ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်နှစ်စီးကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးသည်ဟု TYF ဆိုသော သုံးခွအခြေစိုက်လူငယ်တပ်ဖွဲ့က ဆိုသည်။
ခရမ်း-သုံးခွ-သန်လျင်လမ်းအတိုင်း ခရမ်းမြို့နယ်ဘက် ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်လိုက်ပါလာသော ယာဉ်နှစ်စီးကို လက်ပံကျိုးရွာအနီးတွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ တာဝန်ခံဆိုသူက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ မိုင်းငါးလုံးခွဲလိုက်တာ။ လက်ရှိ စစ်ကောင်စီဘက်က နှစ်ဦးသေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိလို့ အရေးပေါ်လူနာတင်ယာဉ်တွေ သွားကြတာ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရသည့် ယာဉ်နှစ်စီးမှာ စစ်ဘက်သုံးထရပ်ကားတစ်စီးနှင့် Double Cup ကားတစ်စီးဖြစ်သည်ဟုလည်း ထိုတာဝန်ခံက ဆိုသည်။
ထိုသို့ တိုက်ခိုက်ခံရသဖြင့် ခရမ်းမြို့နယ်ဘက်ကိုထွက်သည့် သုံးခွမြို့အထွက်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခဲ့ပြီး သုံးခွမြို့နယ်ဘက်သို့ သန်လျင်ဘက်မှ စစ်ကားများ လာနေသည်ဟုလည်း ၎င်းထံမှ သိရသည်။
“ခရမ်းမြို့ကလည်း တအားဖိနှိပ်ခံနေရချိန်မှာ ကျွန်တော်တို့သုံးခွကလည်း လွတ်မြောက်ဖို့ ကြိုးစားနေတယ်ဆိုတာ ပြချင်တာရယ်၊ ကျွန်တော်တို့ အမြဲလှုပ်ရှားမှုရှိနေတယ်ဆိုတာ သိစေချင်တာပါ” ဟု ယနေ့တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး TYF တာဝန်ခံ အမျိုးသားက ပြောသည်။
ရန်ကုန်မြို့တော်အနီးရှိ ခရမ်းနှင့် သုံးခွမြို့နယ်များတွင် အောက်တိုဘာလအတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ သတိပေးစာကြောင့် မြို့ပေါ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ရာ စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ရုန်းကန်နေရသည်။
ယင်းမြို့နယ်များတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မကြာခဏ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ ပိတ်ဆို့ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။
သုံးခွမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်နှင့် လက်ဖက်ရည်ဆိုင်ကို နိုဝင်ဘာလအတွင်း စစ်ကောင်စီက နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းပြီး ချိပ်ပိတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



