မေးမြန်းခန်း

“အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်” (အင်တာဗျူး အစ အဆုံး)

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ ဧပြီလ တိုက်ပွဲများကြောင့် ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ အစရှိသည့် ဒေသများမှ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ထောင်နှင့်ချီ ရှိလာခဲ့သည်။

တိုက်ပွဲများအကြားပိတ်မိနေသူအရပ်သားတို့ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ပို့ဆောင်ပေးရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက တောင်းဆိုနေစဉ် မေ ၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖားကန့်မြို့နယ် ကထံယန်ကျေးရွာအုပ်စု မံဝယ်ရွာမှ စစ်ရှောင် ၁၃ဝ ကျော်ကို ကူညီနိုင်ခဲ့ကြသည်။

မံဝယ်ရွာ၏ နှစ်ခြင်း ခရစ်ယာန်ဓမ္မဆရာ ကိုဇော်တောင်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်သွယ် မေးမြန်းရာ ၎င်းက ရွာအတွင်းပိတ်မိနေစဉ်အခြေအနေ၊ ရွှေ့ပြောင်းစဉ် ကြုံတွေ့ရသည့်အခက်အခဲတို့အကြောင်း ပြောပြခဲ့သည်။

မေး။ ။ တိမ်းရှောင်ကြတာ တစ်ရွာလုံးပဲလား။

ဖြေ။ ။ (ဧပြီ) ၁၁ ရက်နေ့က ကျွန်တော်တို့ တစ်ရွာလုံး တောထဲကို သွားပုန်းတယ်၊ ခဏ ရှောင်တယ်ပေါ့။ ပြီးတော့ ငြိမ်းချမ်းရေးအဖွဲ့တစ်ခုကနေပြီးတော့ မင်းတို့ကို တပ်မတော်က စောင့်နေတယ်၊ သွားလိုက်ပါ ဆိုတော့ တပ်မတော်ရှိတဲ့ဘက်ကို သွားတယ်။ ကျွန်တော်တို့ကို လာခေါ်တဲ့ ငြိမ်းချမ်းရေးအဖွဲ့လည်း မတွေ့ရတော့ဘူး။ အဆက်အသွယ်တော့ အကုန်လုံး ပြတ်သွားတာပေါ့၊ တပ်မတော်က ဖုန်းတွေအကုန်လုံးကို ခဏ ယူထားတယ်။ အဲဒီကနေ ၁၃ ရက် ညနေ ၄ နာရီ၊ ၅ နာရီလောက်မှာ ချောင်းဝကို ခရီးဆက်တော့ လမ်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်၊ ရွာသားတစ်ယောက်က ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ဖြတ်ရမယ့် အထိတော့ မဖြစ်ဘူး။ ၁၄ ရက်မနက်မှာတော့ ချောင်းဝကို ရောက်သွားတယ်။ ရွာအဝင် လယ်တောမှာ တဲရှိတယ်။ အဲဒီတဲမှာ အမျိုးသားသက်သက် အမျိုးသမီးသက်သက်နဲ့ အဲဒီမှာ စုထားတယ်။ အဲဒီမှာ ၄ ရက်ကြာတယ်။ ပြီးတော့ သူတို့ မေးစရာရှိတာ မေးတယ်။ ကျွန်တော်တို့က ရွာကို မပြန်ချင်ဘူး။ ဒါပေမဲ့ ပြန်ပို့လိုက်တာ။

မေး။ ။ရွာကို ဘယ်သူတွေက ပြန်ပို့ပေးသလဲ။

ဖြေ။ ။ တပ်မတော်ကပဲ ပြန်ပို့ပေးတာ။ ရွာသွားတွေက မပြန်ချင်ဘူး။ ကြောက်တယ်လို့ပြောကြလည်း သူတို့တွေက ဘာမှ စိုးရိမ်စရာမရှိဘူး၊ သူတို့အားလုံးရှင်းလင်းပြီးသွားပြီ။ နဂိုအတိုင်း ဈေးသွားတဲ့သူကသွား၊ လယ်ကိုပြန်လုပ်ချင်တဲ့ သူလည်း လုပ်ပေါ့၊ အဲဒီလိုပြောပြီးမှ ပြန်ပို့ခဲ့တာ။ ဒါပေမဲ့ ဈေးသွားခွင့်လည်း မရှိ၊ တပ်ကလည်း သူတို့လုံခြုံရေးအခြေအနေကြောင့်ပေါ့နော်။ တပ်မတော်က အနိုင်ကျင့်တာတွေ ဘာတွေ မရှိပါဘူး၊ သူတို့ လုံခြုံရေးအရ မေးမြန်းတာတွေ၊ လုံခြုံရေးအရ မသွားနဲ့ဆိုတဲ့နေရာရှိတယ်။ ကျွန်တော်တို့ နဂိုအတိုင်း လွတ်လွတ်လပ်လပ်နေလို့တော့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရွာသားတွေက တိုက်ပွဲပြန်ဖြစ်လာမှာကို ကြောက်တာ။ ရွှေ့ပြောင်းတဲ့ အခါမှာလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ အဘိုးအဘွားတွေပါတယ်။ ကိုယ်ဝန်ဆောင်တွေပါတယ်။ ဖျားတာနာတာတွေလည်း နည်းနည်းပါးပါး ဖြစ်တယ်။

မေး။ ။ ရွာမှာ စိုက်ပျိုးရေးနဲ့ အခြားအလုပ်တွေရော လွတ်လွတ်လပ်လပ် လုပ်လို့ရလား။

ဖြေ။ ။ အဲဒီမှာ စိုက်ပျိုးဖို့က အများကြီးလိုအပ်တယ်လေ။ မြို့ပေါ်ကိုတက်ရမယ်၊ လိုအပ်တဲ့ လယ်ထွန်စက်ဆီတွေ၊ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူရမှာ။ တချို့နေရာတွေကျတော့ သွားလို့ မရသေးဘူး။ အဲဒါကြောင့်မို့ အားလုံးက တော်ပြီ၊ ဒီရွာမှာတော့ မနေရဲကြတော့ဘူး၊ ဒီရွာမှာ ဒီနှစ်ကတော့ ဘာမှလုပ်လို့ အဆင်မပြေဘူး၊ ဒီနေရာ အေးချမ်းတည်ငြိမ်မှ ပြန်လာမယ်လို့ ဆုံးဖြတ်ပြီး ထွက်လာကြတာ။

မေး။ ။ တိုက်ပွဲဖြစ်ချိန် ရွာထဲကို လက်နက်ကြီးကျည်တွေ ကျသေးလား။

ဖြေ။ ။ ကျွန်တော်တို့ရွာက KIA တပ်နဲ့ နည်းနည်း နီးတယ်။ ကျတာတော့ ဘယ်နေရာတွေကျလည်း မသိဘူး ကျွန်တော်တို့က ထွက်သွားလိုက်ပြီ။ အသံတွေကတော့ ကြားနေရတယ်။ တိုက်ပွဲတကယ်ဖြစ်တာကတော့ ၁၃ ရက်နေ့မှာ ဖြစ်တာ။ ရွာကိုတော့ မကျလောက်ဘူးထင်တယ်။ ရွာမှာတော့ ကျွန်တော်တို့ ပြန်လာတဲ့ အချိန်အားလုံးက ပုံမှန်အတိုင်းပဲ။

မေး။ ။ ကာမိုင်းမြို့ပေါ်ရောက်တော့ သူတို့က ဘယ်လိုစီစဉ်ပေးလဲ။

ဖြေ။ ။ သူတို့ကတော့ ကိုယ့်အမျိုးအိမ်၊ ကိုယ့်အိမ်မှာပဲ နေစေချင်ကြတယ်။ နေကြပါလို့ပဲ တိုက်တွန်းကြပါတယ်။ နဂိုကတည်းကလည်း အဲဒီလိုအစီအစဉ်နဲ့ထွက်တာ။ အခု အခြေအနေကတော့ သူတို့ ဘယ်လို စီစဉ်ထားလဲ မသိဘူး။ ကိုယ့်အမျိုးအိမ်၊ ကိုယ့်အိမ်တွေမှာ လုံလုံခြုံခြုံရှိပါပြီလို့ ရွာသားတွေက ကျွန်တော့်ကို သတင်း ပို့ကြတယ်။ အခုတော့ အေးအေးချမ်းချမ်းဖြစ်နေကြပြီ။ သူတို့ နဂို ထားခဲ့တဲ့ ရွာမှာကတော့ ကြောက်တာပေါ့နော်၊ မနေရဲတော့တာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာက အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။

မေး။ ။ အခု ရွာသားတွေ ဘယ်လိုနေထိုင်နေကြလဲ။

ဖြေ။ ။ အခု မံဝယ်ရွာသားတွေကတော့ အမျိုးတွေရှိတဲ့ ကာမိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အသီးသီး ရှိနေကြပါတယ်။ တချို့ကလည်း ကိုယ့်အိမ်ကို ပြန်နေကြတာပေါ့။ ကိုယ့်ရဲ့ ဝမ်းစာရေးအတွက် လယ်ယာတွေ သွားလုပ်တယ်။ ကျွဲ၊ နွား၊ ဝက် အဲဒီလိုမျိုးမွေးပြီး နေကြတဲ့သူတွေ၊ တောထွက်ပစ္စည်း ရှာတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ မြစ်ကြီးနား နောင်းနားရွာက ကျွန်တော့်အိမ်ကို ပြန်ရောက်နေပါပြီ။

မတည်မငြိမ်ဖြစ်တော့ အားလုံးက ထိတ်လန့်ကုန်တာပေါ့။ အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း ကြီးပွားမယ့် အကြောင်းတွေကို လုပ်ရင်းနဲ့ အေးအေးချမ်းချမ်း နေစေချင်တယ်။ ။

Show More

Related Articles

Back to top button