သတင်း

လေတပ်က ပစ်ခတ်ခဲ့သည့် ကလေးမြို့ နတ်ချောင်းရွာကို စစ်သားများ မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၃) နေ့လယ်ပိုင်းတွင် စစ်ရဟတ်ယာဉ်နှစ်စီး စေလွှတ်ပစ်ခတ်ပြီးနောက် ညနေပိုင်းမှစ၍ နေအိမ်များကို မီးရှို့နေသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။

ရွာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်သားအင်အား ၁၀၀ နီးပါးနှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား နံနက် ၁၀ နာရီဝန်းကျင်မှစ၍ တိုက်ပွဲဖြစ်ပြီးနောက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်နှစ်စီးက ရွာ၏ တောင်မှ မြောက်သို့ ၅ကြိမ်ခန့်စီ ပျံဝဲကာ ပစ်ခတ်သည်ဟု ၎င်းတို့က ပြောသည်။

“တစ်ခါလာရင် တစ်စင်းပဲလာတယ်။ တစ်စင်းလာပြီး ပတ်ပစ်တယ်။ အဲဒီတစ်စင်းပြန်သွားတယ်။ နောက်တစ်စင်း ထပ်လာတယ်။ ပြီးရင် ထပ်ပစ်တယ်။ အကြာကြီးပဲ ပတ်ပစ်တယ်။ တစ်ခါလာရင် အနည်းဆုံး မိနစ် ၂၀ လောက် ကြာတယ်”ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်တပ်က ညနေ ၆ နာရီဝန်းကျင်မှစ၍ ကျေးရွာကို မီးရှို့နေကြောင်း၊ အိမ်ခြေ ၂၀၀၀ ကျော်ရှိ နတ်ချောင်းကျေးရွာ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ပြေးနေရ၍ ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ရဟတ်ယာဉ် လာရောက်ပစ်ခတ်ချိန်တွင် ဒေသခံအနည်းငယ်သာ ရွာကို စွန့်ခွာ ပုန်းရှောင်နိုင်ခဲ့ပြီး ပစ်ခတ်မှု ကျဲပါးသွားချိန် ညနေစောင်းမှ အချို့ ထပ်မံတိမ်းရှောင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့လာတဲ့အချိန်မှာ ကူးတို့ဆိပ်တွေကလည်း မဖွင့်ရဲတော့ မဖွင့်ကြဘူး။ ဒီလောက်ထိဖြစ်မယ်လည်း မထင်တော့ တော်တော်များများက ရွာထဲမှာပဲ နေတယ်”ဟု ထိုသူက ပြောသည်။

လွန်ခဲ့သည့် တစ်လခန့်က ရွာကို စစ်ကြောင်းဝင်စဉ် မပြေးလျှင် ဘာမှလုပ်မည်မဟုတ်ဟု စစ်တပ်က ပြောထားခဲ့ခြင်းကို ယုံစား၍ တိုက်ပွဲဖြစ်စ ကနဦးတွင် ထွက်ပြေးသူနည်းပါးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွာရဲ့စာသင်ကျောင်း မျက်နှာချင်းဆိုင်က အိမ်တစ်အိမ်ကို မီးရှို့တယ်။ အဲ့ဒီကနေ မီးထပ်ရှို့ပြီးတော့ အခု ၃ အိမ် လောင်ပြီလို့ ကြားတယ်။ အခုလည်း လောင်နေဆဲပဲ”ဟု ထိုသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၂၃) ည ၇ နာရီဝန်းကျင်တွင် ပြောသည်။

နတ်ချောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က နေအိမ် ၆ လုံးကို နံနက်ပိုင်းက ဝင်ရောက်စီးနင်း၊ ပစ္စည်းများသိမ်းယူကြောင်း၊ ခုခံသူများနှင့် ဆက်စပ်သည်ဟု ယူဆရသည့် ဒေသခံအချို့ကို ဖမ်းသွားပြီးနောက် တိုက်ပွဲစတင်ခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ပြောသည်။

ခုခံကြသူများမှာ ကလေးမြို့အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) စသည့် အဖွဲ့များမှ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လေကြောင်းမှ တိုက်ခိုက်သဖြင့် နေအိမ်များအပြင် ဘုန်းကြီးကျောင်းပါ ထိခိုက်ခဲ့သော်လည်း အသေးစိတ်မသိသေးကြောင်း၊ နတ်ချောင်းရွာအနီးတစ်ဝိုက်ရှိ နတ်မြောင်း၊ ချောင်းခွ စသည့်ကျေးရွာများမှ ဒေသခံများပါ တိမ်းရှောင်နေရကြောင်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

ထိုတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်၊ သေဆုံးမှုအခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီး ၁၀လကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်နှင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အားကောင်းနေကြရာ လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းနှင့် မကွေးတို့ရှိ ဒေသအများအပြားက ထိပ်ဆုံးမှ ပါဝင်နေသည်။

ထိုဒေသများအတွင်းသို့ စစ်ကောင်စီက လေကြောင်းအကူအညီပါယူ၍ စစ်ဆင်ရေးများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတို့မှာ ယခုရက်ပိုင်း၌ပင် ရဟတ်ယာဉ်နှင့် ပစ်ခတ်၊ နေအိမ်များ မီးရှို့ခံထားရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button