အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက်သို့ အင်အားထပ်ဖြည့်သည့် စစ်ကြောင်းနှင့် CDF တိုက်ပွဲဖြစ်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့သို့ အင်အားထပ်ဖြည့်လာသည်ဟု ယူဆရသည့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုနှင့် ယမန်နေ့ (ဒီဇင်ဘာ ၉) ၌ မြို့အနီး တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့် စစ်သားများက အနီးအနားကျေးရွာမှ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကြသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ – ကန်ပက်လက် (CDF-Kanpatlat) ထံမှ သိရသည်။

လွန်ခဲ့သည့် သုံးရက်ကတည်းက မကွေးတိုင်း ဆောမြို့နယ်မှ ချင်းပြည်နယ် ကန်ပက်လက်မြို့ဘက်သို့ တောတိုး ချီတက်လာသော အင်အား ၈၀ ခန့်ပါ ထိုစစ်ကြောင်းကို နံနက် ၉ နာရီခန့်တွင် ကန်ပက်လက်မြို့နှင့် ၅ ဖာလုံခန့်အကွာ ပါကွန်းရွာအနီး CDF ကန်ပက်လက်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF ကန်ပက်လက်အဖွဲ့မှ ဒုတိယတပ်မမှူးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်) အရင်နေ့တွေက တောထဲကနေ ဖြတ်တက်လာပြီးမှ မနေ့က ပေါင်ချောင်းဘက်ကနေ တက်လာပြီး ပါကွန်းရွာအောက်ကိုရောက်တော့ ကျွန်တော်တို့တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဖြစ်တာပါ” ဟု သူက ပြောသည်။

၄ နာရီခန့်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အထိနာလာသည့် စစ်ကောင်စီက လက်နက်ကြီး အလုံး ၈၀ ခန့် အသုံးပြုသလို လက်နက်ငယ်များလည်း ပစ်အားကောင်းသည့်အတွက် CDF ဘက်က နောက်ဆုတ်ပေးလိုက်ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရကြောင်း၊ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း CDF ကန်ပက်လက်အဖွဲ့ထံမှ သိရသည်။

တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က တိုက်ပွဲဧရိယာအနီးတွင်ရှိသည့် ပါကွန်းကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇ လုံးနှင့် ဆိုင်ကယ်တချို့ မီးလောင်ခဲ့ပြီး အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ခိုးယူသွားခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ထို့ပြင် ၎င်းရွာအတွင်း သိမ်းဆည်းထားသည့် ‘ဝ’ဥ များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ကာလတန်ဖိုး သိန်း ၁၀၀ ဖိုးခန့် ပျက်စီးသွားကြောင်း၊ ‘ဝ’ဥ သည် ကန်ပက်လက်မြို့၏ အဓိကစိုက်ပျိုးသီးနှံဖြစ်ကြောင်း ဒုတပ်မမှူးက ပြောသည်။

ပါကွန်းရွာအတွင်းရှိ မီးရှို့ခံထားရသည့် နေအိမ်တစ်လုံးကို ယနေ့ ဒီဇင်ဘာ ၁၀ တွင် တွေ့တွေ့ရစဉ်။ (ဓာတ်ပုံ- ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) 

တပ်မ ၉၉ လက်အောက်ခံတပ်ဟု ယူဆရသည့် အဆိုပါစစ်ကြောင်းမှာ ပါကွန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကန်ပက်လက်မြို့သို့ ရောက်ရှိသွားကာ မြို့အတွင်း တပ်စွဲနေထိုင်နေသည်ဟု ၎င်းက ဆိုသည်။

“အခုရောက်လာတဲ့ အင်အားတွေက ရှိနှင့်ပြီးသား အင်အားတွေနဲ့ သွားပူးပေါင်းတာမျိုးမဟုတ်ဘဲနဲ့ ပညာ‌ရေးရုံးတို့၊ မြန်မာ့စီးပွားရေးဘဏ်တို့ ဒီနားတွေမှာ တပ်စွဲတာတွေကို တွေ့ရတဲ့အတွက် သူတို့ တပ်ချိန်းတာ မဟုတ်ဘဲနဲ့ သီးသန့် အင်အားဖြည့်တဲ့အနေနဲ့ ရောက်လာတယ်လို့ပဲမြင်တယ်” ဟု ထိုသူက ပြောသည်။

ယခင်ကလည်း တပ်မ ၉၉ လက်အောက်ခံ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်များမှာ စာသင်ကျောင်း၊ ရဲစခန်းနှင့် ရန်အောင်စေတီတို့တွင် တပ်စွဲထားသည့်အတွက် ကန်ပက်လက်မြို့တွင် စစ်ကောင်စီအင်အား ၃၀၀ နီးပါးခန့် ရောက်ရှိတပ်စွဲနေသည်။

စစ်သားတို့က ဒေသခံတို့ထံမှ လုယက်သည်၊​ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသည်ဟူသော ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်၊ CDF-Kanpatlat ၏ ပြောဆိုချက်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ နှင့် ဒီဇင်ဘာ ၇ ကလည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်များနှင့် CDF ကန်ပက်လက်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးရှိခဲ့သည်။

ကန်ပက်လက်သည် မကွေးတိုင်း ဆောမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့များပူး‌ပေါင်းကာ စစ်ကောင်စီကို ခုခံတော်လှန်နေသည်။

ယခင်က ကန်ပက်လက်နှင့် မကွေးတိုင်းဆောမြို့နယ်အကြား ကားလမ်းအသုံးပြု ချီတက်လေ့ရှိသည့် စစ်ကောင်စီ စစ်ကြောင်းများ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရသည့်အတွက် နောက်ပိုင်းချီတက်မှုများတွင် တောလမ်းများကိုသာ အသုံးပြုလာသည်။

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်အကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ တည်ရှိရာ ဒေသများအပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများတွင်လည်း စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသူများဖြင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button