အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီအထိနာ

ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့ (ဒီဇင်ဘာ ၁၆) က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။

နံနက် ၉ နာရီခန့်က လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အရှေ့ဘက် နားကွယ်ရွာနှင့် ရေကန်ရွာကြားတွင် ဖြစ်ပွားသော တိုက်ပွဲ၊ နံနက် ၁၀ နာရီခန့်က ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာအုပ်စု၊ ဝမ့်လထွားကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲတို့တွင် ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းတိုက်ခဲ့ကြောင်း KNDF က ပြောသည်။

လွိုင်လင်လေးတိုက်ပွဲတွင် KA ဘက်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁၆) ညတွင် KNDF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများသည် စစ်ကောင်စီတပ်ဘက်က လှုပ်ရှားလာသဖြင့် စတင်ခြင်းဖြစ်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်တပ်က အရပ်ဝတ်နဲ့ လွိုင်ကော်ကနေ ဒီးမော့ဆိုကို ဆင်းလာတဲ့အတွက် ကျွန်တော်တို့တပ်နဲ့ တွေ့တော့ တိုက်ပွဲဖြစ်တာပေါ့။ လွိုင်လင်လေးမှာက စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာဗျ”ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့် ချီတက်လာခြင်းကြောင့် အင်အားမည်မျှရှိသည်ကို ခန့်မှန်းရခက်ကြောင်း၊ လွိုင်လင်လေးတိုက်ပွဲတွင်မူ စစ်တပ်ဘက်က ခန့်မှန်းအင်အား ၁၀၀ ခန့်ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကရင်နီဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဖြစ်သောကြောင့် တော်လှန်ရေးအဖွဲ့များက ဒေသခံတို့ လုံခြုံရေးနှင့် ပတ်သက်သည့် ကြေညာချက်များ အခါအားလျော်စွာ ထုတ်ပြန်မည်ဟု ၎င်းက ပြောသည်။

“KNDF, KA တို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်း ပြည်သူလူထုတွေက လေးစားလိုက်နာဖို့လိုတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပိုပြီးတော့ အသိ၊ သတိတွေရှိဖို့ပဲ ပန်ကြားချင်တယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ လက်နက်ကြီးသံများကို ၎င်းတို့ စစ်ရှောင်နေသည့် စခန်းမှပင် ကြားရကြောင်း လွိုင်လင်လေးမြို့တွင် တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီးရှိ ကွန်နားရွာခံ ဦးရယ်ထံမှ သိရသည်။

“ဒီမှာမရှိတော့ဘူး။ ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်တို့ တောရွာမှာနေတဲ့သူ စိတ်တအားဆင်းရဲတယ်။ သူတို့က ဝင်လာတာနဲ့ လက်နက်ကြီးတွေ ထုလာ ထုလာပြီးမှ (ဖမ်း) မိရင်လည်း မချောင်ဘူး၊ ပြေးရတယ်” ဟု ၎င်းက ပြောသည်။

၎င်းနေထိုင်ရာ ရွာအနီးတွင် ဒီဇင်ဘာ ၁၃ ရက် တိုက်ပွဲဖြစ်ချိန်ကတည်းက အနီးအနားဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဦးရယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း တိုက်ပွဲကြောင့် ထွက်ပြေးကြစဉ် စစ်တပ်က ဖမ်းသွားသည့် ရွာသား ၁၀ ဦး ရှိပြီး ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် စစ်ဘေးရှောင်ပြည်သူ ၁၅၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီအရပ်ဘက်အဖွဲ့ကွန်ရက်က ဒီဇင်ဘာ ၇ တွင် သတင်းထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းဌာနများကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး ၁၀လကျော်အတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ ပေါ်ပေါက်နေရာတွင် ကရင်နီကာကွယ်ရေးအဖွဲ့များက ရှေ့တန်းမှ ပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button