သတင်း

စစ်ကောင်စီက လိမ်ညာ၊ ဝါဒဖြန့်နေဟု MPDF တုံ့ပြန်

လက်နက်ကိုင်ဆန့်ကျင်သူ ၃၃ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိထားသည်ဟု စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၁) ၌ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ လိမ်ညာထုတ်ပြန်ခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ၏ ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောသည်။

နိုဝင်ဘာ ၃ မှ ဒီဇင်ဘာ ၁ အတွင်း အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂၈ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများအနက် အသက် ၅၀ အရွယ် ဒေါ်ခင်အေးမော် အပါအဝင် MPDF မှ ၁၄ ဦး၊ နောင်ရိုးအဖွဲ့မှ ၃ ဦး၊ YDF မှ ၄ ဦးနှင့် အဖွဲ့အမည် မဖော်ပြထားသော အခြားလူငယ်များပါဝင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် ဒေါ်ခင်အေးမော်မှာ  ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ ၂၅ တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဗိုလ်နက္ခတ်က ပြောသည်။

“အင်ဂျင်နီယာကျောင်းသားကို မမိလို့ဆိုပြီး ခေါ်သွားတဲ့ မိခင်။ သူက PDF နဲ့ လုံးဝဆက်စပ်မှု မရှိဘူး။ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လုံးဝပတ်သက်ဆက်စပ်မှု မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို သားကို မတွေ့လို့ဆိုပြီး အမေကို ဖမ်းသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်ခင်အေးမော်နှင့်အတူ ဖမ်းဆီးခံရသည့် ၁၂ နှစ်အရွယ်သမီး ပြန်လည်လွတ်မြောက်လာသော်လည်း နေအိမ် ချိပ်ပိတ်ခံထားရဆဲဖြစ်သည်။ 

ထို့ပြင် MPDF မှ ကိုထွေး(ခ) မင်းသက်ထွေး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၃၀ တွင် မတ္တရာမြို့နယ် တောင်ခေါင်းရွာ လိပ်ကျရေတံခွန်အနီးတွင် သေနတ်အလက် ၂၀၊ M 79 ဗုံးပစ်လောင်ချာတစ်ခု၊ ဗုံးသီး၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက လိမ်ညာထုတ်ပြန်ထားသည်ဟု ၎င်းက တုံ့ပြန်သည်။

“ပြီးတော့ (MPDF ကနေ) လက်နက်တွေ မိတယ်ဆိုတာလည်း မဟုတ်ဘူးဗျ။ လက်နက်က တစ်ခုမှ မမိဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။

လူငယ်အမျိုးသမီး လေးဦးအပါအဝင် ဖမ်းဆီးခံရသူအများစုမှာ ပစ်ခတ်မှုများတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ လူမဆန်သည့် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့်ဒဏ်ကြောင့် အမည်များကို မဖြစ်မနေဖော်ထုတ်ရာမှ ထိုသူတို့ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက လုံခြုံရေးကင်မရာ (CCTV) များမှတစ်ဆင့် ခြေရာခံဖမ်းမိသူများကို စစ်ကြောမေးမြန်းပြီး ဆက်စပ်သူများကို ထပ်မံဖမ်းဆီးတတ်ကြောင်း ၎င်းက ပြောသည်။

“တော်လှန်ရေးလုပ်တဲ့နေရာမှာ အများကလည်း သိပြီးသားပါ၊ တစ်ဦးတစ်ယောက်ချင်းစီ စီးပွားရေးလုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်ဘဝတိုးတက်အောင် လုပ်နေတာလည်း မဟုတ်တဲ့အတွက် စစ်အာဏာရှင်ကို မကြိုက်တဲ့ အများပြည်သူအကုန်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်” ဟု ဗိုလ်နက္ခတ်က ဆက်ပြောသည်။

စစ်ကောင်စီက YDF အဖွဲ့ဝင် ဖမ်းမိသည်ဟု စွပ်စွဲထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး မကွေးတိုင်းအခြေစိုက် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကလည်း ၎င်းတို့အဖွဲ့ဝင်များ ဖမ်းဆီးရမိခြင်း မရှိကြောင်း ယနေ့ ညနေတွင် Myanmar Now ကို ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button