
စစ်တပ်က အာဏာသိမ်းယူထားသည့် မြန်မာ့အရေးနှင့် ပတ်သက်၍ ကြံရာမရဖြစ်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံကို အားထားခဲ့ကြသည်။ စစ်အာဏာသိမ်းထားသည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း အာဆီယံအားဖြင့် ထိထိရောက်ရောက် ဖိအားပေးနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ဘေးကျပ်နံကျပ်ဖြစ်နေသော မြန်မာ့အရေးတွင် အာဆီယံကို ဦးတည်ချဉ်းကပ်သည့်နည်းလမ်း အသက်ဝင်နေဆဲဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်တို့က ကိုယ်နိုင်ရာနိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် မြန်မာ့အရေးကို သွေးတိုးစမ်းနေကြဆဲဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပြောင်းအလဲကြောင့် မြန်မာ့အရေးတွင် စိတ်ဝင်စားဖွယ်ရာ အခင်းအကျင်းများ ဖြစ်ပေါ်လာနေသည်။
မင်းအောင်လှိုင်ကို လူကိုယ်တိုင်လာတွေ့မည့် ကမ္ဘောဒီးယားက ဟွန်ဆန်
ဒီဇင်ဘာအကုန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူမည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် တရုတ်နှင့် အနီးကပ်ဆုံးနိုင်ငံဟု အသိအမှတ်ပြုထားသည့် ကမ္ဘောဒီးယားတွင် ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းလေးဆယ်နီးပါး အာဏာရယူထားသူ ဟွန်ဆန်မှာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးပင်ဖြစ်သည်။
အလှည့်ကျဥက္ကဋ္ဌအဖြစ် အပြည့်အဝတာဝန်မယူရသေးသည့်တိုင် ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်ပေါင်းသင်းရန် စိုင်းပြင်းလျက်ရှိသည်။ မြန်မာကို အာဆီယံက ဖယ်မထုတ်သင့်၊ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး ဖိတ်ခေါ်သင့်သည်ဟု ၎င်းက လေသံပစ်သည်။
စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို ဖနွမ်ပင်သို့ ဖိတ်ခေါ်တွေ့ဆုံပြီးနောက် ဇန်နဝါရီလဆန်းပိုင်းတွင် နေပြည်တော်သို့ သူကိုယ်တိုင်သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအာဏာရှင်က လူသိရှင်ကြား ကြေညာခဲ့သည်။
အခြေအနေအရ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်ကို လူကိုယ်တိုင် လာရောက်တွေ့ဆုံသည့် ပထမဆုံး နိုင်ငံတကာခေါင်းဆောင်ဖြစ်လာရန် ရှိနေသည်။
ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ တရားမဝင်အာဏာသိမ်းယူမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အစဉ်တစိုက် ပြစ်တင်ဝေဖန်ခံနေရသည့် မြန်မာစစ်ဗိုလ်ချုပ်များကို လူရာသွင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အချိန်ကိုက် လေသံပြောင်းလာခြင်းပင်။
အောက်တိုဘာလအတွင်းက အာဆီယံထိပ်သီးအစည်းအဝေးတွင်မူ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်များကို အပြစ်တင်သည့်သဘောမျိုး ဖွင့်ဟခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုသော ထိုအစည်းအဝေးတွင် မြန်မာမပါဝင်ခြင်းမှာ အာဆီယံအပြစ် မဟုတ်ဘဲ မြန်မာဘက်က သူ့အခွင့်အရေးသူ စွန့်လွှတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဟွန်ဆန်က ဆိုခဲ့သည်။
အာဆီယံခေါင်းဆောင်များ စုံစုံညီညီတက်ရောက်ခဲ့သည့် ထိုအစည်းအဝေးတွင် ဟွန်ဆန်က “မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် လက်ရှိအနေအထားအတိုင်း ဆက်သွားနေမည်ဆိုပါက အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုသူမရှိဖြစ်လာနိုင်ကြောင်း၊ ဤသည်မှာ အာဆီယံက လုပ်ဆောင်ခြင်း မဟုတ်ဘဲ တာဝန်ရှိသူမှာ မြန်မာစစ်ခေါင်းဆောင်များသာဖြစ်ကြောင်းလည်း ဟွန်ဆန်က ပြောခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ့အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် အာဆီယံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။ အာဏာသိမ်းမြန်မာစ်ခေါင်းဆောင် တက်ရောက်သော ထိုအရေးပေါ်အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် ထွက်ပေါ်လာသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လအတန်ကြာ အချေအတင်ဖြစ်ပြီးနောက် အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး မပြေမလည်ဖြစ်ပြီးနောက် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။
အောက်တိုဘာထိပ်သီးအစည်းအဝေးမကျင်းပမီ ရက်ပိုင်းတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ ဖိတ်ကြားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။
အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော ပဋိညာဉ်ကြောင့် အာဆီယံ၏ ကြုံတောင့်ကြုံခဲ အထက်ပါဆုံးဖြတ်ချက်မှာ သမိုင်းဝင်ဖြစ်ခဲ့သည်။ သို့သော် လအနည်းငယ်အကြာတွင် ထိုအခြေအနေက ရုတ်ခြည်းပြောင်းလဲမည့် အနေအထားဖြစ်လာသည်။
မြန်မာစစ်တပ်နှင့် ဆက်သွယ်ပူးပေါင်းရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ခြေလှမ်းသွက်လာသည်။
အာဆီယံအစည်းအဝေးမှအပ ယခင်က မြန်မာနိုင်ငံမလာဖူးသော ကမ္ဘောဒီးယားဝန်ကြီးချုပ်မှာ ယခုအခါ အာဏာသိမ်းခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ရန် နေပြည်တော်လာတော့မည် ဖြစ်သည်။
နိုင်ငံတကာ၏ ဖိအားပေးမှုများ ရှိလင့်ကစား ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဏာရှင်အချင်းချင်း ဖေးမကူညီနိုင်ခြေရှိနေသည်။
ဇွန်လအတွင်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ စီးဝင်နေခြင်းကို တားမြစ်သည့် ဆုံးဖြတ်ချက်ကို မဲခွဲရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့က ထောက်ခံမဲပေးခဲ့ကြသော်လည်း အာဆီယံအဖွဲ့ဝင် ကျန်နိုင်ငံအချို့နည်းတူ ကမ္ဘောဒီးယားက မဲမပေးဘဲ နေခဲ့သည်။
မြန်မာစစ်ဗိုလ်ချုပ်များနည်းတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကာလကြာရှည် ပြစ်တင်ဝေဖန်မှုကို ခံနေရသူဖြစ်သည်။
တရုတ်လိုလားသူနှင့် အမေရိကန်၏ဖိအား
တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကြီးထွားလာသည့် ကမ္ဘောဒီးယားနိုင်ငံကို စစ်လက်နက်တင်ပို့မှု ပိတ်ပင်လိုက်ကြောင်း အမေရိကန်က ယခုရက်ပိုင်းအတွင်း ကြေညာသည်။ ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှဒေသတွင် တရုတ်၏ အရေးအကြီးဆုံးမဟာမိတ်ဖြစ်လာသည်ဟု အမေရိကန်အာဏာပိုင်များက ပြောဆိုကြောင်း ဒီဇင်ဘာ ၈ ရက် ရိုက်တာသတင်းတွင် ဖော်ပြသည်။
အမေရိကန်အရာရှိများက ဖျောင်းဖျသော်လည်း ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်ခွင့်ပြုနေသည့် တရုတ်ကွန်မြူနစ်ပါတီ၏ စစ်ဘက်ရေးရာများတွင် ထိုင်းပင်လယ်ကွေ့အတွင်း သီးသန့်အသုံးပြုခွင့်ရ တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်ဟု အမေရိကန်ဘက်က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချခြင်း မရှိသည့် အမေရိကန်၏ ထိုအရေးယူပိတ်ပင်မှု ရှင်းရှင်းလင်းလင်းမရှိသော်လည်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် တရုတ်၏ စစ်ရေးကြီးထွားလာမှုကို လျှော့ချရန်အပါအဝင် အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးကိစ္စများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး ကမ္ဘောဒီးယားကို အမေရိကန်က တိုက်တွန်းထားသည်။
ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်နှင့် အစဉ်သဖြင့် နီးနီးကပ်ကပ်ရှိနေခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ သံမဏိသဖွယ်ခိုင်မာသည့် ညီရင်းအစ်ကိုများဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ထုတ်ဖော်ပြောဆိုဖူးကြောင်း the Diplomat မဂ္ဂဇင်းက ရေးသားသည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏ လုပ်ရပ်များမှာ ပြည်ပမှ ကြားဝင်စွက်ဖက်ခြင်းများသာဖြစ်ကြောင်း မြန်မာနည်းတူ ကမ္ဘောဒီးယားဘက်မှ ထောက်ခံအားပေးသူ တရုတ်က ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အရှေ့တောင်အာရှဒေသသို့ မလာမီ ရက်ပိုင်းအလိုတွင် ကမ္ဘောဒီးယားနိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ဒီဇင်ဘာ ၁၃ မှ ၁၆ အထိ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
၎င်း၏ခရီးစဉ်အတွင်း ဒေသတွင်းကိစ္စများအပါအဝင် မြန်မာနိုင်ငံအရေးလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ပထဝီနိုင်ငံရေးအားပြိုင်မှုတွင် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအရေးသည်လည်း ရှေ့တန်းမှ ပါဝင်နေသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုသူ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး တရုတ်နှင့် အမေရိကန်တို့ပါဝင်သော အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်နိုင်ခဲ့သော်လည်း မြန်မာ့အရေး ထိုအင်အားကြီးနှစ်နိုင်ငံ၏ ချဉ်းကပ်မှုမှာ ပြဒါးတစ်လမ်းသံတစ်လမ်းသာဖြစ်သည်။
တရုတ်အစိုးရက စစ်အာဏာသိမ်းမှုကို ပြစ်တင်ပြောဆိုခြင်း မရှိသည့်အပြင် မြန်မာစစ်ခေါင်းဆောင်များနှင့် အဆက်အဆံ မပျက်ခဲ့ပေ။ တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် စွန်ကော်ရှင်းသည် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်သို့ ဒုတိယအကြိမ်လာရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း တိတ်တဆိတ်လာရောက်ကာ စစ်ကောင်စီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သေးသည်။
နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော တရုတ် – အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုရန် တရုတ်က အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကို လိုက်လံစည်းရုံးခဲ့သည်။ အနည်းဆုံး အာဆီယံအဖွဲ့ဝင် လေးနိုင်ငံက ငြင်းပယ်လိုက်သည့်အတွက် တရုတ်သမ္မတရှီကျင့်ဖင် တက်ရောက်သော ထိုထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင် ပါဝင်ခွင့် မရခဲ့ပေ။
အမေရိကန်ကမူ တရုတ်နှင့် ဆန့်ကျင်လျက် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်များအပြင် ၎င်းတို့၏ မိသားစုဝင်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကိုပါ ဒဏ်ခတ်အရေးယူ ပိတ်ပင်မှုများ ဆက်တိုက်ချမှတ်ခဲ့သည်။
သမ္မတဂျိုးဘိုင်ဒင်၏ အမေရိကန်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ အရှေ့တောင်အာရှနိုင်ငံများသို့ မကြာခဏလာရောက်ရာတွင် မြန်မာစစ်ခေါင်းဆောင်များကို ဖိအားပေးရေး မပျက်မကွက် ထည့်သွင်းဆွေးနွေးလေ့ရှိသည်။
အာဏာသိမ်းပြီးစတွင် အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ဖြစ်မှုကို ခံနိုင်ရည်ရှိသည်ဟု လေလုံးထွားခဲ့သော စစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးထောက်လှမ်းရေးဟောင်းကို အမေရိကန်ဒေါ်လာနှစ်သန်းဖြင့် ငှားရမ်းခဲ့သည်။
မြန်မာစစ်ခေါင်းဆောင်များသည် နိုင်ငံရေးက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပြီး တရုတ်နှင့် ကင်းကွာနိုင်ရေး အနောက်ကမ္ဘာနှင့် ဆက်ဆံရေးတိုးတက်လိုကြောင်း စစ်အုပ်စုငှားရမ်းခဲ့သော လော်ဘီခေါင်းဆောင် Ari Ben-Menashe က မတ်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်၏ အားပေးထောက်ခံမှုကို လက်လွတ်ခံမည်မဟုတ်သော အာဏာသိမ်းစစ်ဗိုလ်ချုပ်များက အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ချဉ်းကပ်ရန် ကြိုးပမ်းခဲ့သော်လည်း သဲထဲရေသွန်ဖြစ်ခဲ့သည်။ ၎င်းတို့ငှားရမ်းထားသည့် လော်ဘီအုပ်စုမှာ အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ထောက်ခံမှုမရသဖြင့် ဒေါ်လာနှစ်သန်းတန်စာချုပ်ကို စွန့်လွှတ်ခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာသူ ကမ္ဘောဒီးယားကို စစ်ကောင်စီက အားကိုးတကြီးမျှော်လင့်နေဟန်ရှိသည်။ ဖနွမ်ပင်မြို့တော်တွင် ဝန်ကြီးချုပ်ဟွန်ဆန်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် တွေ့ဆုံခဲ့ပုံ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားစစ်ဦးစီးချုပ် အွန်လိုင်းမှ တွေ့ဆုံပုံများကို နိုင်ငံပိုင်သတင်းစာများတွင် အားတက်သရော ဖော်ပြခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ထိတွေ့ဆက်ဆံရေးသည် ကောက်ရိုးတစ်မျှင်သဖွယ် အားကိုးရာဟု ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထောက်ခံသူနတ္ထိဖြစ်နေသည့် စစ်ဗိုလ်ချုပ်များ ယူဆကောင်းယူဆထားနိုင်သည်။
မြန်မာ့အကျပ်အတည်းတွင် အာဆီယံ၏ အရေးပါသော အခန်းကဏ္ဍကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့က လက်ခံထားသည်ဖြစ်ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေဖြင့် မင်းအောင်လှိုင်နှင့် ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ဆက်ဆံလိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အာဆီယံရေးရာကျွမ်းကျင်သူ Kavi Chongkittavorn က ဆိုသည်။
“အာဆီယံအဖွဲ့အတွင်း မြန်မာပြန်ပါမလာခင် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ လက်ခံနိုင်ဖွယ်ရာ တိုးတက်မှုတွေတော့ ရှိရမှာဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



