သတင်း

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ကက်သလစ်ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ခဲ့ရာ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ကက်သလစ်ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ယခုလ ၁၃ နှင့် ၁၄ ရက်တို့တွင် အင်အား ၈၀ ဝန်းကျင်ဖြင့် ဒီပဲယင်းမြို့နယ်ဘက်မှ ရောက်လာသည့် စစ်တပ်က စစ်ကြောင်းနှစ်ခုခွဲပြီးနောက် ရေဦးမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက်မီးရှို့ခဲ့ရာ ဘရင်ဂျီဘာသာဝင်ဟု လူသိများသည့် ကက်သလစ်ခရစ်ယာန်များ နေထိုင်ရာ ချမ်းသာရွာ အပါအဝင်ဖြစ်သည်။

“ကျွန်တော်တို့ရွာကို ဝင်တာကတော့ အကြိမ် ၃၀ ကျော်နေပြီ။ ရွာကို မီးရှို့တာက လေးကြိမ်မြောက် ရှို့တာ၊ အိမ်ခြေပေါင်း ၄၀၀ ကျော် ဖျက်ဆီးခံရပြီးပါပြီ။ တစ်ရွာလုံး ဘာမှလည်း ရစရာမရှိတော့ဘူး” ဟု ချမ်းသာရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ရေဦးမြို့နယ် အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်၊ အိမ်ထောင်စု ၂၀၀၀ နီးပါးရှိ သည့် ကျေးရွာဖြစ်ပြီး ကက်သလစ်ဘာသာဝင်အများစုနှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ ကျေးရွာဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က စတုတ္ထအကြိမ်မြောက် မီးရှို့ခံရစဉ် နေအိမ် ၁၂၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁၈၉၄ ခုနှစ်ကတည်းက ရှိခဲ့သည့် ကက်သလစ်ဘာသာဝင်တို့၏ မယ်တော်သခင်မဘုရားကျောင်းပါ မီးလောင်ပျက်စီးခဲ့သည်။

“ဘုရားကျောင်းကတော့ ဘာမှ သိပ်မကျန်တော့ဘူး။ အဆောက်အအုံကြီးတာမှန်သမျှ အကုန်ရှို့သွားတာ၊ တော်တော်လေးကို ပျက်စီးသွားတယ်။ (အဆောက်အအုံ) ကြီးတာမှန်သမျှ၊ သီလရှင်ကျောင်း၊ ကျောင်းထိုင်ဘုန်းကြီးကျောင်း၊ ဝတ်ပြုကျောင်းဆောင် ရစရာမရှိတော့ဘူး” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ကိုဂျိမ်းက ဆိုသည်။

စစ်ကောင်စီတပ်က အဆိုပါကျေးရွာကို ၂၀၂၂ ခုနှစ် မေလ ၇ ရက်၊ ဇွန်လ ၇ ရက်နှင့် ဒီဇင်ဘာ ၁၄ ရက်တို့တွင် မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁၄ တွင် ထပ်မံ ဝင်ရောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၈ ရက်တွင် နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့သလို မေလ ၇ ရက်တွင် စစ်တပ်က ဝင်ရောက်မီးရှို့စဉ် အိမ် ၂၁ လုံး မီးလောင်ပျက်စီးခဲ့ကာ မကြာသေးခင် ဒီဇင်ဘာ ၁၄ ကလည်း နေအိမ်  ၁၅၈ လုံးနှင့် အဆောက်အအုံအများအပြား မီးရှို့ခံရသည်။

မီးလောင်ကျွမ်းထားသော ကက်သလစ်ကျောင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယင်းနှစ် ဇန်နဝါရီလအတွင်းကလည်း အင်အားရာဂဏန်းဖြင့် ချမ်းသာရွာအတွင်း စစ်တပ်က သေနတ်များ ပစ်ခတ် ဝင်ရောက်လာရာ အသက် ၄၃ နှစ်အရွယ် ဦးစိုးနှင့် ၅၀ ကျော်အရွယ် ဦးဇော်ကြီးဆိုသည့် ရွာသား နှစ်ဦး အသတ်ခံရသည်။

ဒီပဲယင်းနယ်ဘက်စစ်ကြောင်းနှစ်ခုအနက် တစ်ခုသည် ပင်စည်၊ အောင်ချမ်းသာ၊ အောင်သာနှင့် မူးဆုံရွာဘက်သို့ စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး နောက်တစ်ကြောင်းသည် မစိုးရိမ်၊ ကျည်ကုန်း၊ ခြုံရွာ၊ ဇီးကုန်း စသည့်ရွာများကို စီးနင်းခဲ့ပြီး ချမ်းသာ၊ ရွာသစ်၊ ရွာမိသာ၊ ကုန်းသာတို့ကို ဝင်ရောက်မီးရှို့သည်။

ချမ်းသာရွာ ရပ်မိရပ်ဖအမျိုးသားက တစ်လအကြာတွင် ထပ်မံမီးရှို့ခံရမည်ဟု မထင်မှတ်မိကြောင်း ပြောသည်။ 

“ကျွန်တော်တို့ရွာကနေ ထွက်သွားတာကလည်း မကြာသေးဘူးလေ။ ဘယ်လိုမှ ဒီလောက်မြန်မြန်ကြီး နောက်တစ်ခေါက် လာလုပ်လိမ့်မယ်လို့ ထင်မထားဘူး။ လူတွေကို ရည်ရွယ်ချက်ရှိရှိ၊ သတ်ဖြတ်နှိပ်စက်ဖို့ကို လုပ်တာပါ” ဟု ဆိုသည်။

ရှောင်တိမ်းနေရသော ချမ်းသာရွာမှ ဒေသခံများသည် စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာရွာကို မီးရှို့ပြီး နောက်တစ်နေ့ (ဇန်နဝါရီ ၁၅) တွင် အဆိုပါစစ်ကြောင်းသည် ရေဦးမြို့သို့  ဝင်ရောက်သွားပြီး ယနေ့ နံနက်တွင် ရေဦးမြို့မှတစ်ဆင့် မူးမြစ်ကို ကူးကာ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိနေဟု ဒေသတွင်းကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုစစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းမှ အင်တိုင်းလေး၊ သရက်ပင်စု၊ မကျည်းအုပ်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ မကျည်းအုပ်ကျေးရွာမှ အရပ်သားအမျိုးသားတစ်ဦး တင်ပါးဆုံတွင် သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် ယင်းကျေးရွာများနှင့် ဝန်းကျင်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ သည်။

ရေဦးမြို့နယ်အတွင်း ယမန်နှစ် မေလအတွင်း ရွာသား ၂၈ ဦး အသတ်ခံရသော မုန်တိုင်ပင်ရွာအပါအဝင် ကျေးရွာအများအပြား စီးနင်းခံရပြီး နေအိမ်အများအပြား မီးရှို့ခံခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button