သတင်း

စစ်ကိုင်းတိုင်း ရေဦးတွင် လက်နက်ကြီးကျည်ကျပေါက်ကွဲ တစ်ဦးသေ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲရာ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲရာ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့တို့က ပြောသည်။

ရေဦးမြို့မြောက်ဘက်အထွက်ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တပ်စွဲထားသည့် စစ်တပ်က ယမန်နေ့ည (ဇွန် ၁၇) ၉ နာရီအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဟု ယူဆရသည့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖိန်းကားကျေးရွာအနီး၊ ရေဦး-တန့်ဆည်ကားလမ်းဘေးရှိ ဆန်စက်တစ်ခုသို့ ကျည်ကျရောက်ပေါက်ကွဲခဲ့သည်။ 

ပေါက်ကွဲမှုကြောင့် ဆန်စက်စောင့်ဝန်ထမ်းများဖြစ်သည့် အသက် ၄၀ အရွယ် ဦးဝင်းကျော်မိုး သေဆုံးပြီး သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မအိမ့်သန္တာဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်။

“မြို့ပေါ် စစ်စခန်းတွေက ညတိုင်းလိုလိုကို လက်နက်ကြီးတွေပစ်နေတာ၊ ရွာတွေဘက်ကို ပစ်နေတာပေါ့လေ၊ မနေ့ညကတော့ ၂ လုံးပစ်တာ တစ်လုံးက နှောကုန်းဆိုတဲ့ရွာအပြင်ဘက်ကျတယ်၊ တစ်လုံးကတော့ အခုလူထိခိုက်တဲ့ ဖိန်းကားကို ကျတာ၊ သားအဖနှစ်ယောက်လုံး ထိသွားတာ” ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖိန်းကားကျေးရွာသည် ရေဦးမြို့မှ ၂ မိုင်ခန့်အကွာတွင်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး၊ ရေဦး-တန့်ဆည် ကားလမ်းဘေးတွင် တည်ရှိသည်။

ခရိုင်မြို့အဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည့် ရေဦးမြို့ပေါ်တွင် စစ်တပ်က အင်အားအများအပြားဖြင့် တပ်စွဲနေရာယူထားသည်။ မြို့တွင်းရှိ တိုင်းရင်းဆေးရုံဝင်းအတွင်း၊ မြို့လယ် ကြာဖူးအဝိုင်းနှင့် မြို့၏ ဝင်ပေါက်၊ ထွက်ပေါက်နေရာတို့တွင် တပ်စခန်းများတည်ဆောက်ထားသည်။

ထိုစခန်းများမှ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေရာယူထားသည်ဟု ယူဆရသော ကျေးရွာများ၊ မူးမြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ခင်ဦးမြို့နယ်အတွင်းအထိပါ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်။

ရေဦးမြို့နယ်တွင်းကိုသာမက ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်တို့ကိုလည်း ရေဦးမြို့အခြေစိုက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလေ့ရှိသည်။

Show More

Related Articles

Back to top button