သတင်း

ကက်သလစ်ဘာသာဝင်များ၏ရွာကို စစ်တပ် မီးထပ်ရှို့၊ အိမ် ၁၀၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ချမ်းသာရွာကို ယမန်နေ့ (ဇွန် ၇) တွင် ဝင်ရောက်စီးနင်းပြီး မီးရှို့သည့်အတွက် အိမ် ၁၀၀ ကျော် ပျက်စီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဘရင်ဂျီဘာသာဝင်ဟု လူသိများသည့် ကက်သလစ်ခရစ်ယာန်များ နေထိုင်ရာ ရေဦးမြို့နယ်အတွင်းရှိ ချမ်းသာရွာကို ပြီးခဲ့သည့် မေလတွင် စစ်တပ်က ပထမအကြိမ် ဝင်ရောက်မီးရှို့ခဲ့စဉ် အိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။

မြို့အနောက်ဘက် ၉ မိုင်ကျော်အကွာရှိ ထိုရွာကို ယမန်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာပြီးနောက် ညနေ ၄ နာရီတွင် စစ်တပ်က မီးစရှို့ကြောင်း၊ မီးလောင်ပျက်စီးသည့် အိမ်အများစုမှာ အိမ်ကြီးအိမ်ကောင်းများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“တစ်ရွာလုံးမွှေနှောက်ရှာဖွေပြီးတော့ ရွာမြောက်ပိုင်းကနေ စပြီးမီးရှို့တာ။ တောင်ဘက်ထိပ်ထိ ရောက်တာ။ ​အိမ် ၁၁၀ လောက် ပါသွားတယ်။ တစ်ရွာလုံး အပြောင်ရှို့တာပဲ။ တစ်ရွာလုံးကို ခြုံပြီး ရှို့တဲ့သဘောပဲ” ဟု ထိုရွာမှ လုံခြုံရေးအရ​ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ယနေ့ (ဇွန် ၈) ပြောသည်။

အင်အား ၁၂၀ ခန့်ရှိ စစ်တပ်သည် ရွာမီးရှို့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် ပြန်ထွက်သွားကြောင်း၊ နံနက် ၇ နာရီတွင် ဒေသခံများ ရွာအတွင်း ပြန်ဝင်ရောက်ကာ မီးငြှိမ်းသတ်ရကြောင်း ၎င်းက ပြောသည်။​

အိမ်ကြီးအိမ်ကောင်းများကို အဓိကထား မီးရှို့သွားခြင်းဖြစ်ကြောင်း၊ မီးလောင်အားကောင်းသော လောင်စာတစ်မျိုး အသုံးပြုခဲ့ကြောင်း သူက ဆိုသည်။​

“ရိုးရိုးရှို့တာမဟုတ်ဘူးဗျ။ ​သူတို့မှာ ဆေးပါတယ်။​ ဆေးရည်နဲ့ကို လောင်းရှို့သွားတာ။​ သူတို့ကျန်ခဲ့တဲ့ လက်ကျန်ပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် ဒီဇယ်နဲ့ တခြားပစ္စည်းတွေကို နယ်ထားတဲ့ ကော်လိုဟာမျိုးတွေ တွေ့ရတယ်” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။

“ဇီးဖြူသီးလောက် အလုံးလေးတွေ လုံးထားတဲ့ဟာလေးတွေနဲ့ ရှို့ရင် နာရီဝက်လောက်နဲ့ကို မငြိမ်းဘူးဗျ။ တချို့အိမ်တွေဆိုရင် သူတို့ထွက်သွားပြီးလို့ ကျွန်တော်တို့ မီးဝင်ငြှိမ်းတဲ့အိမ်တွေဆိုရင် အိမ်တိုင်တွေကို အဲဒီအလုံးလေးတွေ၊ ကော်တွေကပ်ပြီး မီးရှို့ထားခဲ့တာ” 

အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ဝန်းကျင် နေထိုင်သော ချမ်းသာရွာကို မေလ ၇ ရက်တွင် စစ်တပ်က ဝင်ရောက်မီးရှို့စဉ် အိမ် ၂၁ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

“ကျွန်တော်တို့ရွာကို ၁၆ ကြိမ် ဝင်တယ်။ တစ်ခါမှ မှည့်တစ်ပေါက်မစွန်းဘူး။ ဝင်တယ် ပြန်သွားတယ်။ လိုချင်တာယူတယ်။​ ပြန်သွားတယ်။ ​ဝင်တယ်။​ မီးရှို့တယ်၊ ပြန်သွားတယ်။ ​ကျွန်တော်တို့ ဘာမှ မလုပ်ဘူး။​ လုပ်စရာပစ္စည်းလည်း မရှိဘူး။ ​လုပ်လည်းမလုပ်ဘူးဗျ” ဟု ချမ်းသာရွာခံ အခြားအမျိုးသားတစ်ဦးကလည်း ပြောသည်။

ဇန်နဝါရီလအတွင်းကလည်း ချမ်းသာရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ချမ်းသာရွာဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသလို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ်တွင်လည်း ဘရင်ဂျီဘာသာဝင်များနေထိုင်ရာ ချောင်းရိုးရွာကို ပြီးခဲ့သည့်လတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ရာ အိမ်ခြေ ၃၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်အလုံးရေ နှစ်သောင်းနီးပါး ပျက်စီးပြီး စစ်ကိုင်းတိုင်းတွင် အိမ် ၁၃,၀၀၀ ကျော်ရှိကာ အများဆုံးဖြစ်ကြောင်း ထိုအချက်အလက်များကို စာရင်းကောက်ယူနေသည့် Data for Myanmar အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်တပ်ကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button