
အိန္ဒိယက မြန်မာ့ပဲ ဝယ်ယူမှု ကန့်သတ်လိုက်သည့်အတွက် ဟန်ချက်ပျက်သွားသော ပဲဈေးကွက် ပြန်လည်တည်ငြိမ်ရန် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ပြောလိုက်သည်။
ဒေါက်တာမြင့်ဦးက ပဲဈေးကွက် နောက်ဆုံးအခြေအနေ၊ အဓိက ပဲဝယ်လက်နိုင်ငံ အိန္ဒိယ၏ ဝန်ကြီးချုပ်အဆင့် မြန်မာပြည်ခရီးစဉ်ကာလ ဖြစ်နိုင်ခြေများ၊ ရှာဖွေရမည့် ဈေးကွက်သစ်တို့ အကြောင်း ပြောပြထားသည်။
မေး – ပဲဈေးကွက်ရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပေးပါ။
ဖြေ – ပဲဈေးကတော့ တော်တော်များများ သိပြီးတဲ့အတိုင်း မတ်ပဲ၊ ပဲစင်းငုံက အိန္ဒိယကို တင်ပို့တာ။ အခု အိန္ဒိယက ကန့်သတ်ကုန် သတ်မှတ်လိုက်တော့ လောလောဆယ် ဒီမှာက ဈေးကွက်က အေးသွားတာပေါ့။ ဒါပေမဲ့ အိန္ဒိယ ဝန်ကြီးချုပ်က ၆ ရက်နေ့ ရောက်မယ် ဆိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရော၊ နိုင်ငံတော် အကြီးအကဲတွေကိုရော ကျွန်တော်တို့ အသင်း အဖွဲ့အားလုံးက ဒီက အနေအထားတွေ၊ ဖြစ်ပျက်နေတာတွေကို တင်ပြပြီးတော့ ပဲပြန်လည်တင်ပို့နိုင်အောင်၊ ဝန်ကြီးချုပ်လာတဲ့အချိန်ကျရင် ညှိနှိုင်းပေးဖို့ မေတ္တာရပ်ခံထား ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နိုင်ငံတော် အကြီးအကဲတွေနဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားလို့ ပဲဈေးကွက်က ပုံမှန် ပြန်ဖြစ်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်။ အရင်က မတ်ပဲ တစ်တန်ကို ရှစ်သိန်း ကနေ အခု ပေါက်ဈေး ငါးသိန်းငါးသောင်းလောက် ဆိုတော့ နှစ်သိန်းခွဲလောက် ကျသွားတာပေါ့။ ပဲစင်းငုံ ဆိုရင်လည်း အရင်က ငါးသိန်း၊ ခြောက်သိန်းလောက် ရှိရာက အခုကတော့ လေးသိန်းသုံးသောင်းပဲ ရှိတော့တယ်။

မေး – အိန္ဒိယက ပဲကို ဘာကြောင့် ကန့်သတ်လိုက်တယ်လို့ ထင်လဲဗျ။
ဖြေ – ကျွန်တော့်အမြင်ကတော့ သူတို့ဆီက စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲစင်းငုံတွေ အထွက်ကောင်းတဲ့ အတွက်ကြောင့် အိန္ဒိယပြည်တွင်းဈေးက ကျသွားတယ်။ ထုံးစံအတိုင်း ဆိုရင်တော့ အစိုးရက အဲဒီဈေးအောက် ရောက်သွားရင် တောင်သူဆီက ဝယ်ပေးရတယ်။ ထိုက်သင့်သလောက် ဝယ်ပေမယ့်လည်း ဈေးက ထပ်ကျသွားတဲ့အတွက်ကြောင့် သူတို့တောင်သူတွေ ဒုက္ခရောက်တယ်။ ပြည်တွင်းမှာ ပိုလျှံတဲ့ အတွက်ကြောင့် ပြည်ပက တင်သွင်းတဲ့ဟာကို ပိတ်ဆို့တာကတော့ အခြေခံ အကြောင်းရင်းတစ်ရပ်ပါပဲ။ အဓိကကတော့ ကန့်သတ်ကုန်အဖြစ် သတ်မှတ်လိုက်တာပေါ့။ လိုတဲ့ပမာဏပဲ ဝယ်မယ်ပေါ့။ လုံးဝပိတ်ဆို့လိုက်တာတော့ မဟုတ်ပါဘူး။
မေး – သူတို့က ဘာကြောင့် MoU (နားလည်မှုစာချွန်လွှာ) ထိုးချင်ရတာလဲ။
ဖြေ – အိန္ဒိယကတော့ အစိုးရချင်း ချိတ်ဆက်ပြီး သတ်မှတ်ဈေးတန်း တစ်ခုနဲ့ စာချုပ်ချုပ်ပြီးတော့ တစ်နှစ်ပတ်လုံး ဝယ်သွားချင်တဲ့ ဆန္ဒရှိတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး၊ တခြား အာဖရိက နိုင်ငံတွေနဲ့လည်း MoU ထိုးဖို့ သူတို့က ကြိုးစားပါတယ်။ ကျွန်တော် သိသလောက်ကတော့ MoU ထိုးလို့ ဖြစ်မြောက်တာကတော့ အာဖရိကက မိုဇမ်ဘစ် ဆိုတဲ့ တစ်နိုင်ငံတည်းပဲဖြစ်တယ်။ ကျန်တဲ့ အာဖရိကနိုင်ငံတွေကတော့ MoU ထိုးထားတာလည်း မရှိဘူးလို့ ကြားသိရတယ်။
မေး – ဒေါက်တာမြင့်ဦးကရော MoU နဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားလဲ။
ဖြေ – ၂ဝဝ၉ ခုနှစ်လောက်ကတော့ သူတို့ MoU ထိုးဖို့ ကြိုးစားခဲ့ဖူးတာပေါ့။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်သေးတဲ့အပိုင်း ပါတာပေါ့။ အဆင်သင့်မဖြစ်သေးဘူး ဆိုတာက ဒီနိုင်ငံက အလေ့အကျင့် မဖြစ်သေးဘူး။ ထိုးမယ်ဆိုရင် သူတို့ လိုလားချက်ရှိမယ်၊ ဒီဘက်ကဖြစ်နိုင်ခြေရှိမယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမှပဲ ထိုးရမယ့် အနေအထားရှိတာပေါ့။ အဲ့ဒါက လုပ်နိုင်ရင်တော့ ဈေးကွက်တစ်ခုတော့ တည်ငြိမ်တာပေါ့။ ဒါပေမဲ့ ဒီမှာက လွတ်လပ်စွာ ဝယ်ရောင်းတဲ့ အနေအထားရှိတော့ ဈေးကွက်တစ်ခု အနေအထားကို အဲ့ဒီအပေါ် အခြေခံပြီး ထိုးရမယ့်အခါကျတော့ ကျွန်တော်တို့ဘက်က အများကြီးပြင်ဆင်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။

မေး – MoU မထိုးဖြစ်နိုင်သေးတဲ့ အကြောင်းရင်းက ဈေးနူန်းကြောင့်များလား။
ဖြေ – MoU ပဲ ဖြစ်ဖြစ်၊ အရောင်းအဝယ်စာချုပ် သဘောသဘာဝကတော့ ဈေးကွက်ကိုက်ညီမှုဖြစ်မှပဲ အားလုံးအဆင်ပြေမှာပေါ့။ ရောင်းသူလည်း ရောင်းချင်တဲ့ဈေးရမှ ဝယ်သူလည်း ဝယ်ချင်တဲ့ဈေးရမှပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပေါ့။ ဝယ်သူကတော့ တတ်နိုင်သမျှ သက်သက်သာသာနဲ့ ဝယ်ချင်ကြမှာပဲ။ ရောင်းသူကလည်း ပိုပြီး စိုက်ပျိုးနိုင်အောင် ဈေးကောင်း ကောင်း ရလိုတာပေါ့။ ကျွန်တော့်အမြင်ကတော့ နှစ်ဦးနှစ်ဖက်အတွက် မျှတတဲ့ဈေးဖြစ်ဖို့ကတော့ ပိုပြီးအရေးကြီးတာပေါ့။
မေး – MoU မှာ ဘယ်အချက်တွေ ပါဝင်သင့်တယ်လို့ ကုန်သည်တွေဘက်ကမြင်လဲ။
ဖြေ – MoU ထိုးမယ်ဆိုရင် ဒီဘက်က လက်ရှိပေးနိုင်မယ့် အရေအတွက်၊ ပေးနိုင်မယ့် ဈေးနူန်း။ နိုင်ငံ အချင်းချင်း၊ အစိုးရ အချင်းချင်း ထိုးမယ့် အနေအထားဆိုတော့ တိမ်းစောင်းခံလို့ တော့ မကောင်းဘူးပေါ့။ ကိုယ့်ဘက်ကနေ အကုန်ပြင်ဆင်ပြီး သေချာတဲ့အနေအထားဖြစ်မှပဲ ထိုးသင့်တယ်လို့ ယူဆပါတယ်။
မေး – အိန္ဒိယဝန်ကြီးချုုပ်နဲ့ညှိနှိုင်းတာ အဆင်မပြေရင် ပဲဈေးကွက် ဘယ်လိုဖြစ်သွားနိုင်လဲ။
ဖြေ – မတ်ပဲ၊ ပဲစင်းငုံကိုတော့ အိန္ဒိယကိုပဲ အဓိကထားရောင်းပါတယ်။ ပဲတီစိမ်းကလည်း တခြားနိုင်ငံတွေက ဝယ်ပါတယ်။ သူတို့နဲ့က နှစ်ပေါင်း ၃ဝ လောက်အထိကို သူတို့ကလည်း လိုလားချက်ရှိလို့ ဝယ်တယ်။ ကျွန်တော်တို့ကလည်း စိုက်ပျိုးလို့ ကိုက်ညီတယ်။ အဲဒါကြောင့် နှစ်တိုင်းစိုက်တယ်။ ဈေးကတော့ တက်ရင်တက်မယ်၊ ကျရင် ကျမယ်ပေါ့နော်၊ အဲဒီလိုပုံစံနဲ့ပဲ နှစ်ပေါင်းများစွာ လုပ်လာတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ သူတို့က ကန့်သတ်ကုန်စည် လုပ်လိုက်တော့ မြန်မာပြည်အတွက် သတိပေးသလို ဖြစ်သွားတာပေါ့။ ကိုယ့်ဘက်က သတိထား ရမယ့် အခြေအနေဖြစ်သွားပြီ။ သူတို့ဘက်က ယတိပြတ်ဝယ်မယ်လို့ ခံယူထားလို့ မရတော့ဘူး။ ဝယ်ယူမယ့် နိုင်ငံရဲ့ ဝယ်ယူနိုင်အားကို ချင့်ချိန်ရတော့မယ်။ ဒီပဲမှ မဟုတ်ရင် တခြား နိုင်ငံတကာဈေးကွက်ဝင်တဲ့ ဘာပဲမျိုးကို ပြောင်းစိုက်သင့်လဲ၊ ဘယ်လောက်စိုက်သင့်တယ် ဆိုတာကို သုံးသပ်ရမယ့် အနေအထားတော့ ဖြစ်သွားပြီပေါ့။ သူတို့ မဝယ်ဘူး ဆိုရင်တော့ ကျန်တဲ့ကုန်တွေကို အကောင်းဆုံး ဈေးတန်းတစ်ခု ရောင်းနိုင်အောင် ကြိုးစားရတော့မှာပေါ့။ နောက်ဟာတွေကိုတော့ ဈေးကွက်မရှိတဲ့ ပဲနေရာမှာ ဈေးကွက်ရှိတဲ့ အစားထိုးပဲကို စဉ်းစားရ တော့မယ်။

မေး – တခြားဈေးကွက်ကို ရှာနေကြပြီလား။
ဖြေ – ဈေးကွက်သဘောကတော့ ဘာပဲဖြစ်ဖြစ် ရှာကိုရှာရမှာပဲ။ ဈေးကွက်တစ်ခုကလည်း ပုံသေ ဝယ်ချင်မှ ဝယ်မယ်။ ကျွန်တော်တို့မှာ ဈေးကွက်သုံးလေးခုရှိရင် တစ်ဈေးကွက်မဝယ်ရင် နှစ်ဈေးကွက်ကိုသွားမယ်၊ နှစ်ဈေးကွက်မဝယ်ရင် သုံးဈေးကွက်ကိုသွားမယ်။ ဒါမျိုးတော့ရှိသင့်တာပေါ့။ ဒါမှလည်း အဆင်ပြေမှာလေ၊ တစ်ခုတည်းကို မှီခိုတာကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ တခြားဈေးကွက်ကို ရှာပေမယ့် ဒီထက်ကောင်းတဲ့ ဈေးကွက်မတွေ့သေးလို့ ဒါကို ဆက်လက် လုပ်ကိုင်နေရတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဒီထက်ကောင်းတဲ့ ဈေးကွက် ဒါမှမဟုတ် ဒီလောက်ကောင်းတဲ့ ဈေးကွက်ကိုရှာဖို့ လိုအပ်တယ်။ လုပ်လည်း လုပ်နေကြပါတယ်။
မေး – ကုန်စည်ဒိုင်က ပဲကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူတွေနဲ့ ညှိနှိုင်းနေသလဲ။
ဖြေ – လောလောဆယ်တော့ မြန်မာနိုင်ငံ ပဲ၊ နှမ်းအသင်းနဲ့ ညှိနှိုင်းပြီးတော့ ပဲအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းရှင်တွေရော ပူးပေါင်းပြီးတော့ နိုင်ငံတော်ကနေလည်း တတ်နိုင်သမျှ တောင့်ခံပြီးတော့ ရန်ပုံငွေတစ်ခု ထူထောင်ပြီး၊ ပဲ ဈေးနူန်းကို မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဈေးတန်းကို မရောက်သွားအောင်၊ ပဲဈေးနူန်း ဒီထက် ပိုမကျသွားအောင်၊ ဈေးတန်းတစ်ခုကို ထားပြီး ဝယ်ဖို့ သူတို့ ဆွေးနွေးနေပါတယ်။ အဓိက ကတော့ အခုလို အချိန်မျိုးမှာ ပဲလုပ်ငန်းမှာ လုပ်နေသူ၊ တောင်သူတွေကအစ တင်ပို့ရောင်းချသူတွေအထိပေါ့ဗျာ၊ ကိုယ့်အခက်အခဲကို အဆင်ပြေအောင်ဖြေရှင်းဖို့၊ ဈေးကွက်ကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပေးဖို့၊ ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုအပ်မယ်လို့တော့ အကြံပြုချင်ပါတယ်။ ။