အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော် ကရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်

စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့ ခရစ်တူးဘုရင် ကက်သလစ်ဘုရားရှိခိုးကျောင်းဝင်းတွင်းရှိ ကရုဏာဆေးခန်းမှ ဆရာဝန်နှင့် သူနာပြုများအပါအဝင် စေတနာ့ဝန်ထမ်း ၁၈ ဦး ယနေ့ (နိုဝင်ဘာ ၂၃) ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ 

စစ်တပ်က စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေသည့် လွိုင်ကော်မြို့ သာသနာ့ဗိမာန်အနီးရှိ မိခင်နှင့် ကလေးပြုစုစောင့်ရှောက်ရေးဌာနတွင် တစ်ညတာ ထိန်းသိမ်းခံရပြီး ယနေ့ ညနေ ၆ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဆေးခန်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။ 

“ကျွန်တော်တို့အားလုံး အရမ်းဝမ်းသာတယ်။ (ပြန်လွှတ်ပေးသည့်အကြောင်းရင်း) မသိသေးဘူး။ လောလောလတ်လတ်လွတ်လာတော့ မမေးဖြစ်ဘူး။ သူတို့ပင်ပန်းနေတယ်လေ။ နောက်မှပဲ မေးမလားလို့” ဟု ၎င်းက ဆက်ပြောသည်။

ကရုဏာဆေးခန်းမှ ဆရာဝန်နှင့် သူနာပြုများအပါအဝင် စေတနာ့ဝန်ထမ်းများ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက စစ်ကောင်စီတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဆေးခန်းပြန်ဖွင့်နိုင်ဖို့ နောက်တစ်ဆင့် ဆွေးနွေးရမယ်ထင်တယ်။ ပြန်ဖွင့်ခွင့်ရမှာပါ” ဟု ၎င်းက ဆိုသည်။

ကရုဏာဆေးခန်းကို အင်အား ၂၀၀ ခန့်ရှိ စစ်သားနှင့် ရဲများက ယမန်နေ့ (နိုဝင်ဘာ ၂၂) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ဆရာဝန်နှင့် သူနာပြုများ အပါအဝင် စေတနာ့ဝန်ထမ်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဆေးခန်းရှိ လူနာများကိုလည်း လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်ခံကုသပေးနေသည်ဟု စွပ်စွဲကာ စစ်တပ်က ဆေးခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်သော်လည်း ဖမ်းဆီးခံ စေတနာ့ဝန်ထမ်းများမှာ စစ်အာဏာမသိမ်းမီကတည်းက ဆေးခန်းတွင် ကူညီနေသူများဖြစ်သည်ဟု ဆေးခန်းနှင့် နီးစပ်သူက ယနေ့နံနက်ပိုင်းတွင် ပြောကြားထားသည်။

ဘုရားရှိခိုးကျောင်းတွင်းရှိ ဆေးခန်းကို ဝင်ရောက်စီးနင်းစဉ် ရဲများက ဘာသာရေးအရ အထွတ်အမြတ်ထားရာ အသုံးအဆောင်များပါမကျန် မွှေနှောက်ရှာဖွေသည်ဟုလည်း ၎င်းက Myanmar Now ကို ပြောသည်။ 

“အသေးစိတ် အပ်တစ်ချောင်းပါ အကုန်လုံး လိုက်ဖွင့်ကြည့်၊ ဖြဲကြည့် အကုန်လုံးပေါ့နော်။ Privacy တွေ လုံးဝမရှိလောက်အောင် အခန်းထဲဝင်လည်း တစ်ခန်းလုံး မွှေနှောက်နေအောင် သူတို့ရှာတာ။ သံသယဖြစ်စရာလည်း တစ်ခုမှ သူတို့မရသွားပါဘူး” ဟု ၎င်းက ပြောသည်။ 

ကရုဏာဆေးခန်းကို အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် ဖွင့်လှစ်ထားသည်မှာ ၂၄ နှစ်ခန့်ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံများ မလည်ပတ်နိုင်သည့် အခြေအနေတွင် ဝန်ဆောင်မှုတိုးပေးနေရသည်ဟု ဆိုသည်။ 

“ဒီတော်လှန်ရေးကာလမှာ ဝန်ဆောင်မှုက ပိုပေးရတာပေါ့လေ။ ရွာပြန်လို့မရတဲ့ပုဂ္ဂိုလ်တွေ၊ အိမ်မီးရှို့ခံရလို့ လောင်သွားတဲ့ပုဂ္ဂိုလ်တွေ စသဖြင့် အခက်အခဲအမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ ဆက်ခေါ်ထားပြီး ထမင်းကျွေးထားရတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီဒေသတွင် မေလ ၂၁ ရက်မှစ၍ စစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များရှိ ဘုရားရှိခိုးကျောင်း ၈ ခုထက်မနည်း ပျက်စီးခဲ့ရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မေ ၂၄ တွင် လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်) ရွာရှိ ဘုရားရှိခိုးကျောင်းဝင်းတွင် ခိုလှုံနေသည့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်နည်းတူ မေ ၂၉ တွင်လည်း လွိုင်ကော်မြို့ပေါ်ရှိ စိန့်ပီတာရဟန်းဖြစ်သင်တန်းကျောင်း စီးနင်းခံရစဉ် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button