သတင်း

မန္တလေး သံပုံးတီးဆန္ဒပြရာတွင် ပါဝင်သည်ဟု ယူဆရသူ ၁၁ ဦး အဖမ်းခံရ

ငြိမ်းချမ်းစွာဆန္ဒပြသူများ ကားဖြင့်တိုက်သတ်ခံရသည့် ရန်ကုန်ဖြစ်စဉ်ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒထုတ်ဖော်မှုများ ပြန်လည်အရှိန်မြင့်လာရာ မန္တလေးတွင် ယမန်နေ့ (ဒီဇင်ဘာ ၇) ညပိုင်းက သံပုံးတီးရာတွင် ပါဝင်သည်ဟု ယူဆရသူ ၁၁ ဦး ဖမ်းဆီးခံရသည်။ 

ည ၁၀ နာရီခွဲအချိန်၌ မဟာအောင်မြေမြို့နယ်၊ မင်းကုန်းရပ်ကွက်၊ သံနောက်အကွက် ၃၇၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အမျိုးသမီး ၃ ဦး၊ အမျိုးသား ၈ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု Myanmar Now က ဆက်သွယ်ခဲ့သည့် ဒေသခံ စုစုပေါင်း ၄ ဦးထံမှ သိရသည်။  

ဖမ်းဆီးခံရသူများထဲတွင် သံပုံးတီးသူအရေအတွက် မည်မျှပါဝင်သည်ကို မသိရဟု ၎င်းတို့က ဆိုသည်။ 

အဖမ်းခံရသူ အမျိုးသမီးများမှာ ဒေါ်နှင်းမာလာဝင်း – ၄၆ နှစ်၊ မအေးငြိမ်းသူဇာ – ၂၅ နှစ်၊ မမြင့်မြတ်သူဇာ – ၂၂ နှစ် တို့ ဖြစ်သည်။ 

အမျိုးသားများမှာ ကိုသန့်ဇင်ဦး(ခေါ်) သန့်ဇင်ဝင်း –  ၄၁ နှစ်၊ ကိုခိုင်စိုးမင်း – ၃၈ နှစ်၊ ကိုတင်မျိုးအောင် ၃၅ နှစ်၊ ကိုသန်းထူးဇော် – ၃၁ နှစ်၊ ကိုထက်အောင်ဖြိုး – ၂၇ နှစ်၊ ကိုအောင်ပိုင်စိုး – ၂၅ နှစ်၊ မောင်နေထွန်းလင်း – ၂၄ နှစ်၊ မောင်ဇော်လင်းထွန်း – ၂၀ တို့ ဖြစ်သည်။ 

ယမန်နေ့ ညနေ ၆ နာရီခန့်က နေပူရွာနှင့် မင်းကုန်းရပ်ကွက်အကြား မြဧရာစားသောက်ဆိုင်အနီး နာရီဝက်ကြာ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးညနေသပိတ်နှင့် ပတ်သက်ပြီး ထိုဆိုင်ပိုင်ရှင် ကိုတင်မျိုးအောင်နှင့် သပိတ်တွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် မင်းကုန်းရပ်ကွက်ဒေသခံများကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“သံပုံးတွေ တီးတယ်။ ရပ်ကွက်နေပြည်သူတွေကလည်း ထွက်ပြီး အားပေးကြတယ်။ အော်ကြတယ်။ သံပုံးတီးကြတယ်။ ည ၁၀ နာရီခွဲလောက်မှာ အဲဒီရပ်ကွက်ကို လာစီးတယ်။ အသံဗုံး တစ်ချက်ခွဲတယ်။ သေနတ် နှစ်ချက်ဖောက်တယ်” ဟု နေပူရွာရပ်ကွက်မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အထက်ပါအမျိုးသားက ဆိုသည်။

“အချုပ်ကားတစ်စီး၊ အိမ်စီးကား ၁၀ စီးလောက် ရှိမယ်၊ အရပ်ဝတ်နဲ့ လက်နက်အပြည့်အစုံနဲ့ဗျ။ အဲဒီမှာ ဆိုင်ကယ်နဲ့ ဒလန် ၂ ဦး ပါတယ်။ စာရွက်စာတမ်းအမည်စာရင်းနဲ့၊ အပြည့်အစုံနဲ့ ပုံပြပြီး လိုက်ဖမ်းတာ” ဟု ၎င်းက ဆက်ပြောသည်။  

ည ၁၂ နာရီကျော်အထိ မင်းကုန်းရပ်ကွက်တွင် ဧည့်စာရင်းစစ်၍ လိုက်လံဖမ်းဆီးခြင်းဖြစ်ပြီး တံခါးဖွင့်မပေးပါက ထုရိုက်အော်ဟစ် ခြိမ်းခြောက်သည်ဟု မင်းကုန်းရပ်ကွက်နေ ဒေသခံနှစ်ဦးထံမှ သိရသည်။

မဟာအောင်မြေမြို့တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးကလည်း ထိုညက ဆွေမျိုးတော်သည့် ဒေါ်နှင်းမာလာဝင်း၊ တက္ကသိုလ်ကျောင်းသူများဖြစ်သော မအေးငြိမ်းသူဇာ၊ မမြင့်မြတ်သူဇာနှင့် ၄၁ နှစ်အရွယ် ကိုသန့်ဇင်ဦး(ခေါ်) သန့်ဇင်ဝင်းတို့ ၄ ဦးလုံး အဖမ်းခံရသည်ဟု ပြောသည်။

အမျိုးသမီးသုံးဦးမှာ သားအမိတော်စပ်ပြီး ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပြန့်‌နေသော သံပုံးတီးမှုဓာတ်ပုံများကို အကြောင်းပြု၍ မိသားစုလိုက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ရန်ကုန်ဖြစ်စဉ်၊ (ဆားလင်းကြီးမှာ) မီးရှို့အသတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် ခံပြင်းစိတ်နဲ့ သံပုံးတီးကြတာပါ။ ကျွန်တော်တို့နားမှာ သံပုံးတီးတာတွေ၊ ဆန္ဒပြတာတွေ ပိုစည်လာတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

“အရင်က သွေးအေးတာရယ်၊ တက်ကြွမှုတွေနည်းတာကြောင့် မတီးကြတာ ကြာပြီ။ အခု ပြန်ကြွလာကြတာ” 

အဆိုပါ ၁၁ ဦးလုံးကို မဟာအောင်မြေမြို့နယ်၊ အမှတ် ၇ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထမင်းဟင်းပို့၍ ရသော်လည်း မိသားစုက လူချင်းတွေ့ဆုံခွင့် မရသေးကြောင်း ဖမ်းဆီးခံရသော​ ကိုသန့်ဇင်ဦး (ခေါ်) ကိုသန့်ဇင်ဝင်း၏ ဆွေမျိုးတစ်ဦးက ပြောသည်။  

“ဖမ်းဆီးနှိပ်စက်တာတော့ မရှိဘူး။ ပေါ့ပေါ့ပါးပါးပဲ မေးစရာရှိလို့ဆိုပြီး ခေါ်သွားပါတယ်။ သူတို့က (သံပုံးတီးသူများ) ဆန္ဒပြတာ ကြုံတော့ အားဝင်ဖြည့်လိုက်တဲ့သဘောပါ။ ဘာမှ မလုပ်ကြပါဘူး” ဟု ၎င်းက ပြောသည်။

မည်သည့်အကြောင်းကြောင့် မည်သို့အရေးယူထားသည်ကို သိရှိနိုင်ရေးအတွက် အမှတ် ၇ ရဲစခန်းကို မေးမြန်းရန် ယနေ့ ဖုန်းခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ တွင် ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကားနှင့် အရှိန်ပြင်းထန်စွာ တိုက်၍ လူစုဖြိုခွဲ ဖမ်းဆီးသည်။ ယင်းသို့ ကြမ်းတမ်းစွာသတ်ဖြတ်ပုံကို ပြည်သူအချို့က ဖုန်းဖြင့် မှတ်တမ်းတင်နိုင်၍ ထိုရုပ်သံဖိုင်များမှာ သက်သေများအဖြစ် အချိန်တိုအတွင်း ထွက်ပေါ်ခဲ့သည်။   

ကားဖြင့် တိုက်မိရာ၌ လူတချို့ လွင့်စဉ်သွားသည်ကို ရုပ်သံဖိုင်၌ တွေ့ရှိရပြီး အပြင်းအထန်ဒဏ်ရာရသူများရှိခဲ့သည်။

ထိုဖြစ်ရပ် ကြုံတွေ့ခဲ့ရသူတချို့က သေဆုံးသူ ၅ ဦး ရှိသည်ဟု သတင်းဌာနများကို ပြောခဲ့သော်လည်း စစ်ကောင်စီက သေဆုံးသူမရှိဟု ဆိုသည်။

ပန်းပင်ကြီးလမ်းဖြစ်စဉ်တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဒဏ်ရာရရှိထားသူ အမျိုးသားနှစ်ဦးမှာ မစိုးရိမ်ရဘဲ အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ထိုသို့သတင်းထုတ်ပြန်စဉ် ထိမ်ချန်ထားသည့်ထဲတွင် စစ်ကားနှင့် အရှိန်ပြင်းစွာဝင်တိုက်မှု၊ သေနတ်ပစ်ခတ်မှုများ ပါဝင်သည်။

ကားနှင့် ဝင်တိုက်သည့်နေ့မှ ရန်ကုန်၏ နေရာအချို့၌ သံပုံးတီးမှုများ ပြန်စတင်လာခဲ့ပြီး အခြားရက်များတွင် မန္တလေးနှင့် ကျေးလက်ဒေသတချို့တွင်ပါ သံပုံးတီးဆန္ဒထုတ်ဖော်မှု ပြုလုပ်လာကြသည်။ 

ဒီဇင်ဘာ ၆ တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ပုဒ်မနှစ်ခုဖြင့် တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သော်လည်း ယင်းညမှာပင် ထောင်ဒဏ် ထက်ဝက်ပြန်လျှော့ပေးသည်ဟု စစ်ကောင်စီဘက်က ဆိုသည်။

စစ်သားများက အရပ်သားတို့ကို ပစ်ခတ်ဖမ်းဆီးနေခြင်းမှာ ပြည်သူလူထုကို အကြမ်းဖက်သမားရန်မှ ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု စစ်ကောင်စီက ၎င်းထိန်းချုပ်ထားသော မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်လေ့ရှိသည်။

ဒီဇင်ဘာ ၇ တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာသို့ စစ်တပ်ဝင်သွားစဉ် ဒေသခံ ၁၁ ဦး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရပြီး ဓာတ်ပုံနှင့် ရုပ်သံများ ပျံ့နှံ့ခဲ့ကာ အမည်စာရင်းအတိအကျဖြင့် Myanmar Now က အတည်ပြုနိုင်သည်။ 

စစ်ကောင်စီ၏ တရားမျှတမှုမရှိသော လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့ကြီးများနှင့် ကျေးလက်များတွင် ပိုမိုအားကောင်းလာပြီး စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button