
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် ရှိနေသည့် စစ်သားများကို ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၆ နာရီတွင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မန္တလေးဖီးနစ်ပြောက်ကျားအဖွဲ့ (Mandalay Phoenix Force) က ပြောသည်။
၆၂ လမ်း၊ သိပ္ပံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအဆောက်အအုံကို မီးရှို့ခဲ့ပြီး တစ်နာရီအကြာတွင် ၂၆ နှင့်၂၇ လမ်း ကြားရှိ မြို့တော်စည်ပင်ရုံးကို လက်လုပ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“မနက်အစော စစ်သားတွေ အိပ်နေတုန်း ပစ်ခတ်တိုက်ခိုက်တာပါ။ ဝန်ထမ်းတွေလည်း မလာသေးဘူး။ ဒီကောင်တွေရဲ့ ထိခိုက်မှုအခြေအနေကို မသိရဘူး။ ကျွန်တော်တို့ တိုက်ခိုက်ချိန်မှာ (စည်ပင်) ကားတစ်စီး ထိသွားတာပဲ မြင်ခဲ့ရတယ်” ဟု ထိုအဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
ယာဉ်ထိန်းရဲကင်းတွင် လူမရှိသော်လည်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က ထိုနေရာကို အသုံးပြုပြီး ပြည်သူများကို ဖမ်းဆီးခြင်း မပြုနိုင်ရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗုံးပစ်တိုက်ခိုက်ခံရကြောင်း၊ ကားတစ်စီး ထိခိုက်ထားသည်သာ တွေ့ရပြီး စစ်သားများ ထိခိုက်ခြင်း ရှိမရှိ မသိရသေးကြောင်း စည်ပင်ဝန်ထမ်းသတင်းရပ်ကွက်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဖြစ်တာက ၇ နာရီလောက် ဖြစ်တာဆိုတော့ အရမ်းစောနေတော့ မသိလိုက်ဘူး။ ကားတစ်စီး ထိထားတာတော့ တွေ့တယ်။ စစ်သားတွေ ထိမထိတော့ ရုံးထဲ သိပ်ပြောတာဆိုတာ မကြားရသေးဘူး”ဟု စည်ပင်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
မန္တလေးမြို့နှင့် အနီးဝန်းကျင်တွင် အခြေပြုထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင် ရှိသည့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မြို့တော်စည်ပင်နှင့် စည်ပင် မော်တော်ယာဉ်ဌာနရုံးပတ်လည်တွင် လုံခြုံရေးအတားအဆီးများချထားသည့်ပြင် ရုံးဝင်းအတွင်း စစ်သားနှင့် ရဲအစောင့်များ ရှိနေသော်လည်း မကြာခဏတိုက်ခိုက်ခံနေရသည်။
မန္တလေးစည်ပင်ရုံးအတွင်း စစ်သား ၂၀ ခန့် အစောင့်ချထားပြီး ဂိတ်ပေါက်တစ်ခုစီလျှင် စစ်သား ၃၊ ၄ ဦးခန့် လုံခြုံရေးယူ စောင့်ကြည့်လေ့ရှိသည်ကို တွေ့ရသည်။
အောက်တိုဘာ ၁၈ ကလည်း မန္တလေးမြို့တော်စည်ပင်ရုံးနှင့် မြို့နယ်အခွန်ရုံး ၄ ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး စည်ပင်ရုံးတွင် တိုင်းအဆင့် ဌာနပေါင်းစုံအစည်းအဝေးလုပ်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ယနေ့ နေ့လယ် ၁၁ နာရီတွင် အမရပူရမြို့နယ်၊ ဈေးလမ်းဆုံ မီးပွိုင့်ရှိ ယာဉ်ထိန်းရုံး ဗုံးကွဲခဲ့ပြီး အနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း၊ လူမှုကယ်ဆယ်ရေးအသင်းကား ၂ စီး ရောက်ရှိလာပြီး သယ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော Generation Z Power (GZP) အဖွဲ့က ဗုံးကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)