
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် PDF Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်ဆုမ် (Pa Cin Sian Sum) သည် မြို့ပေါ်ရှိ တိမ်းရှောင်နေသည့် နေအိမ်တစ်လုံးအတွင်း သေနတ်ဖြင့် အနီးကပ် နှစ်ချက်ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု PDF Zoland အဖွဲ့တာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ ကြားသိရတာကတော့ နှစ်ချက်ပစ်သွားတာပေါ့။ ရင်ဘတ်မှာ တစ်ချက်၊ ခေါင်းမှာ တစ်ချက်” ဟု PDF Zoland အဖွဲ့တာဝန်ခံက ဆိုသည်။
ဒီဇင်ဘာ ၅ နံနက်အစောတွင် သတ်ဖြတ်ခံခဲ့ရသည့် PDF Zoland အဖွဲ့၏ သင်တန်းနှင့် အင်အားစုဆောင်းရေးပိုင်းတွင် တာဝန်ယူထားသည့် အသက် ၃၈ နှစ်အရွယ် ဦးကျင်ရှန်ဆုမ်မှာ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဇနီးနှင့် သား ၃ ဦးကျန်ရစ်ခဲ့ကာ ၎င်း၏ စျာပနကို ယမန်နေ့ (ဒီဇင်ဘာ ၆) က ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
အဆိုပါပစ်ခတ်သတ်ဖြတ်မှုမှာ အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolutionary Army – ZRA) လက်ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
နိုဝင်ဘာလကုန်အတွင်း ZRA က ၎င်းတို့အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး လာရောက်တွေ့ဆုံဖြေရှင်းရန် ဒီဇင်ဘာ ၄ တွင် ဦးကျင်ရှန်ဆုမ်ကို ကြားခံလူမှတစ်ဆင့် ဆက်သွယ်လာခဲ့ကြောင်း PDF Zoland တာဝန်ခံက ပြောသည်။
ထိုပျောက်ဆုံးမှုမှာ PDF Zoland နှင့် မသက်ဆိုင်ကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့် လာရောက်တွေ့ဆုံနိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု PDF Zoland တာဝန်ခံက Myanmar Now ကို ဆက်ပြောသည်။
“အဲဒီမတိုင်ခင်တစ်ရက်မှာ ZRA က သူ့ကို ခေါ်တွေ့တယ်။ လာရှင်းတော့မယ်ဆိုပြီး စကားလည်း ပြောထားတယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော်တို့ကို ဒီလိုပြဿနာရှာနေပြီ၊ ကျွန်တော်တို့တစ်ဖွဲ့လုံးကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ငြိုးနေတယ်၊ ပြဿနာရှာမဲ့ အနေအထားပုံစံရှိနေတယ် ဆိုပြီးတော့ သူကိုယ်တိုင်က အဲ့ဒီနေ့ နေ့လယ်က message (စာတို) ပို့ထားတယ်ဆိုတော့ ဒါကတော့ လယ်ကွင်းပြင်မှာ ဆင်သွားသလို ထင်ရှားပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါပစ်ခတ်သတ်ဖြတ်မှုမှာ ZRA အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့ထံ Myanmar Now က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ဇိုမီးတော်လှန်ရေးတပ်မတော် ZRA အဖွဲ့သည် ၁၉၉၃ တွင် စတင်ဖွဲ့စည်းပြီး ၂၀၀၅ တွင် အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲကာ မဏိပူရ်တွင် အခြေစိုက်သည်။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော်လည်း စစ်အာဏာရှင်ကို ပြန်ခုခံတိုက်ခိုက်ရန် အသစ်ဖွဲ့စည်းတည်ထောင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို ZRA က အကြိမ်ကြိမ် သွားရောက်ခိုက်ခဲ့သည်။
မေလ ၂၂ က တီးတိန်မြို့တွင် PDF (Teddim) အဖွဲ့ ဖွဲ့စည်းရန် စုစည်းနေသည့် လူငယ်အချို့၏ စခန်းကို ZRA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၅ လက်၊ ဖုန်း၊ ကင်မရာအပါအဝင် သိန်း ၃၀ နီးပါး ဖျက်ဆီးပစ်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
ဇွန် ၁၆ တွင်လည်း ZFU Zoland စခန်းတစ်ခုကို ZRA ဝင်ရောက်တိုက်ခိုက်ပြီး တူမီးသေနတ် ၅ လက်၊ ရိက္ခာ ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ကျပ်သိန်း ၆၀ နီးပါး ဖျက်ဆီးခဲ့သည်။
ထို့နောက် ဇွန် ၁၇ တွင် ZRA (အရှေ့ပိုင်းတိုင်း) အဖွဲ့က ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း မည်သည့်လက်နက်ကိုင်တပ်ကိုမှ ထူထောင်ခွင့်ပေးမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
အလားတူ တီးတိန်မြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဖွဲ့ရန် လူစုနေသည့် ဟွာလ်ငို (Hualnog) အဖွဲ့၏ စခန်းငယ်တစ်ခုကိုလည်း စက်တင်ဘာ ၂၁ ၌ ZRA က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒေသကာကွယ်ရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့များကို နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ပြီး ဗိုလ်ကျတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ပါက ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က သတိပေးထားသည်။
ထိုသို့ စစ်ကောင်စီကို တော်လှန်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ဝင်ရောက်တိုက်ခိုက်နေသည့် ZRA ကို တော်လှန်တိုက်ခိုက်သွားမည်ဟု PDF Zoland က ဆိုသည်။
“တော်လှန်ရေးက နှစ်ထပ်ကွမ်းဖြစ်သွားတာပေါ့။ ဒီ စကစအားပေးတဲ့အဖွဲ့တွေကိုလည်း တော်လှန်ရမှာပဲလေ။ အမှန်တရားအတွက်၊ ဓမ္မအတွက်၊ ပြည်သူတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျွန်တော်တို့ တိုက်တဲ့ကြားမှာ သူတို့က အဟန့်အတားဖြစ်တာပေါ့” ဟု PDF Zoland အဖွဲ့တာဝန်ခံက ပြောသည်။
ခေါင်းဆောင်တစ်ဦးလုပ်ကြံခံရသော်လည်း ၎င်းတို့အဖွဲ့ ဆက်လက်ရပ်တည် လှုပ်ရှားသွားနိုင်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က စုဖွဲ့မှုနဲ့ သွားတာပေါ့။ လက်ရှိမှာတော့ စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ထိခိုက်မှုအကြီးကြီးတော့ ဖြစ်စရာ သိပ်မရှိပါဘူး။ …အထူးသဖြင့် ပြည်သူရဲ့ အားပေးမှုနဲ့ ကျွန်တော်တို့အထဲမှာ စုဖွဲ့မှုနဲ့ သွားတဲ့အခါကျတော့ ဘာမှထွေထွေထူးထူး ထိခိုက်စရာမရှိပါဘူး” ဟု ၎င်းတာဝန်ခံက ပြောသည်။
ဦးကျင်ရှန်ဆုမ် အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ နံနက်တွင် ZRA (အရှေ့ပိုင်းတိုင်း) မှ Myanmar Now ကို အီးမေးဖြင့် ဆက်သွယ်ပေးပို့ချက်အရ ဆိုရှယ်မီဒီယာများတွင် ZRA ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုချက်များသည် မှားယွင်းသည့်ဖော်ပြချက်များဖြစ်ကြောင်း၊ ၎င်းတို့နယ်မြေအတွင်း လှုပ်ရှားနေသည့် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ZRA ဘက်က တုံ့ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)