပြိုင်ပွဲတွေလုပ်တယ်။ တတ်နိုင်သလောက်လည်း ပေးတယ်၊ လှူတယ်၊ တန်းတယ်” ဟု သူက ပြောသည်။

ဒီဇင်ဘာ ၂၀ တွင် ခရစ္စမတ်အကြိုပွဲများ စတင်ပြီး ဇန်နဝါရီ ၁ ရက်နေ့အထိ နေ့စဉ်မပြတ် ကျင်းပကြောင်း နော်ဖောက ဆိုသည်။

ကရင်နီစစ်ဘေးရှောင်စခန်းတစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ခရစ္စမတ်အတွက် ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – Kayan Generation Youth)

ဘုရားကျောင်း တိုက်ခိုက်ခံရခြင်း

နော်ဖော၏ဇာတိ ဒီးမော့ဆိုတွင်လည်း စစ်ဘေးရှောင်နေရသူတို့၏ ခရစ္စမတ်ကာလဖြတ်သန်းမှုမှာ တိတ်ဆိတ်လွန်းလှသည်။

ယခုနှစ်ခရစ္စမတ်ကို ပျော်ပွဲရွှင်ပွဲများ၊ ခရစ္စမတ်သစ်ပင်နှင့် မီးလုံးများ အလှဆင်ခြင်း၊ မြူးကြွသည့် တေးဂီတများနှင့် ဖြတ်သန်းမည့်အစား ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲအနည်းအကျဉ်းနှင့် ဝတ်ပြုဆုတောင်းခြင်းသာ ပြုလုပ်မည်ဟု ဒီးမော့ဆိုမှ စစ်ရှောင်စခန်းတာဝန်ခံ သုံးဦးက ဆိုသည်။

ကလေးများအတွက် အားကစားပြိုင်ပွဲ၊ ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး ဝတ်ပြုဆုတောင်းမည်၊ စစ်ရှောင်များ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုရှိရန် အကပြိုင်ပွဲတချို့သာပြုလုပ်မည်ဟု ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသားတစ်ဦးထံမှ သိရသည်။ 

အဆိုပါစခန်းတွင် ဒေါငံခါးရပ်ကွက်၊ စံပြခြောက်မိုင်ကျေးရွာနှင့် ကုန်းသာရွာများမှ ဒေသခံအများစုပါဝင်သည့် စစ်ရှောင် ၂၀၀၀ ကျော်ကို လက်ခံထားသည်ဟု သူက ပြောသည်။

“အခြေအနေအရပေါ့နော်၊ အခြေအနေကောင်းလို့ရှိရင် နည်းနည်းပျော်ရွှင်မယ်။ အခြေအနေမကောင်းရင်တော့ လုံးဝမပျော်ရွှင်တော့ဘူးပေါ့။ (တိုက်ပွဲ) အခြေအနေလည်း ကြည့်ရသေးတယ်” ဟု ၎င်းက ဆိုသည်။

ခရစ္စမတ်အတွက် ၎င်း၏ ဆုတောင်းစကားမှာလည်း ရိုးရှင်းလှသည်။ 

“အရေးတော်ပုံ အမြန်ဆုံးအောင်မြင်ပါစေလို့ ဒါပဲ ဆုတောင်းပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ခရစ္စမတ်အတွက် ကြိုတင်ပြင်ဆင်နေသည့် ကရင်နီစစ်ဘေးရှောင်ကလေးငယ်များ။ ဓာတ်ပုံ – Kayan Generation Youth

မေလ ၂၁ ရက်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီပြည်သူများက အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု စတင်ခဲ့သည်။ 

လက်နက်အင်အားသာလွန်သောစစ်တပ်သည် ခုခံသူများကို လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်သကဲ့သို့ လေကြောင်းမှလည်း တိုက်ခိုက်နေသည်။

လူနေရပ်ကွက်များ၊ ခရစ်ယာန်ဘုရားကျောင်းများလည်း ကျည်သင့်ထားသည်။ ၁၉ ရာစုအလယ်ပိုင်းကျော်တွင် ကရင်နီဒေသသို့ ကသလစ်ခရစ်ယာန်သာသနာ စတင်ဝင်ရောက်လာပြီး ကိုးကွယ်ယုံကြည်သူ တဖြည်းဖြည်းများလာသည်။ ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှုပြယုဂ်အဖြစ် ကရင်နီဒေသ မြို့ရွာကြီးငယ်မဟူ ဘုရားရှိခိုးကျောင်းကိုယ်စီ ရှိကြသည်။ ဘုရားကျောင်းများသည် ရွာခံများစုဝေးရာ နေရာဖြစ်သကဲ့သို့ ဘုရားကျောင်းပရိဝုဏ်ထဲရှိ ဓမ္မာရုံများတွင်လည်း ရပ်ရွာကိစ္စအဝဝကို စုဝေးတိုင်ပင် ဆောင်ရွက်ကြသည်။

မေလ ၂၄ မှစ၍ ယနေ့အထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း ၆ ကျောင်း လက်နက်ကြီးလက်နက်ငယ်များနှင့် တိုက်ခိုက်ခံရပြီး ဘုရားကျောင်း ၂ ကျောင်းမှာ ဝင်ရောက်စီးနင်းခံရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သည့် ဘုရားကျောင်းများလည်းရှိသည်။

မေ ၂၉ တွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ စိန့်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်း ဝင်စီးခံရချိန်၌ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။ 

နိုဝင်ဘာ ၂၂ တွင် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်း ကရုဏာဆေးခန်းမှ ပရဟိတဆရာဝန်၊ သူနာပြု ၁၈ ဦးကို ဖမ်းဆီးသွားပြီး တရားမဝင်ဆေးကုသူများဟု စွပ်စွဲသတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့၏ ညှိနှိုင်းမှုကြောင့် နိုဝင်ဘာ ၂၃ တွင် ပြန်လွှတ်ပေးခဲ့သည်။

ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုအနက် လွိုင်ကော်မြို့ ကယန်းသာယာ(တောင်)ရွာရှိ ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်း အတိုက်ခံရမှုမှာ အပြင်းထန်ဆုံးဖြစ်သည်။

မေလ ၂၄ တွင် စစ်တပ်က ပစ်သည့်လက်နက်ကြီး ဘုရားကျောင်းထဲ ကျရောက်ခဲ့ပြီး ခိုလှုံနေသည့် စစ်ရှောင်လေးဦးသေဆုံး၊ ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ဆောက်လုပ်ထားသည့် ယာယီဘုရားကျောင်းကို ယနေ့ ၂၀၂၁ ဒီဇင်ဘာ ၂၅ တွင် တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

လူဦးရေ ၉၀၀ ခန့်ရှိသည့် ကယန်းသာယာတောင်ရွာတွင် ရွာခံများ တကွဲတပြားစီ စစ်ဘေးရှောင်ကြရသဖြင့် ယခု လူ ၃၀ ကျော်သာရှိတော့ကြောင်း အမည်မဖော်လိုသော ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်နှစ်များက ရွာခရစ္စမတ်ပွဲသည် လူဦးရေ ရာချီဖြင့် စည်ကားလှသော်လည်း ယခုနှစ်တွင်မူ ရွာတွင်ကျန်သည့် လူအနည်းငယ်ဖြင့် ဒီဇင်ဘာ ၂၄ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ရသည်။ 

“ခရစ္စမတ်ဆိုတာ ညသန်းခေါင်မှ ယေရှုခရစ်တော်မွေးဖွားတယ်ဆိုပြီးတော့ ည ၈ နာရီ ၉ နာရီကစပြီး ဘုရားကျောင်းမှာ လူတွေစည်ကားပြီးတော့ ကလိုက်၊ မြူးလိုက်၊ ပျော်လိုက်၊ ၁၀ နာရီ၊ ၁၁ နာရီ အချိန်လောက်မှာ ဘုရားရှိခိုးပြီးတော့ ခရစ္စမတ်ဆိုပြီးတော့ အသိအမှတ်ပြုတာ” ဟု ၎င်းက ပြောသည်။

“ဒီနှစ်ကျတော့ အဲဒါလည်း မရှိတော့ဘူး၊ ရွာမှာလည်း ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ စိတ်ထဲမကောင်းဘဲနဲ့ ခရစ္စမတ်ကျင်းပရတာ စိတ်ထဲတစ်မျိုးကြီးပေါ့ဗျာ” 

ကြေကွဲဖွယ်ကာလဖြစ်သောကြောင့် ကရင်နီဒေသ ပြင်ပတွင်လည်း ခရစ္စမတ်ကာလအစီအစဉ်များကို အကျဉ်းချုံးပြုလုပ်ကြသည်။ 

သို့သော်လည်း မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်ဘိုက ရန်ကုန်တွင် ခရစ္စမတ်အကြိုဆုတောင်းပွဲအခမ်းအနားပြုလုပ်ရာ သူ့ဘေးတွင် ပြည်သူအများအပြား သတ်ဖြတ်ခံရမှုအတွက် တာဝန်အရှိဆုံးသူများဖြစ်ကြသော အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ရှိနေကြသည်။ ထိုပုံများကို ခရစ္စမတ်အကြိုနေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ဝေဝေဆာဆာဖော်ပြခဲ့ရာ ခရစ်ယာန်ဘာသာဝင်အများအပြားအတွက် ကြေကွဲစရာဖြစ်လာသည်။

ခရစ္စမတ်နံနက်ခင်း မီးသင့်ရုပ်အလောင်းများ

အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် တစ်စတစ်စ ပိုမိုဆိုးရွားလာနေသည်။ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သည့် လက်နက်ကိုင်ခုခံသူတို့ကို နှိမ်နင်းသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်ခတ်မှုများတွင် အရပ်သားများသည် ပစ်မှတ်ဖြစ်နေသည်။

ကရင်နီဒေသတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

၁၄၆ ဦးထဲတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၄) က အစုလိုက်အပြုံလိုက် ကားပေါ်တွင် မီးရှို့သတ်ဖြတ်ခံရသည့် ဒေသခံ ၃၇ ဦးပါဝင်သည်။ စစ်ကောင်စီက ထိုသူတို့ထဲတွင် လက်နက်ကိုင်ခုခံသူများပါဝင်ကြောင်း၊ မော်တော်ယာဉ်ရပ်ပြီး တားဆီးစစ်ဆေးခံခြင်းမရှိသဖြင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုနေ့က ပစ်ခတ်မှုများရှိနေသဖြင့် ဒေသခံတို့က ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် အခြေအနေမပေးခဲ့ပေ။

ကလေးငယ်တစ်ဦး အနည်းဆုံးပါဝင်သော၊ မီးလောင်ထားသော ရုပ်အလောင်းများကို ခရစ္စမတ်နေ့ နံနက်တွင် ဒေသခံတို့ တွေ့လိုက်ရသည်။

လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ၎င်းတို့အနေဖြင့် စစ်ရှောင်ရခြင်းမရှိသော်လည်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေတွင် ခရစ္စမတ်ကို ပျော်ပွဲရွှင်ပွဲမလုပ်ဘဲ အိမ်နီးနားချင်း သုံးလေးအိမ်ခန့် စုပေါင်းပြီး ဝတ်ပြုဆုတောင်းခြင်းသာ ရှိသည်ဟု ပြောသည်။ 

“တိတ်ဆိတ်ခြောက်ကပ်တာပေါ့နော်၊ ပိုဆိုးတာကလည်း ပြည်သူတွေကလည်း တအားနှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ သတင်းတွေကြားရတော့လည်း Merry Christmas လို့ မအော်နိုင်တော့ဘူး၊ စိတ်မကောင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ရွာသူရွာသားများမှာ ကျား၊ မ၊ လူကြီးလူငယ်မရွေး ထိတ်လန့်နေကြရပြီး လူငယ်အမျိုးသားများမှာလည်း မသင်္ကာမှုဖြင့် အချိန်မရွေးအဖမ်းခံရနိုင်သလို အမျိုးသမီးနှင့် ကလေးငယ်များမှာလည်း စစ်သားများ၏ အန္တရာယ်ပြုခံရမည်ကို စိုးရိမ်နေကြရသည်။ 

“လူ့ပြည်လား ငရဲပြည်လား ဘာမှန်းမသိဘူးလေ၊ လူတွေက နေ့နေ့ညည စိတ်ဆင်းရဲမွန်းကျပ်နေရတာ” ဟု ၎င်းက ဆိုသည်။

“ငါ့အိမ်ထဲမှာနေပြီး ငါ့ကို လက်နက်ကြီးထိပြီး ဘယ်အချိန်သေသွားမလဲတောင်မှ တွေးပူရတာလေ။ သူတို့ (စစ်အာဏာရှင်) မြန်မြန်ကျဆုံးမှပဲ ပြည်သူတွေက အေးအေးချမ်းချမ်းနေရမှာ” 

ဒီးမော့ဆိုမြို့သူ နော်ဖာကမူ စစ်ပွဲများပြီးဆုံးကာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြောင်း၊ ၎င်းတို့စစ်ရှောင်များအတွက်လည်း ပြည်သူတစ်ရပ်လုံးက ဆုတောင်းမေတ္တာပို့သစေလိုကြောင်း ပြောသည်။

“ဒီခရစ္စမတ်နေ့မှာ ဘာစစ်ပွဲမှ ဘာသေနတ်သံမှ ကျွန်မတို့နေတဲ့နေရာဖြစ်ဖြစ် တခြားဒေသဖြစ်ဖြစ် စစ်မဖြစ်စေချင်ဘူးပေါ့နော်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်မတို့နေချင်တယ်။ ကျွန်မတို့ မြန်မာပြည်ကြီးလည်း အမြန်ဆုံးပြန်လည်ငြိမ်းချမ်းဖို့အတွက် မေတ္တာပို့ချင်တာပေါ့နော်” ဟု ၎င်းက ပြောလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button