နွေဦးတော်လှန်ရေးသည် လက်နက်အားကိုး အာဏာသိမ်းမှုကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ပပျောက်စေမည့် တော်လှန်ရေးဖြစ်သည်။ မြန်မာ့သမိုင်းတွင် တွေ့ရခဲလှသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအကြား “လက်တွေ့ညီညွတ်မှု” ကို တည်ဆောက်ပြနိုင်ခဲ့ပြီ ဖြစ်သည်။ “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) က ထိုညီညွတ်မှုကို ထပ်မံသက်သေပြခဲ့၊ ကဗ္ပည်းမော်ကွန်းထိုးခဲ့ပြီ ဖြစ်သည်။
နိုင်ငံသစ် အနာဂတ်တည်ဆောက်မှုသည် ကြမ်းတမ်းခက်ခဲမှုပေါင်းများစွာ ဖြတ်သန်းပြီးမှ ဆွတ်ခူးရယူနိုင်သည့် သင်ခန်းစာကို ကမ္ဘာ့သမိုင်းစာမျက်နှာများတွင် အထင်းအရှားလေ့လာနိုင်ပါသည်။
နွေးဦးတော်လှန်ရေးက နိုင်ငံသစ် အနာဂတ်သည် မတူကွဲပြားသော ယဉ်ကျေးမှု၊ ဘာသာတရား၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ နိုင်ငံရေးခံယူမှုများအကြား အပြန်အလှန် လေးစားတန်ဖိုးထားပြီး ငြိမ်းချမ်းစွာ အတူတကွ ရှင်သန်ဖွံ့ဖြိုးသော ယဉ်ကျေးသည့် လူမှုအသိုက်အမြုံတစ်ခု တည်ဆောက်ရန်အတွက် ဖြစ်သည်။
ထိုတန်ဖိုးများ ရှင်သန်နိုင်သော ရေခံမြေခံ ဒီမိုကရေစီစနစ်၊ တန်းတူအုပ်ချုပ်ခွင့်နှင့် တန်းတူလွတ်လပ်ခွင့်ကို အာမခံသော ဖက်ဒရယ်စနစ်ကို လက်တွေ့ကျသော ညီညွတ်စုစည်းမှုက တစ်ဆင့်သာ တည်ဆောက်ရမည်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကောင်းစွာယုံကြည်လက်ခံထားသည်။
ထိုယုံကြည်မှုကို “ဒီဇင်ဘာ ၁၀” တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဖြင့် သမိုင်းဝင် လူထုဆန္ဒထုတ်ဖော်ပွဲကြီးဖြင့် ထပ်လောင်းသက်သေပြခဲ့သည်။
လက်တွေ့ညီညွတ်ရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံအကြား ပေါက်ဖွားလာသော နွေဦးတော်လှန်ရေးကို နိုင်ငံသစ် အနာဂတ်ဆီ ချီတက်နိုင်ရန် တစ်ခုတည်းသော ယာဉ်ယန္တရားဖြစ်ကြောင်း၊ အခြားနည်းလမ်းမရှိကြောင်း ညွှန်ပြလျက်ရှိသည်။
ဤအချက်ကို နိုင်ငံသစ်အား ထုဆစ်ပုံဖော်နေသူများအကြား အလေးအနက် ခံယူနားလည် တည်ဆောက်ထားမည်ဆိုလျှင် ထိုညီညွတ်မှုအားက အာဏာရှင်စနစ်ရေသောက်မြစ်ကို ဆွဲနုတ်နိုင်မည်မှာ သံသယရှိစရာ မလိုပေ။
စစ်ကောင်စီကို စိန်ခေါ်နိုင်သော လက်တွေ့ညီညွတ်ရေးယန္တရား ဘယ်မှာနည်းဟု မေးလျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပင်ဖြစ်သည်။ တိုင်းရင်းသားအားလုံး၏ ထောက်ခံမှုနှင့် စည်းလုံးညီညွတ်မှုအခြေခံပေါ်တွင် တည်ဆောက်ထားသည်။ ထိုအချက်ကြောင့်ပင် နိုင်ငံတကာထောက်ခံမှုများ ရရှိထားခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုကြပါ။
တိုင်းရင်းသားလူမျိုးပေါင်းစုံအကြား လက်တွေ့ညီညွတ်ရေးက စစ်အာဏာသိမ်းမှုနှင့် ပြည်သူများ၏ လွတ်လပ်လုံခြုံမှုကို အလွန်အမင်းဖိနှိပ်မှုများမှတစ်ဆင့် တွန်းပို့လိုက်သော ယာယီညီညွတ်ရေး မဟုတ်ပါ။ အာဏာရှင်စနစ်ဆိုးအောက် ဆယ်စုနှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ဆိုးကျိုးသံသရာကို ကောင်းစွာသိရှိနေသည့် ပြည်သူများ၏ စစ်တပ်အပေါ် ခါးသီးရွံရှာမှု အမြင့်မားဆုံးအမှတ် ရောက်ရှိခဲ့ရာမှ ရရှိလာသော ညီညွတ်ရေး ဖြစ်သည်။
သို့သော် လူ့လောက သဘာဝဓမ္မအတိုင်း “အကယ်၍များ…” ဆိုသည့် အတွေးဖြင့် အတိတ်က ဖြစ်ရပ်များကို ပြန်လှည့်ကြည့်ရင်း NUG ၏ လက်တွေ့ညီညွတ်ရေးယန္တရား မည်မျှအထိ အားကောင်းနိုင်မည်လည်းဟူ၍ မေးခွန်းထုတ်သူများ၊ စောင့်ကြည့်လိုသူများ ရှိနိုင်ပါသည်။
ထို့ကြောင့် တော်လှန်ရေးသည် မှန်းဆထားသည်ထက် ပို၍ကြာရှည်တတ်သလို၊ ထင်ထားသည်ထက် ပို၍ခက်ခဲကြမ်းတမ်း ရုန်းကန်ရစမြဲပင်။ တော်လှန်ရေး၏ ဂုဏ်သရေကို ဖျက်ဆီးခြင်းဖြင့် တွေဝေသူများကို လှည့်စားဖြားယောင်ပြီး၊ စစ်အာဏာရှင် သက်ဆိုးရှည်ရေး ကြိုးပမ်းအားထုတ်မှုများက အာဏာရှင်နှင့်အတူ နောက်ဆုံးထွက်သက်အထိ ရှိနေမည်ကို သတိချပ်ရန် အရေးကြီးပါသည်။
နိုင်ငံသစ် အနာဂတ်မှာ နိုင်ငံရေးသည် လူ့အသိုက်အမြုံတစ်ခုလုံး၏ အကျိုးအတွက် ခေတ်ဝန်ကို ထမ်းရွက်လိုသူများ၏ ပြည်သူ့ဆန္ဒကို အစဉ်အလေးထားလျက် ဂုဏ်သိက္ခာရှိသော လူမှုအကျိုးပြုလုပ်ငန်းအဖြစ် မှတ်ယူနိုင်စေရန် ယခုအချိန်ကတည်းက စနစ်တကျ မျှော်မှန်းတည်ဆောက်ရပေလိမ့်မည်။
နိုင်ငံသစ် အနာဂတ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ တစ်ဦးတစ်ယောက်မျှ မရှိရဆိုသည့် လွတ်လပ်မှုကို အလေးအမြတ်ပြုသော နိုင်ငံရေးစနစ် (Political System)၊ အစာရေစာ မပြည့်ဝသဖြင့် ဆင်းရဲဒုက္ခဘေးဒဏ် ခံစားနေရသူ တစ်ဦးမျှ မရှိစေရေး အလေးထားသော ရေရှည်တည်တံ့သည့် စီးပွားရေးစနစ် (Economic System) တို့ တည်ဆောက်ရပေလိမ့်မည်။
နိုင်ငံသစ် အနာဂတ်တွင် လူသားဆန်သော စံတန်ဖိုးများကို အပြန်အလှန် မျှဝေထိန်းညှိထားနိုင်သော လူမှုသဟဇာတဖြစ်မှုစနစ် (Social Harmony System)၊ မတူကွဲပြားသော ယဉ်ကျေးမှုတန်ဖိုးများ အစီအရီလှပနေသော ယဉ်ကျေးမှုစုံလင် လူ့အသိုက်အမြုံတစ်ခု ရှင်သန်ဖြစ်တည်နိုင်သောစနစ် (Multi-cultural System) နှင့် မျှတညီညွတ်သော နေရောင်ခြည်အောက် စိမ်းလန်းရှင်သန်မှုနှင့် နွေးထွေးမှုကို ပေးစွမ်းသော သဘာဝဝန်းကျင်ကို မြတ်နိုးထိန်းသိမ်းသောစနစ် (Environmental Conservation System) တို့ ယှဉ်တွဲရှင်သန်ဖွံ့ဖြိုးစေရပေလိမ့်မည်။
ဤအရာတွေအားလုံး စိတ်ကူးယဉ်မှုသက်သက်မျှ သဘောမထားသင့်ပါ။ လူ့သမိုင်းတစ်လျှောက် ကြီးကျယ်သော လူသား၏ ကြိုးပမ်းမှုတိုင်းသည် စိတ်ကူးကြံဆမှုမှ စတင်ပေါက်ဖွားပေးခဲ့သည့် အရာများသာဖြစ်သည်ကို မမေ့သင့်ပါ။
ထို့ကြောင့် မြန်မာပြည်သူများ သူတို့လိုချင်သော နိုင်ငံသစ်ကို သူတို့စိတ်ကူးကတစ်ဆင့် ကြံဆတည်ဆောက်နိုင်သလို၊ သူတို့မျိုးဆက်တို့၏ အနာဂတ်ဘဝ လုံခြုံစိတ်ချနိုင်သော စနစ်မျိုးကို တည်ဆောက်နိုင်ပါသည်။ ထို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ သတိ၊ ဉာဏ်ပညာ၊ အမြော်အမြင်တို့ဖြင့် လုပ်ဆောင်သွားရန်သာ လိုအပ်ပါသည်။
နွေဦးတော်လှန်ရေး မုချအောင်မြင်မည်မှာ ဧကန်မလွဲပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)