
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အတွက် သက်သေထွက်ဆိုမည့် ဒေါက်တာဇော်မြင့်မောင်မှာ ထောင်အာဏာပိုင်များက ခရီးသွားလာခွင့် မပြုသောကြောင့် နေပြည်တော်သို့ လာရောက် ခုခံချေပခွင့်မရတော့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဦးထွန်းမြင့်အောင် (ခ) ဦးညီညီဆိုသူက စွဲဆိုထားသည့် ပုဒ်မ ၂၅ အမှုကို ယနေ့ (ဒီဇင်ဘာ ၁၃) နံနက်က စစ်ဆေးရာတွင် တရားရုံးက အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။
တရားရုံး၌ လာရောက်သက်သေထွက်ဆိုရန် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်ကို ဆင့်ခေါ်ခဲ့သော်လည်း အိုးဘိုထောင်အာဏာပိုင်များက ခရီးသွားရန် ခွင့်မပြုသောကြောင့် အခြားနည်းလမ်းရွေးချယ်ရန် ယနေ့တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို ပြောခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူက ဆိုသည်။
အဆိုပါအမှုတွင် ဒေါက်တာဇော်မြင့်မောင်ကို အပြစ်မရှိကြောင်း ခုခံချေပမည့် တစ်ဦးတည်းသောသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က နိုဝင်ဘာ ၉ ရက်ကတည်းက တောင်းဆိုထားခြင်းဖြစ်သည်။
တရားခွင်တွင် ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် လာရောက်ထွက်ဆိုခြင်းထက် သက်သေခံချက်ရယူသည့် ကော်မရှင်ထံ ထွက်ဆိုခြင်း သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် သက်သေထွက်ဆိုခြင်းကဲ့သို့သော နည်းလမ်းများကို ရွေးချယ်ရန် တရားသူကြီးက အသိပေးခဲ့သည်ဟု ဆိုသည်။
ဒေါက်ဇော်မြင့်မောင်မှာ တရားရုံးဆင့်ခေါ်သည့်စာကို လက်ခံရရှိခြင်းမရှိကြောင်း ခိုင်လုံသည့်အချက်အလက်များရှိသော်လည်း တရားရုံးက ချမှတ်သည်ကို လက်ခံလိုက်ရကြောင်း အဆိုပါတရားရုံးနှင့် နီးစပ်သူက ပြောသည်။
ရှေ့နေအဖွဲ့အနေဖြင့် သက်သေခံချက်ရယူသည့် ကော်မရှင်ထံ ထွက်ဆိုခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် သက်သေထွက်ဆိုခြင်း၏ ကွဲပြားမှုအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြရန်နှင့် ၎င်းထံမှ ညွှန်ကြားချက်ရယူရန် လိုအပ်သည်ဟု အထက်ပါနီးစပ်သူက ဆိုသည်။
အဆိုပါ အမှုကို လာမည့် ဒီဇင်ဘာ ၂၀ တွင် ဆက်လက်စစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရုံးချိန်းကလည်း ထိုသဘာဝဘေးပုဒ်မ ၂၅ အတွက် သက်သေထွက်ဆိုမည့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးကို အကြောင်းပြ၍ နေပြည်တော်၌ လာရောက်ထွက်ဆိုခွင့်ကို စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၃၀ ရုံးချိန်းတွင် မန္တလေးအိုဘိုထောင်၌ အကျဉ်းချခံထားရသူ ဒေါက်တာဇော်မြင့်မောင် နေပြည်တော်သို့ လာရောက်သက်သေထွက်ဆိုရေး ဆင့်ခေါ်စာအသစ် ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ထပ်မံလျှောက်ထားခဲ့ပြီးနောက် ယနေ့ရုံးချိန်းတွင် အခြားနည်းလမ်းရွေးချယ်ရန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှု ၆ ခုအပါအဝင် အမှုပေါင်း ၁၂ မှုဖြင့် ရင်ဆိုင်နေရသည်။
ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် နှစ်နှစ်နှင့် ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကြိုဆိုသည်ဟုဆိုကာ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်စီ သီးခြားစီကျခံရန် ဒီဇင်ဘာ ၆ တွင် စစ်ကောင်စီ၏ တရားရုံးက အမိန့်ချမှတ်ထားသည်။
သို့သော် အဆိုပါပြစ်ဒဏ်များချမှတ်သည့် နေ့တွင်းချင်းပင် ပြစ်ဒဏ်ကို တစ်ဝက်လျှော့၍ အကျဉ်းထောင်သို့ မပို့ဘဲ လက်ရှိထိန်းသိမ်းထားသည့် လျှို့ဝှက်နေရာ၌ပင် ထားမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
NLD ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာရှင် ဒေါက်တာဇော်မြင့်မောင်ကိုလည်း စစ်ကောင်စီက စွပ်စွဲထားသည့် ပုဒ်မများအနက် သဘာဝဘေးဆိုင်ရာ ပုဒ်မ ၂ ခု၊ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၁ ခုတို့ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ၌ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)