သတင်း

မင်းတပ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုဖြင့် ချီတက်လာသောကြောင့် ဒီဇင်ဘာ ၁၉ ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲများဖြစ်နေသည်။​

စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်းမှနေ၍ စစ်ကြောင်းနှစ်ခုခွဲကာ ချီတက်လာခြင်းဖြစ်ပြီး၊ ထီးလင်းမြို့နယ်မှ လာသော စစ်ကြောင်းမှာ ဘုရားစခန်း၊ ဝုမ်းခုမ်၊ ရှစ်မွေး စသည့် ရွာများမှတစ်ဆင့် ဝမ္မးသူ ရွာ၊ ကျောက်ထုမှ လာသည့် စစ်ကြောင်းမှာ ကြီးရွာ၊ အောက်လာပန်းရွာမှတစ်ဆင့် လှိရုံးရွာသို့ ရောက်နေသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်ထံမှ သိရသည်။ 

အဆိုပါစစ်ကြောင်းများ ချီတက်လာရာလမ်းကြောင်းတွင် ယမန်နေ့တွင် တစ်ကြိမ်၊ ယနေ့ (ဒီဇင်ဘာ ၂၁) တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု မင်းတပ် CDF ဘက်က ဆိုသည်။ 

ရှစ်မွေးနှင့် အောက်လာပန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း CDF ဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီဘက်မှ သေဆုံးတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု CDF က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

စစ်ကောင်စီစစ်ကြောင်းနှစ်ခု ပူးပေါင်းနိုင်ခြေရှိကြောင်းလည်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သုံးသပ်သည်။

ထိုစစ်ကြောင်းများမှာ မင်းတပ်သို့ ဦးတည်သည်ဟု ယူဆရပြီး တောလမ်းအတိုင်း ချီတက်လာခြင်းဖြစ်ရာ ကျေးရွာများမှ အိုးအိမ်စွန့်ခွာ၍ တောတောင်များတွင် စစ်ရှောင်နေရသည့် ဒေသခံများ၏ လုံခြုံရေးကို စိုးရိမ်ပူပန်နေရသည်ဟုလည်း ၎င်းက ပြောသည်။

“စကစ (စစ်ကောင်စီ) တွေလာတယ်ဆိုရင် စစ်ရှောင်စခန်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းသော နားလည်တာ မဟုတ်ဘူး။ အဲ့လိုဆိုတော့ ရွာထဲကနေ တောင်ယာတဲထဲကို ပြေးတယ်။ ကိုယ့်တောင်ယာတဲဘက်ကို လာရင် ဂူတွေထဲ၊ ချောက်တွေထဲ ညရေးညတာသွားအိပ်၊ ပြန်လာပြီး ထမင်းချက်စားပြီး ပြန်သွားပုန်း၊ အဲ့လို ကိုယ့်အစီအစဉ်နဲ့ကိုပဲ ရှောင်နေရတယ်” ဟု ကိုယောမန်က ပြောသည်။

ထိုသို့ ဒေသတွင်း စစ်ရေးတင်းမာနေသဖြင့် ဘုရားစခန်း၊ ဝုမ်းခုမ် အောက်လာပန်း၊ ရှစ်မွေး၊လှိရုံး၊ ဝမ္မးသူး အပါအဝင် ရွာပေါင်း ၂၀ နီးပါးမှ စစ်ဘေးရှောင် ဒေသခံ ၂၀၀၀ ဝန်းကျင်အထိရှိကြောင်း၊ စစ်ကောင်စီက ရန်ရှာမည်စိုး၍ စခန်းချနေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“သူတို့က ထိပ်တိုက်ရင်မဆိုင်ဘဲနဲ့ ကွေ့ပတ်ရှောင်သွားနေတော့ နောက်ကနေ တကောက်ကောက်လိုက်ပစ်ဖို့ကလည်း အဆင်မပြေဘူး။ တောထဲတောင်ထဲမှာ ဘွားခနဲတွေ့ရင် လက်နက်ကောင်းတာ၊ မကောင်းတာနဲ့ပဲ အဆုံးအဖြတ်ပေးတာကိုး” ဟု ကိုယောမာန်က ဆိုသည်။ 

အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြရာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်ကို စစ်တပ်က အထူးအာရုံစိုက် နှိမ်နင်းနေသည်။

အောက်တိုဘာလဆန်းမှစ၍ ချင်းပြည်နယ်အတွင်းသို့ သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အား အလုံးအရင်းပို့လွှတ်ထားသည်။ ဒေသကာကွယ်ရေးအဖွဲ့များ၏ ခုခံတော်လှန်တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်တွင် နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။ 

ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် မင်းတပ်မြို့ကို မေ ၁၃ ရက်မှစ၍ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး အင်တာနက်လိုင်း ဖြတ်တောက်ထားသည်။

ထို့အတူ ဒေသခံတိုင်းရင်းသားများကလည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကာ ချင်းဝိသေတိုင်းအက်ဥပဒေ၊ ချင်းရိုးရာထုံးတမ်းစဉ်လာဖြင့် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာခဲ့ကာ အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှု ရှိမရှိ စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button