အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းသားဝတ်စုံနှင့် တရားခွင်သို့ရောက်လာ

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားခွင်သို့ ယနေ့ (ဒီဇင်ဘာ ၁၇) ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အကျဉ်းသားဝတ်စုံ အင်္ကျီအဖြူ၊ လုံချည်အညို ဝတ်ဆင်စေခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ကိုင်စွဲမည်ဟု ကြေညာထားသည့် စစ်ခေါင်းဆောင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ရက်တွင် ပုဒ်မ ၂ ခုဖြင့် ထောင် ၄ နှစ်ချခဲ့ပြီး ထောင်ဒဏ်ထက်ဝက်ကို ညတွင်းချင်း ပြန်လျှော့ခဲ့သည်။

“လက်ထိတ်တွေ၊ ခြေချင်းတွေတော့ ခတ်မထားပါဘူး။ အပေါ်ပိုင်းအဖြူကို လက်ရှည်လည်းမဟုတ်၊ လက်တိုလည်းမဟုတ်၊ လက်စကကြီး ဝတ်ခိုင်းတယ်။ သူတို့ (စစ်ကောင်စီ) ဝတ်ခိုင်းတာ။ (အရင်ဝတ်နေကျ) နားကပ်တွေ၊ နာရီတွေ မဝတ်ခိုင်းတော့ဘူး။ အမ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ သိတဲ့အတိုင်းပဲ စိတ်ဓာတ်မာတယ်”ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အလားတူပင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှင့် ထောင် ၂ နှစ်ချခံထားရသည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း ယနေ့ရုံးချိန်းတွင် အကျဉ်းသားဝတ်စုံနှင့် တွေ့ရသည်ဟု ၎င်းထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အပေါ်အပြာ၊ အောက်အပြာနဲ့ ခေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မပို့ဘဲ တစ်နေရာမှာ ထားပေမဲ့ ဒေါက်တာမျိုးအောင်ကို နေပြည်တော်အချုပ်ထောင်မှာ ထားတာ” ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။ ဒေါက်တာမျိုးအောင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဂတိမှုအချို့နှင့် စစ်ကောင်စီက စွပ်စွဲထားသည်။

မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းကြားနာသည့် ယနေ့တရားခွင်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးခန်းမြေနေရာ ရယူမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက အဂတိပုဒ်မတပ်ကာ စွပ်စွဲထားသည့် အမှုကို တရားလိုပြသက်သေနှစ်ဦး စစ်ဆေးသည်ဟု သိရသည်။

ထိုအမှုအတွက် စစ်ကောင်စီဘက်မှ ရောက်လာသည့် သက်သေများမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်တို့ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းများထုတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“ဒေါ်နီလာကျော်ကတော့ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေလျက်နဲ့ ရောက်လာတာ။ သူ့အမှုတော့ သေချာမသိဘူး။ ဦးဖြိုးမင်းသိန်းကတော့ ကျန်းမာရေးကောင်းတဲ့ပုံပါပဲ”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်းတွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အထက်ပါ အမှုအပါအဝင် ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိပုဒ်မ ၅၅ တပ်ထားသော အမှုပေါင်း ၆ မှုနှင့် စွပ်စွဲထားသည်။

ထိုအမှုများထဲတွင် NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည့် ဦးဖြိုးမင်းသိန်းပြောဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဆိုသော စွပ်စွဲချက်ကို အခြေခံသည့် အမှုတစ်ခုလည်း ပါဝင်သည်။

လာဘ်လာဘ ရယူထားသည်ဆိုသော ရွှေ၊ ငွေ သက်သေခံပစ္စည်း တစ်ခုမျှ တရားရုံးတော်သို့ တင်သွင်းနိုင်ခြင်းမရှိသည့် ထိုအမှုနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်မှာ အလိမ်အညာသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ထားသည်။

NLD က အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်များစွာ ချနိုင်သည့် အဂတိဆိုင်ရာ စွပ်စွဲချက်များအပါအဝင် စုစုပေါင်း ၁၀ မှုနှင့် ဆက်လက်စစ်ဆေးနေသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်သည်ဆိုကာ အမှုဖွင့်မည်ဟုလည်း စစ်ကောင်စီက ကြေညာထားသေးသည်။

ထိုအမှုများကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်လှစ်ထားသည့် တရားခွင်၌ အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ သောကြာနေ့တိုင်း ကြားနာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles