**သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံများပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်**
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄ ရက်ကြာ စခန်းချခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း နှောဒေသ၊ ဆုံကုန်းကျေးရွာအနီးတွင် သတ်ဖြတ်ပြီး ကျင်းတစ်ခုထဲတွင် မြှုပ်နှံခံရသည့် ဒေသခံ ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် ဒေသခံတို့ ရှာတွေ့ခဲ့သည်။
ဒီဇင်ဘာ ၁၇ မှစ၍ ဆုံကုန်းရွာ၌ တပ်စွဲခဲ့သည့် စစ်သား ၂၀၀ ခန့် ပြန်လည်ထွက်ခွာပြီး နောက်တစ်ရက်တွင် ဆုံကုန်းရွာနှင့် တစ်မိုင်ကျော်ကွာဝေးသည့် စစ်ရဟတ်ယာဉ် အဆင်းအတက်ပြုလုပ်သည့် နေရာအနီး ဖိနပ်ခြေရာများတွေ့သဖြင့် အနီးရှိမြေပုံကို တူးဖော်ကြည့်ရာ ထိုသို့တွေ့ရခြင်းဖြစ်ကြောင်း ကိုယ်တိုင်ရှာဖွေခဲ့သူတစ်ဦးက ပြောသည်။
၅၅ နှစ်အရွယ် ဦးမြတ်သင်း၊ အသက် ၄၀ အရွယ် ဦးမျိုးနိုင်နှင့် ၁၂ နှစ်အရွယ် မောင်အောင်ဌေးတို့ ရုပ်အလောင်းများဖြစ်သည်ဟု ၎င်းက ပြောသည်။
“သေနတ်ဒဏ်ရာတွေ ဘယ်ဘက်နို့အုံအောက်မှာ။ ၃ ယောက်စလုံးပဲတွေ့တယ်။ မျက်ခွက်တွေထိုးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ဗိုက်တွေကန်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်။ ဖြစ်သလိုပဲ သုံးယောက်စလုံးကို ထပ်ပြီး တစ်ကျင်းထဲ မြှုပ်ထားတာပါ”ဟု ဒေသခံက ပြောသည်။
သတ်ဖြတ်ခံရသူများမှာ ထိုစစ်ကြောင်းက ဖမ်းသွားသည့် ဒေသခံ ၁၀ ဦးစာရင်းတွင် ပါဝင်ပြီး ကျန် ၇ ဦး ပြန်လည်လွတ်မြောက်လာသည်ဟု နှောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်တစ္ဆေကလည်း ပြောသည်။
“သူတို့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ သေနတ်နဲ့ ပစ်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ ပြီးတော့ အဲဒီနားမှာ ကျည်ခွံ ၇ ခွံနဲ့ မပေါက်သေးတဲ့ ကျည်တစ်တောင့်လည်း တွေ့တယ်” ဟု PDF ခေါင်းဆောင်က ပြောသည်။
“အသက် ၁၂ နှစ်အရွယ် ကိုအောင်ဌေးကတော့ သူက စိတ်သိပ်မနှံ့တော့ လျှောက်ပြောတာပေါ့။ စစ်ကြောင်းတွေလာတော့ တွေ့တယ် ဘာညာတွေပြောတော့ စစ်သားတွေက အဟုတ်မှတ်ပုံရတယ်၊ အဟုတ်မှတ်ပြီး လျှောက်မေးတော့ လိုက်ပြတဲ့နေရာတွေက တလွဲတွေ။ အဲဒါနဲ့ သတ်လိုက်ပုံရပါတယ်”
သတင်းရင်းမြစ်တချို့ကလည်း မောင်အောင်ဌေးသည် အသက် ၁၆ နှစ်ဟု ပြောကြသည်။
ဖမ်းဆီးခံရသူ ၁၀ ဦးမှာ စစ်တပ်က ဝင်ရောက်စီးနင်းချိန်တွင် ရှောင်တိမ်းရန် နောက်ကျနေသူများနှင့် နေအိမ်သို့ ပြန်ကာ စားနပ်ရိက္ခာသွားရောက်ယူငင်သူများဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
လွတ်မြောက်လာသူများနှင့် အဆက်အသွယ်မရသေးသလို ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
ဆုံကုန်းရွာ၌ စစ်ရဟတ်ယာဉ် ဆင်းတက်မှုများလုပ်နေသည့် ဒီဇင်ဘာ ၂၀၊ မွန်းလွဲ ၃ နာရီခန့်တွင် ထိုနေရာမှ သေနတ်သံများထွက်ပေါ်လာသည်ကို ပုန်းခိုရာနေရာမှ ကြားခဲ့ရကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“သေနတ်သံကြားတဲ့နေရာကို ဆက်စပ်ပြီးတော့ သွားရှာလိုက်တာပေါ့” ဟု ထိုသူက ဆိုသည်။
ထိုရွာသို့ ဒီဇင်ဘာ ၁၇ နံနက်ပိုင်းတွင် စစ်သား ၁၀၀ ခန့် သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းကတည်းက ဆုံကုန်းဒေသခံ ၂၅၀၀ ကျော်မှာ တောတိုက်၊ ယာခင်းများရှိရာဆီသို့ တိမ်းရှောင်နေခဲ့ရကြောင်း အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။
နောက်တစ်ရက် (ဒီဇင်ဘာ ၁၈)တွင် စစ်သား အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းနှစ်ခု ပေါင်းကာ ဆုံကုန်းရွာ၌ ၄ ရက်ကြာ တပ်စွဲခဲ့ကြောင်း နှောဒေသ PDF ခေါင်းဆောင်ကလည်း အတည်ပြုသည်။
စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားစဉ် အထက်ပါ ဒေသခံ ၃ ဦး သတ်ခံရသည့်ပြင် မော်တော်ယာဉ် ၂ စီး၊ နေအိမ် ၁ လုံးကို မီးရှို့ကြောင်း၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို မွှေနှောက်ယူဆောင်သွားကြောင်း အထက်ပါ သတင်းရင်းမြစ် ၂ ဦးက ပြောသည်။
ဒီပဲယင်းနယ်အနောက်ခြမ်းရှိ ဒေသခံများကိုးကွယ်ရာ နှောဘိုးတော်နတ်နန်းကို အစွဲပြုခေါ်ဝေါ်ကြသည့် နှောဒေသတွင် ကျေးရွာအုပ်စု ၅ စုရှိပြီး ကျေးရွာပေါင်း ၁၈ ရွာရှိသည်။
စစ်တပ်က နိုဝင်ဘာ ၈ မှစ၍ ရဟတ်ယာဉ် ၆ စီးနှင့် မြေပြင်တပ်များ ပါဝင်သည့် စစ်ကြောင်း ၂ ကြောင်းဖြင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းခွဲကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု PDF ထံမှ သိရသည်။
ထိုကာလအတွင်း ဒေသခံကာကွယ်ရေးတပ်များက လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ပြန်လည်ခုခံနေကြသည်။
ဆုံကုန်းကျေးရွာတွင် ပေါင်းဆုံခဲ့သည့် စစ်အင်အား ၂၀၀ ခန့်မှာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည့် စစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ရေဦးမြို့နယ်၊ ဝက်ဖြူကျေးရွာသို့ ထွက်သွားသည်ဟု ဗိုလ်တစ္ဆေက ပြောသည်။
“ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ပေါ့။ သူတို့မှာက လူစိတ်မရှိတော့ တွေ့တဲ့သူကို သတ်ချင်သတ်မယ်။ ရိုက်ချင်၊ ရိုက်မယ်။ နှက်ချင်၊ နှက်မယ်။ ဘာပဲဖြစ်နေဖြစ်နေ စစ်ကြောင်းလာရင် ကြိုတင်ရှောင်ရှားကြဖို့ပေါ့လေ” ဟု ၎င်းက ပြောသည်။
စစ်သားများက ဒီပဲယင်းဝန်းကျင်တွင် ဖမ်းဆီး၊ သတ်ဖြတ်၊ ပစ္စည်းလုယူသည် ဟူသော ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။ ပြီးခဲ့သည့် ၆ လအတွင်း ဒီပဲယင်းဒေသတွင် စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေသခံ PDF များအားကောင်းသည့် စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ဆားလင်းကြီး၊ ကနီ၊ တန့်ဆည်နှင့် ယောဒေသများတွင် ကျေးရွာများကို မီးရှို့မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို စစ်တပ်က အကြိမ်ပေါင်းများစွာ ကျူးလွန်နေပြီး ယင်းကို ခုခံပိုင်ခွင့်အဖြစ် စစ်ကောင်စီက ပြောဆိုလေ့ရှိသည်။
စစ်ကောင်စီ၏ ထိုသို့ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ထံ ဩဂုတ်လဆန်းပိုင်းကတည်းက အစီရင်ခံထားသော်လည်း ကုလ၏ အရေးယူမှုများ နှောင့်နှေးနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)