မေးမြန်းခန်း

လယ်သမားတို့ ညီညွတ်လျှင် စပါးဈေးကွက် တိုးချဲ့နိုင်မည် (အင်တာဗျူး)

ဘိုကလေး –  ဆန်ဈေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်း၊ လယ်သမားအချင်းချင်း စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည်ဟု မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတစ်ဦးက ပြောသည်။

နည်းပညာပေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဘိုကလေးမြို့နယ် အောက်မကျီးကျောင်းကျေးရွာသား ကိုမင်းနောင်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ၎င်းက မျိုးစပါး ထုတ်လုပ်မှု၊ အရည်အသွေး၊ ထွက်နှုန်း၊ ဈေးကွက်၊ လယ်သမားတို့၏ အခက်အခဲအကြောင်း ပြောပြထားသည်။

မေး။ ။ မျိုးစပါးထုတ်လုပ်တဲ့အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ၂ဝ၁၂ လောက်မှာ သေချာ စထုတ်ဖြစ်တယ်။ ရတနာဧရာဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး ထုတ်တယ်။ ထုတ်လုပ်စိုက်ပျိုးတဲ့နည်းစနစ်ကတော့ သူတို့က ထောက်ပံ့ပေးတယ်။ စပါးပင်တွေကို ၁ဝ လက်မပတ်လည်နဲ့ ခြောက်တန်း၊ တစ်တန်း ခြားပြီးစိုက်တာပေါ့။ ဟိုးအရင်ကစိုက်တုန်းကတော့ ဒီအတိုင်းပက်ကြဲပြီး စိုက်လိုက်တာ။ ခြောက်တန်း၊ တစ်တန်းတွေ ရှိတာ မဟုတ်ဘူး၊ မျိုးဆိုတာ သီးသန့်ရှိတာ မဟုတ်ဘူး၊ လယ်ထဲကနေ ကိုယ်ကြိုက်တဲ့နေရာကို ရိတ်ယူပြီး မျိုးအဖြစ် ပြန်သုံးတာမျိုးပဲ ရှိတာ။ အခုတော့ မျိုးသန့်တွေ စိုက်လာကြပြီ။ ထွက်လာတဲ့ မျိုးတွေကိုလည်း ရတနာဧရာက လုပ်တဲ့ မျိုးစပါးရောင်းပွဲမှာ ပြန်ရောင်းတယ်။ ကျွန်တော်တို့ စိုက်ဖို့ဖယ်ပြီး ကျန်တဲ့မျိုးတွေ အကုန်ပြန်ရောင်းတယ်။

မေး။ ။ ဒေသမျိုးတွေနဲ့စိုက်တုန်းက အခြေအနေနဲ့ ဘာတွေကွာခြားလာလဲ။

ဖြေ။ ။ စပါးအရည်အသွေးနဲ့ ထွက်နှုန်းတွေကအစ ကွာတယ်။ ဆန်စက်ရောက်ရင်လည်း ဆန်အထွက်နှုန်း ကောင်းလာတယ်။ ဆန်အကျိုးအကြေတွေလည်း ကင်းစင်လာတယ်။ ဆန်အရည်အသွေးလည်း မြင့်လာတယ်။ စပါးအထွက်နှုန်း မြင့်လာတာနဲ့ ဝင်ငွေလည်း မြင့်လာတယ်။ အရင်ကဆို တစ်ဧကမှ တင်း ၉ဝ လောက်ပဲ ထွက်တယ်။ အခုစိုက်တဲ့ မျိုးသန့်တွေက ၁၃ဝ ဝန်းကျင်လောက်ကို ထွက်တယ်။ အရင်က ရောင်းရတဲ့ ဈေးတွေကလည်း မကောင်းဘူး၊ တစ်ဧကကို တစ်သိန်းဝန်းကျင်လောက်ပဲ မြတ်တယ်။ ထွက်နှုန်းမကောင်းလို့ ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိတယ်။ အကြွေးတင်သွားတာတွေလည်း ရှိတယ်။ အခုကတော့ ကျွန်တော်တို့ဆီက မျိုးတွေကတော့ အသန့်ဆုံးဖြစ်နေတာပေါ့။ တစ်ဧကကို စိုက်ပျိုးစရိတ် သုံးသိန်းခွဲလောက် ကုန်ပေမယ့် ပြန်ရောင်းရင် တစ်ဧကကို ခြောက်သိန်းဝန်းကျင်လောက် မြတ်တယ်။

မေး။ ။ မျိုးသန့်မစိုက်သေးတဲ့သူတွေကို ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။ ။ မျိုးသန့်တွေ များများစိုက်မှ လူတိုင်း မျိုးသန့်တွေသုံးနိုင်မှသာလျှင် ဆန်စပါးဈေးကွက်လည်း ပိုကောင်းလာမယ်။ လုပ်အားကြောင့် မစိုက်နိုင်တဲ့သူတွေကလည်း ဒီမျိုးတွေကို ဝယ်သုံးစေချင်တယ်။ အရင်က တစ်ဧကကို မျိုးစပါး ၄ တင်းလောက်အထိသုံးကြတယ်။ မျိုးသန့်ကို သုံးတဲ့အခါမှာ တစ်ဧက ကို ၂ တင်းအထိပဲ သုံးတယ်။ ဒါတောင်ကြဲပက်စနစ်နဲ့ သုံးတာနော်။ အဲဒီတော့ ခေါက်ချိုးလောက်ကို ကွာနေတယ်။

မေး။ ။ မျိုးကောင်းမျိုးသန့်မစိုက်တဲ့ တောင်သူတွေက ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ။

ဖြေ။ ။ တချို့ကတော့ တစိုက်မတ်မတ် မလုပ်နိုင်တာလည်း ပါမှာပေါ့နော်။ စိတ်ဝင်စားမှုလည်း နည်းလို့ဖြစ်မှာပေါ့။ စိုက်ပျိုးရေးဆိုတာကလည်း စိတ်ပါဝင်စားပြီး တကယ်လုပ်နိုင်မှ။ ကျွန်တော်တို့က ငယ်ငယ်ကတည်းက စိုက်ပျိုးရေးကို စိတ်ဝင်စားတယ်။ ငှက်ပျောဆိုရင်လည်း ဧက အများကြီး စိုက်ခဲ့ဖူးတယ်။ သခွားဆိုရင်လည်း အများကြီး စိုက်တာ။ ကွမ်းဆိုရင်လည်း စိုက်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့အနေအထားအရ ကျွန်တော်တို့က မြေကြီးပဲ ပေါတာလေ၊ စိုက်ပျိုးရေးကို ထွန်းထွန်းပေါက်ပေါက်လုပ်နိုင်မှ စီးပွားဖြစ်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲယူဆတယ်။ မြေတစ်ဧကလောက်ရှိရင် ထမင်းစားလို့ရပြီ။

ကျန်တဲ့သူတွေ မစိုက်ကြတာလည်း အလုပ်သမားကလည်း ရှားပါးတယ်၊ ဒီလိုစိုက်ရင် ကွင်းထဲက အမြဲတမ်း ဆင်းနေရတယ်၊ မျိုးကွဲဖယ်ရတာတို့၊ ကန်သင်းတွေ ရှင်းရတာတို့ကို သူတို့မလုပ်နိုင်ဘူး။ စိုက်တဲ့အခါမှာလည်း ပက်ကြဲရင် တောင် အနည်းဆုံး ၄ တင်း၊ ၅ တင်း ကြဲတယ်။ ဒီကထွက်လာတဲ့မျိုးသန့်က တစ်တင်းကို တစ်သောင်း ဖြစ်နေပြီ၊ နှစ်တင်းလောက်ပဲ ကြဲရမယ်ဆိုရင်တောင် သူတို့က စမ်းပြီး မကြဲနိုင်ကြဘူး။ သူတို့လောက် ကောင်းပါ့မလား၊ သူတို့က ငွေရှိလို့၊ လုပ်နိုင်လို့ ဆိုပြီး ထင်သွားကြတာ။ မျိုးဈေးကလည်း နည်းနည်းကွာသွားတယ်။ အဲဒီတော့ သူတို့မှာရှိတဲ့ မျိုးကိုပဲ ပြန်သုံးကြတာများတယ်။ ကျွန်တော်တို့လည်း စမ်းတုန်းက ကြောက်တာပဲ။ အခုလည်း အဲဒီလိုပဲ။ ဒီက မျိုးက အထွက်ကောင်းမှန်း သူတို့သိတယ်။ သူတို့ မလုပ်နိုင်ကြဘူး။ အလုပ်သမားကလည်းရှားပါးတယ်။ နည်းပညာက သိတော့သိတယ်၊ နည်းသေးတယ်ပေါ့။

မေး။ ။ ဒီရွာက တောင်သူတွေက အခုစိုက်နေတဲ့မျိုးကိုရော စိတ်ဝင်စားမှု များသလား။

ဖြေ။ ။ ဒီနှစ်ဆိုရင်တော့ စိတ်ဝင်စားမှုရှိတဲ့သူ ပိုပြီးများလာတယ်။ ဒီမျိုးကို ပြန်ယူပြီး စိုက်တဲ့သူ ဒီရွာမှာပဲ ၇ ယောက်၊ ၈ ယောက်လောက်အထိကို ရှိလာတယ်။ ကျွန်တော် စထုတ်တုန်းကဆိုရင် ရွာမှာ မရောင်းခဲ့ရဘူး၊ တခြားရွာကိုပဲ ချိတ်ဆက်ပြီး ရောင်းခဲ့ရတာ။ ကျွန်တော် ပိုက်ဆံသုံးနိုင်လို့ လုပ်တာလို့ပဲ ထင်ကြတာ။ အခုတော့ ကျွန်တော့်ဆီက ပြန်ဝယ်လာကြပြီ။ တစ်ယောက်ကို တစ်ဧက၊ နှစ်ဧက စမ်းစိုက်လာကြတာပေါ့။

မေး။ ။ အပြောင်းအလဲ လုပ်ကြအောင် သေချာစည်းရုံးဖြစ်သေးလား။

ဖြေ။ ။ ကျွန်တော်တို့ဆိုရင် ဒါက ရွာအတွက် လုပ်တာပဲလေ။ တစ်အိမ်တက်ဆင်းကို လိုက်စည်းရုံးတာ။ လေးငါးကြိမ်လောက်ကို လုပ်ပြီးပြီ။ ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ မျိုးကတော့ ရှိပြီ၊ စပါးတစ်မျိုးတည်းကိုပဲ အစုအဖွဲ့နဲ့ ထုတ်မယ်။ သူတို့စိတ်ပါသွားအောင်လည်း တစ်ခါလောက်တော့ လုပ်ပြမယ်။ ထွက်လာမယ့်စပါးက မျိုးသန့်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမှာတော့ သေချာတယ်။

အစုအဖွဲ့နဲ့ထုတ်ပြီးတော့ ထွက်လာတဲ့စပါးကို တစ်နေရာတည်းကနေ ရောင်းမယ်၊ သယ်တဲ့အခါမှာလည်း တစ်နေရာတည်းကို လာသယ်ရမှာဖြစ်တဲ့အတွက် ဝန်ဆောင်ခ မပေးရဘူး။ ဈေးလည်း ပိုရလာမယ်။ စက်ကိုပေးတဲ့နေရာမှာလည်း သူတို့စက်က တစ်နေ့ကို တင်းသုံးထောင်လောက် ကြိတ်ရတယ်ဆိုရင် သုံးထောင်ပြည့်အောင်ပေးမှ ရမယ်။ တင်း ၁ဝဝ လောက်နဲ့ ဆိုရင် သူတို့ မကိုက်ဘူးလေ။ အဲဒီတော့ သူတို့လည်း ရည်မှန်းချက် ပြည့်မီအောင် ဆိုပြီး ကျွန်တော်တို့က ဧက ၅ဝ လောက် မှန်းလိုက်တယ်။ ဒါပေမဲ့ လူက မရခဲ့ဘူး၊ အစကတော့ ပါဝင်မယ် ဆိုပြီး တကယ်လုပ်မယ် ဆိုတော့မှ မဝင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ လေးငါးဆယ်ယောက်လောက်နဲ့ပဲ လုပ်လိုက်ရတယ်။ အဲဒီတော့ ဧကလည်း နည်းပြီးတော့ ကျွန်တော်တို့ရည်မှန်းချက်က မမီတော့ဘူး။ အထွက်နှုန်း မလျော့စေရဘူးလို့ အာမခံထားတာ၊ ဒါပေမဲ့ စိတ်ပါတဲ့သူက နည်းနေသေးတယ်။

လူတိုင်းကိုလည်း အထွက်နှုန်းတွေကောင်းကြောင်း အမြဲတမ်းပြောပါတယ်။ သူငယ်ချင်းက သတိပေးတယ် … သိပ်ကောင်းကြောင်းမပြောနဲ့၊ ကိုယ်က မျိုးရောင်းချင်လို့ ထင်လိမ့်မယ်ပေါ့နော်။ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းကြောင့် ခံစားရတာက ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူး၊ အဆင့်ဆင့် သွားတာ။ လယ်သမားတိုင်း မျိုးသန့်စိုက်မယ်ဆိုရင် အခြားနိုင်ငံတွေရဲ့ ဈေးကွက်ကို မီမယ်။ ဆန်စက်ပိုင်တွေကလည်း စပါး တင်း လေးငါးထောင်လောက်ရမှ၊ တစ်ရာ၊ နှစ်ရာဆိုရင် သူတု့ိက ထည့်စဉ်းစားမှာ မဟုတ်ဘူးလေ။ လေးငါးထောင်ရဖို့ကို ကျွန်တော်တို့က လုပ်ချင်တယ်။ လုပ်လို့သာရမယ်ဆိုရင် စပါးဈေးကွက်ကလည်း မြင့်လာဦးမှာ။ အဓိကက အစုအဖွဲ့နဲ့ ယုံကြည်မှုအင်အားတွေက ကျွန်တော်တို့လူမျိုးတွေကြားမှာ နည်းနေသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး စုပေါင်းလုပ်မှပဲ အောင်မြင်နိုင်မယ်။ ဥပမာ ကျွန်တော့်ရွာမှာ ဆိုရင်လည်း ကျွန်တော်တစ်ယောက်တည်း လုပ်လို့လည်း မဖြစ်နိုင်ဘူး။ တစ်ရွာလုံးသာ ဝိုင်းပြီး စိုက်ပျိုး ထုတ်လုပ်ကြမယ်ဆိုရင် မျိုးစပါး တစ်မျိုးတည်းကိုပဲ အများကြီး ထုတ်နိုင်တဲ့အတွက် ဈေးကွက် ပိုပြီး ကောင်းလာမှာ အသေအချာပဲ။ ။

Show More

Related Articles

Back to top button