
မြန်မာ့ပဲ အဓိကတင်ပို့သည့် အိန္ဒိယသို့ မတ်ပဲနှင့် ပဲစင်းငုံ စုစုပေါင်းတန်ချိန် ၃ သိန်းခွဲကို ၅ နှစ်ဆက်တိုက် တင်ပို့ရောင်းချရန် ဇွန် ၁၈ တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၂၀၁၆ ကတည်းက နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အစပြုခဲ့သော်လည်း အိန္ဒိယအနေဖြင့် ပြည်တွင်းပဲလိုအပ်ချက် ဖူလုံသဖြင့် အထမမြောက်ဖြစ်နေခဲ့ရာမှ ယခု ပဲလိုအပ်ချက်မြင့်မားလာ၍ ဝယ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် လာမည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ၂ ဒသမ ၅ သိန်း၊ ပဲစင်းငုံ ၁ သိန်း စုစုပေါင်း တန်ချိန် ၃ သိန်းခွဲကို တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ ယခုလက်မှတ်ရေးထိုးထားသည့် ပဲတန်ချိန် ၃ သိန်းခွဲအပြင် နှစ်စဉ် အိန္ဒိယအစိုးရက ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူသည့် ပဲမျိုးစုံခွဲတမ်းကို ထိခိုက်မှုမရှိဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာခွဲတမ်းကိုလည်း ဆက်လက်ခံစားခွင့်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က အိန္ဒိယအစိုးရက လိုင်စင်ထုတ်ပေးထားသည့် ပဲစက်လုပ်ငန်းရှင်များနှင့်သာ ချိတ်ဆက်တင်ပို့ရောင်းချရပြီး ကုန်ကျစရိတ်ပိုများသည့်အပြင် ကာလပေါက်ဈေးကိုလည်း မရရှိကြောင်း၊ ယခုလက်မှတ်ရေးထိုးမှုကြောင့် ဈေးကွက်ပိုပွင့်လာနိုင်ကြောင်း မြန်မာနိုင်ငံပဲအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က Myanmar Now ကို ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းယူထားသည့် ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့နေသော်လည်း အခြားပို့ကုန်လုပ်ငန်းများနည်းတူ ပဲတင်ပို့ရာတွင် ကုန်သေတ္တာမရသည့် အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။
လူဦးရေများသော အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဲစားသုံးမှုအများဆုံးနှင့် ပဲစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်ကြီးမားခြင်းကြောင့် မြန်မာနှင့် အခြားနိုင်ငံများမှ တန်ချိန်ပမာဏတစ်ခု သတ်မှတ်ကာ နှစ်စဉ် တင်သွင်းနေရသည်။
မြန်မာ့ပဲတင်ပို့မှုဈေးကွက်မှာလည်း အိန္ဒိယ၏ ဝယ်ယူမှုအပေါ်တွင် မူတည်နေပြီး ၂၀၁၈ တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကန့်သတ်ချက်ကြောင့် မြန်မာ့ပဲတင်ပို့မှုကို ထိခိုက်ခဲ့သည်။
ယခုနားလည်မှုစာချွန်လွှာကြောင့် မြန်မာ့ပဲဈေးကွက် တည်ငြိမ်မှုရှိလာနိုင်ကြောင်း၊ အိန္ဒိယအစိုးရသည် မြန်မာမှ ပဲတင်သွင်းမည်ဟု အကြောင်းပြကာ ၎င်းနိုင်ငံအတွင်း၌ ပဲဈေးကစားသူများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံသည် ဆန်စပါးပြီးလျှင် ဒုတိယစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြည်ပပို့ကုန်ဝင်ငွေ အများဆုံးရရှိနေသည့် ထွက်ကုန်တစ်ခုဖြစ်ကာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာမှ မတ် ၁၈ အထိ) ပဲတန်ချိန် ၁၄ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ သန်းကျော် ရရှိထားကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။