သတင်း

ချင်းပြည်နယ် ဘုရားကျောင်းတက်သူစာရင်း စစ်ကောင်စီ ကြိုတောင်း

ချင်းပြည်နယ်ရှိ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် မြို့နယ် ၈ ခုတွင် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုလိုသူများ မြို့နယ်ထွေအုပ်ရုံးသို့ တစ်ပတ်ကြိုတင် အကြောင်းကြားရမည်ဟု စစ်ကောင်စီက ယခုလ ၁၃ ရက်နေ့တွင် ကြေညာသည်ဟု သိရသည်။

တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါးနှင့် မင်းတပ်မြို့များတွင် လိုက်လံကြေညာထားသည်ကို သိရှိကြောင်း ချင်းအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ခရစ်ယာန်ဘာသာကိုးကွယ်မှု ၈၅ ရာခိုင်နှုန်းကျော်ရှိသည့် ချင်းပြည်နယ်တွင် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် စစ်ကောင်စီ၏ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတစ်ခုဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ 

“သူတို့ စစ်အုပ်ချုပ်ရေးထုတ်လိုက်တယ်ဆိုကတည်းက ပြည်သူလူထုအပေါ် ဖိအားပေးမှုတွေ လုပ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွက်ဆထားပြီးသားဖြစ်တယ်။ အထူးသဖြင့် ချင်းတွေက ၁၀၀ မှာ ၉၀ က ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။ ဘုရားကျောင်းကန်တွေမှာ အခုလို ပိတ်တာက ဘာသာရေးအခွင့်အရေး ချိုးဖောက်မှုတစ်ခုပဲ” ဟု သူက ဆိုသည်။

စာရင်းပေးသွင်းခြင်းမပြုဘဲ ကျောင်းတက်ပါက မည်သို့ တုံ့ပြန်မည်၊ မည်သည့်ကာလအထိ ထိုသို့ ကန့်သတ်မည်ကို မသိရသေးပေ။

စာရင်းမပေးလိုသည့် ဘုရားကျောင်းတက် ဒေသခံများအနေဖြင့် အခက်တွေ့နေသည်ဟု ကန်ပက်လက်မြို့မှ သင်းအုပ်ဆရာတော်တစ်ပါးက မှတ်ချက်ပြုသည်။

“အကြမ်းဖက်လုပ်ရပ်တွေထဲက တစ်ခုပါပဲ။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး နှိပ်ကွပ်နေတာက ပြည်သူလူထုအတွက် အင်မတန် စိတ်ဖိစီးစရာပါပဲ” ဟု သူက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ ဒေသခံများသည်လည်း အလားတူ​ကြုံနေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဘုရားကျောင်းတက်ဖို့ သတင်းမပေးချင်သော်ငြားလည်း ပေးရမယ့်အခြေအနေတွေက ဖြစ်လာနေတယ်။ ဒါပေမဲ့လည်း ဘာလုပ်ကြမလဲဆိုတာ သေချာတော့ မသိရသေးပါဘူး” ဟု မတူပီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Salai Za UK Ling က စစ်ကောင်စီ၏ လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိဟု ပြောသည်။

“ဒီလုပ်ရပ်က အခြေခံလူ့အခွင့်အရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာစုဝေးခွင့်ကို တိုက်ရိုက်ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီ၏ ပတ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော် သေဆုံးခဲ့ရသည်။

အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ချင်းပြည်နယ်တစ်ခုလုံးတွင် ဘာသာရေးအဆောက်အအုံပေါင်း ၇၀ ကျော် ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

“ဘုရားကျောင်းတွေက ချင်းလူမျိုးတွေရဲ့ လူနေမှုကို ဖော်ပြတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ခုပဲဖြစ်တယ်။ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ ဗုံးကြဲတိုက်ခိုက်တာလဲ စစ်ကောင်စီပဲ။ အခုလို ဘုရားကျောင်းတက်ခွင့်ကို ပိတ်ပင်ကန့်သတ်တာ၊ လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ကို ဖိနှိပ်တာလည်း သူတို့ပဲ” ဟု ဖလမ်းဒေသခံတစ်ဦးဖြစ်သည့် ဦးထန်းတယ်က ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူကို အကာအကွယ်ပေးနေသည်၊ အကြမ်းဖက်သမားများကသာ မီးရှို့ခြင်းဖြစ်သည်ဟု ယမန်နှစ်က ပြောခဲ့ဖူးသည်။

ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ရှိ မြို့နယ်အများစုတွင် အာဏာသိမ်း စစ်ကောင်စီက တယ်လီဖုန်းလိုင်းဖြတ်တောက်ထားသလို စားနပ်ရိက္ခာပို့ဆောင်သည့် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့ထားသည်။

ထိုပိတ်ဆို့မှုများကြားမှ ယခုလ ၈ ရက်နေ့တွင် မြို့နေလူ မရှိတော့သည့် ဟားခါးခရိုင်၊ ဟားခါးမြို့နှင့် ၂၅ မိုင်ခန့် အကွာတွင်ရှိသည့် ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိအချိန်ထိ မြို့၏ ၉၅ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီက ချင်းကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားသော မြို့မရဲစခန်းကုန်းကို ပြန်လည်ရယူရန် လေကြောင်းမှ နေ့စဉ် တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ခုခံမှုအားကောင်းသည့် မြို့နယ်များတွင်လည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီ အာဏာသိမ်းမှု ၂ နှစ်ပြည့်အပြီး ဖေဖော်ဝါရီ ၁ ရက်တွင် တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေကို ၆ လ ထပ်မံတိုးမြှင့်ထားသည်။ ဖေဖော်ဝါရီလ ၂ ရက်တွင် လက်နက်ကိုင်ခုခံသည့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ ချင်းပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းတို့မှ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များမှာ ၄၄ မြို့နယ် ရှိလာပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button