သတင်း

မင်းတပ်မြို့တွင်း ပြောက်ကျားပစ်ခတ်မှု စစ်ကောင်စီဘက်မှ ၂ ဦးသေ

ယမန်နေ့ (ဒီဇင်ဘာ ၂၄) ညနေပိုင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချုံခိုတိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏ ဒေသတွင်းပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 

 ညနေ ၄ နာရီခွဲဝန်းကျင် အရှေ့ပြင်ရပ်ကွက်အနီး ပစ်ခတ်မှုအပြီး ၎င်းတို့၏ MA 3 နှင့် G 3 သေနတ်တို့ကို ရယူခဲ့သည်ဟု CDF – မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။

“ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်လာတာကို ဝင်ပစ်တာ။ ဝင်ပစ်တော့ ဆိုင်ကယ်က မြောင်းထဲ ထိုးကျပြီးတော့ ဗိုလ်ကြီးရော၊ ရဲသားရော မြောင်းထဲ ထိုးကျသွားတယ်။ မြောင်းထဲ ထိုးကျသွားတော့ သေချာအောင် မြောင်းထဲကို ဝင်ပစ်ပြီးမှ သေနတ်ကောက်ပြီး ပြန်လာတာ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုမှာ ၅ မိနစ်ခန့်သာ ကြာမြင့်ပြီး CDF (မင်းတပ်) အဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သူက ဆိုသည်။  

CDF သည် မင်းတပ်တွင် ပြောက်ကျားစနစ်နှင့် မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာ ၃၁ ရက်နေ့က စိချဲ့လမ်းဆုံအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့ မီးသတ်ရုံးနှင့် ခရိုင်ထွေအုပ်ရုံး တိုက်ခိုက်မှုတွင်လည်း ၂ ဦးသေဆုံးခဲ့သည်။ 

မကွေးတိုင်း ထီးလင်းနှင့် ကျောက်ထုဘက်မှ ခွဲတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှစ်ခုသည် မင်းတပ်မြို့နယ် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေရာ ယမန်နေ့ (ဒီဇင်ဘာ ၂၄) ရက်ကလည်း ပလိပ်ထွီကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

နှစ်နာရီနီးပါးကြာမြင့်သည့် ပလိပ်ထွီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း CDF – မင်းတပ်ထံမှ သိရသည်။ 

အဆိုပါစစ်ကြောင်းသည် ပလိပ်ထွီရွာမှတစ်ဆင့် ခွီးရိန်ရွာသို့ ထွက်ခွာသွားပြီး ယနေ့ (ဒီဇင်ဘာ ၂၅) ရက်နေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း ကိုယောမန်က ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက မေ ၁၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မင်းတပ်ကို စက်တင်ဘာလလယ်မှစ၍ အင်တာနက်အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသဖြင့် ဒေသခံတို့ ပြင်ပနှင့် အဆက်အသွယ်ရရန် ခက်ခဲနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button