သတင်း

တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

စစ်တပ်အာဏာသိမ်းမှု ၁၀ လကျော်လာချိန်တွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူများ ခံစားနေရကြောင်း ပြသည့်အနေဖြင့် ယင်းနေ့တွင် အလုပ်မသွား၊ ရုံးမသွား၊ ဈေးမသွား၊ ဆိုင်မဖွင့်ကြဘဲ နေအိမ်တွင်သာ ရှိပေးကြရန် ၎င်းတို့က တိုက်တွန်းကြသည်။

တိတ်ဆိတ်ခြင်းသပိတ်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားသည်။ မတ် ၂၄ က ပထမအကြိမ်ပြုလုပ်ခဲ့စဉ်က ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် လူသူကင်းရှင်းနေသည့်မြင်ကွင်းများကို ကမ္ဘာ့သတင်းမီဒီယာအမြောက်အမြားက ဖော်ပြခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ ပိတ်ခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက နိုင်ငံတကာကြော်ငြာများ ထည့်သွင်းထားသည့် Click to Donate ကဲ့သို့သော အင်တာနက်ဝက်ဆိုက်ဝင်ကြည့်ရုံဖြင့် မိမိအိတ်ထဲမှ ငွေမကုန်ဘဲ အလှူငွေရှာဖွေရေးတွင် ပါဝင်နိုင်ကြသည်ဟု တိုက်တွန်းသည်။

“အဲဒီနေ့တစ်နေ့ကတော့ ဆိုင်မဖွင့်၊ ဈေးမဖွင့်၊ အလုပ်မသွား၊ ရုံးမတက်၊ ကားမထွက် ရှိစေချင်တယ်။ အိမ်မှာနေပြီး Click to Donate လုပ်မလား၊ မိသားစုကို အချိန်ပေးမလား၊ စာဖတ်မလား၊ အိမ်သန့်ရှင်းရေးလုပ်မလား၊ ပုံစံပေါင်းစုံနဲ့။ အဓိက အိမ်ထဲမှာနေဖို့ပဲ“ ဟု ရန်ကုန်မြို့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဦးဆောင်နေသည့် တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက Myanmar Now ကို ပြောသည်။

ထို့နေ့တွင် အိမ်တွင်ရှိနေပေးခြင်းသည် စစ်တပ်ကို အာဏာဖီဆန်မှုကြောင့် သတ်ဖြတ်ခံခဲ့ရသည့်ပြည်သူများ၊ အနယ်နယ်အရပ်ရပ်တွင် စစ်ကောင်စီတပ် ဖမ်းထားသည့် ပြည်သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြသည့် ဝန်ထမ်းများ၊ လက်နက်ကိုင်ခုခံနေကြသူများ စိတ်ခွန်အားရစေမည်ဟု ၎င်းက ဆက်ပြောသည်။

ထန်တလန်တွင် မြို့ကို မီးရှို့မှုဖြင့် ပြည်သူအများအပြား ဝမ်းနည်းနေချိန် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်၍ ဖမ်းဆီးသည့် ဖြစ်စဉ်၊ ဒီဇင်ဘာ ၆ တွင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ထောင်ချခဲ့မှုဖြစ်စဉ်နှင့် ဒီဇင်ဘာ ၇ တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ၌ ရွာသား ၁၁ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တို့  ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် လူထုက စစ်ကောင်စီကို ခံပြင်းဒေါသထွက်နေကြသည်။ 

ထိုသို့ တော်လှန်ရေးအရှိန် မြင့်တက်နေစဉ်မှာပင် တိတ်ဆိတ်ခြင်းသပိတ်ကို စစ်အာဏာရှင်ဆန့်ကျင်သူများက ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်မည့်အကြောင်း ပြောက်ကျားဆန္ဒပြကြသည့်လူငယ်များက ရန်ကုန်မြို့ပေါ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဆန္ဒပြစဉ် လှုံ့ဆော်စာရွက်များ ကြဲချခြင်း၊ လူစည်ကားရာနေရာများတွင် စာရွက်လိုက်ဝေခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကိုလပြည့်က ပြောသည်။

“ရန်ကုန်မှာဆိုရင် ရပ်ကွက်တွေမှာ သွားရင်းလာရင်း စာရွက်တွေပေးတယ်။ တချို့လူတွေဆို သိပြီးသားပဲ၊ ၁၀ ရက်နေ့ကျရင် ဆိုင်မဖွင့်ဘူး၊ ဘာမှလာမဝယ်နဲ့၊ လာဝယ်လည်း ငါတို့ မရောင်းဘူး။ အဲ့နေ့ကျရင် လုံးဝ ငါတို့ပိတ်မယ်။ ညဘက်ကျရင် သံပုံးတီးမယ်။ သူတို့အနေနဲ့ ဒီရက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဆန္ဒတွေ ပြင်းပြနေတယ်၊ ဒီကောင်တွေ တော်တော်လွန်နေပြီဆိုပြီးတော့” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၈ တစ်နေ့တည်း၌ပင် ရန်ကုန်ရှိ နေရာသုံးခုနှင့် ကားမှတ်တိုင်များတွင် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ကြောင်း လှုံ့ဆော်စာရွက် ၅၀၀ ကျော် ဝေငှခဲ့သည်ဟု ကိုလပြည့်က ဆက်ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အသံတိတ်သပိတ်ရက်ဖြစ်သော မတ် ၂၄ ၌ ဆိုင်ပိတ်ကြောင်း ကြေညာထားသည်ကို ယင်းနေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- CJ) ​​

ထို့ပြင် အဆိုပါတိတ်ဆိတ်ခြင်းသပိတ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) မှ ဝန်ကြီးများအပါအဝင် တော်လှန်ရေးခေါင်းဆောင်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများက ဖြန့်ဝေထားကြသည်ကို တွေ့ရသည်။

ရန်ကုန်မြို့မှ အသက်၂၆ နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်း မသီသီခိုင်က ဒီဇင်ဘာ ၁၀ Silent Strike (တိတ်ဆိတ်ခြင်းသပိတ်) တွင် ပါဝင်မည်ဟု ပြောသည်။

“ကုမ္ပဏီဝန်ထမ်းဖြစ်တော့ အဲဒီနေ့မှာ ရုံးမတက်ဘဲ ခွင့်ယူပြီး အိမ်မှာပဲနေပြီး ပါဝင်သွားမှာပါ” ဟု သူက ဆိုသည်။

Silent Strike ပြုလုပ်ကြမည့် ဒီဇင်ဘာ ၁၀ တွင် ဆိုင်များပိတ်ထားမည်ဖြစ်ကြောင်း စားသောက်ဆိုင်တချို့က လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကြေညာနေသည်ကိုလည်း တွေ့ရှိရသည်။ 

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်လုပ်ကိုင်သူတစ်ဦးက အဆိုပါသပိတ်ပြုလုပ်မည်ကို သိရှိထားပြီး ယင်းနေ့တွင် ဆိုင်ပိတ်ထားမည့်အကြောင်း ဆိုင်၏ Facebook စာမျက်နှာတွင် ကြေညာထားမည်ဟု ဆိုသည်။

“တော်တော်များများက ပိတ်မယ် ကြားတယ်ပေါ့နော်။ သပိတ်မှာပါဝင်တဲ့ သဘောနဲ့ပေါ့။ စီးပွားရေးသမားအနေနဲ့ ဒီလောက်လုပ်ပေးနိုင်တာဆိုတော့ ပိတ်ကြမယ်” ဟု ၎င်းက ပြောသည်။

ယခုပြုလုပ်သည့် တိတ်ဆိတ်ခြင်းသပိတ်သည် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသည့် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားလှုပ်ရှားမှု အနှစ် ၃၀ ပြည့်ကိုလည်း ရည်ညွှန်းကြောင်း ကိုနန်းလင်းက ပြောပြာသည်။ 

“မြန်မာပြည်မှာ ရွာတွေ မီးရှို့၊ ထန်တလန်လို မြို့တွေ မီးရှို့နဲ့ ပြည်သူ သန်း၅၀ လုံးက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တကယ်ကိုမှ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုတွေ ကြုံတွေ့နေရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ သန်း ၅၀ သော ပြည်သူတွေက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သိသိသာသာရော မသိမသာပါ ခံစားနေရတယ်” ဟု ၎င်းက ဆိုသည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် လူ့အခွင့်အရေးရရှိရေးတို့အတွက် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ စုဝေးဆန္ဒပြခဲ့ကြသည်။ ထိုလှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းသားများကို ထိုစဉ်က စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button