အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မနှစ်ခုဖြင့် အမိန့်ချမည့်အစီအစဉ် ရွှေ့ဆိုင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်နေစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်နေအိမ်မှ ဆက်သွယ်ရေးစက်များတွေ့မှုဖြင့် ပုဒ်မခွဲကာ စွပ်စွဲခံထားရသည့် အမှုနှစ်ခုကို ယနေ့ (ဒီဇင်ဘာ ၂၀) အမိန့်ချမည့် အစီအစဉ်ကို ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က အကြောင်းပြချက်မရှိ ရွှေ့ဆိုင်းလိုက်သည်။

သို့သော် ထိုအမှုများကို အပတ်စဉ် တနင်္လာနေ့တိုင်း သီးသန့်တရားရုံး၌ ရုံးထိုင်ကြားနာသည့် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က စွဲချက်တင်ကာ အမိန့်ချရမည့် နေ့ရောက်မှ ရွှေ့ဆိုင်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“လာမဲ့တစ်ပတ်(ဒီဇင်ဘာ ၂၇) ပြန်ပြောင်းချိန်းတယ်။ ဘာကြောင့်လို့တော့ မပြောဘူး” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက စစ်ကောင်စီက နိုင်ငံတော်အကြီးအကဲ၏ နေအိမ်ရှိ လုံခြုံရေးတပ်ဖွဲ့များသုံးစွဲသည့် ဆက်သွယ်ရေးစက်များမှာ တရားမဝင်ဟုဆိုကာ ထောင် ၁ နှစ် အမြင့်ဆုံးချနိုင်သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုပစ္စည်းများကို သိမ်းယူစဉ်ပါဝင်သည့် စစ်တပ်နှင့် ရဲအရာရှိ ၅ ဦး တရားခွင်သို့ သက်သေလာထွက်ရာတွင် ထိုပစ္စည်းများ မည်သည့်နေရာ၊ မည်သူ့ထံမှ သိမ်းဆည်းရမိသည်ဆိုသည်ကို ကွဲလွဲစွာထွက်ဆိုခဲ့ကြသည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုထားပြီးဖြစ်သည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ဆက်သွယ်ရေးစက်များ သိမ်းဆည်းသည်ဟု လေးဦးက ထွက်ဆိုသော်လည်း တစ်ဦးက လုံခြုံရေးအဖွဲ့များထံမှ သိမ်းသည်ဟု တရားခွင်၌ ပြောခဲ့သည်။

တရားရုံးသို့ စစ်ကောင်စီတင်သွင်းထားသည့် ရှာဖွေပုံစံတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ဆက်သွယ်ရေးစက်များကို လုံခြုံရေးတပ်ဖွဲ့ထံမှ သိမ်းသည်ဟု ဖော်ပြထားကြောင်း အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။

ထိုရုံးချိန်းတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်အချို့၏ နေအိမ်များသို့ သွားရောက်လည်ပတ်သည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ စွပ်စွဲထားသည့် အမှုတစ်ခုကိုလည်း စစ်ဆေးမည် ဖြစ်သည်။

စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဦးထွန်းမြင့်အောင် (ခ) ဦးညီညီဆိုသူက စွဲဆိုထားသည့် ထောင်သုံးနှစ်အထိ ချနိုင်သော သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အမှု ဖြစ်သည်။

ထိုအမှုတွင် မန္တလေးအိုးဘိုထောင်၌ ရှိနေပြီး နေပြည်တော်သို့ သက်သေလာထွက်ရန် စစ်ကောင်စီဘက်က အကြိမ်ကြိမ်ငြင်းဆိုထားသည့် NLD ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Video Conferencing စနစ်ဖြင့် တရားခွင်သို့ တက်ရောက်မည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

စစ်ကောင်စီက အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်တွင် ပုဒ်မ ၂ ခုဖြင့် ထောင် ၄ နှစ်ချခဲ့ပြီး ထောင်ဒဏ်ထက်ဝက်ကို ညတွင်းချင်း ပြန်လျှော့ခဲ့သည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်းတွင် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ကောင်စီ စွပ်စွဲထားသည့် ပြစ်ဒဏ်ကြီးလေးသော အဂတိဆိုင်ရာ စွပ်စွဲချက်များအပါအဝင် စုစုပေါင်း ၁၀ မှုနှင့် ဆက်လက်ရင်ဆိုင်ရရန်ရှိသည်။

NLD က အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုဖြင့် အရေးယူမည်ဟုလည်း ကြေညာထားသည်။

ယနေ့ရုံးချိန်းတွင် စစ်ကောင်စီက အကျဉ်းသားဝတ်စုံ အင်္ကျီအဖြူ၊ လုံချည်အညို ဝတ်ဆင်စေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာစွာရှိသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ရှေ့နေအဖွဲ့နှင့် လွတ်လပ်စွာ ဆက်သွယ်ပြောဆိုရန် ခွင့်ပြုထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သော သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။ 

ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်စလုံးကို ကိုင်စွဲမည်ဟု ကြေညာကာ အာဏာသိမ်းထားသည့် စစ်ကောင်စီက ပုဒ်မများစွာဖြင့် စွပ်စွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ အပတ်စဉ် နေ့ရက်များခွဲ၍ ရုံးထုတ်စစ်ဆေးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button