
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက်ရှိ ဒေသကာကွယ်ရေးအဖွဲ့ (ကလေး − PDF) စခန်းတစ်ခုကို ဝင်စီးပြီး ဖမ်းသွားသည့် ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက အကျဉ်းထောင်သို့ ပို့ပြီး တစ်ပတ်ဝန်းကျင် ကြာသည်အထိ မည်သူနှင့်မျှ တွေ့ခွင့်မပေးသေးပေ။
အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရသည့် နိုဝင်ဘာ ၁၆ ရက်တွင် ဖြစ်ပွားသည့် စီးနင်းမှုအတွင်း အသက် ၂၀ မှ ၂၈ နှစ်ကြား အမျိုးသမီးငယ် ၉ ဦးကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) သို့ စစ်တပ်က ဖမ်းသွားသည်။
ဒေစီ ဗန်လား ရော်အီး(Daisy Vanlalrawni)၊ ဇမ်ဇိုးဇမ် (Zam Zo Zam)၊ လားမွန်ကိမ်းမီး (Lalmuankimi)၊ လားသလန်းလှူးအီး (Laltlanhlui)၊ လားပြန်ဖဲလ်အီး (Lalpianfeli)၊ မန်းလမ့်ဒိမ် (Man Lam Dim)၊ ညောင်ဒွန့်ကျင် (Niang Don Ciin)၊လားလွန်ဆန်းအီး (Lalhlunsangi)၊ မားဆောမ်ဒေါင်းငီး (Malsawmdawngi) တို့ဖြစ်ကြောင်း ကလေး − PDF က အတည်ပြုသည်။
ထို့နောက် ကလေးမြို့အကျဉ်းထောင်သို့ နိုဝင်ဘာ ၂၄ ရက်တွင် ၆ ဦး၊ နိုဝင်ဘာ ၂၈ ရက်တွင် ၃ ဦးကို ပို့ခဲ့သော်လည်း မိသားစုဝင်များပင် တွေ့ခွင့်မရသေး၍ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ရင်ဆိုင်ရမည့် ပုဒ်မများကို အတည်မပြုနိုင်သေးကြောင်း ကလေး − PDF တပ်ရင်း ၃၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ထောင်ထဲတော့ အကုန်ရောက်နေပြီ။ စစ်ကြောရေးမှာ တစ်ယောက်ကတော့ ပေါင်နည်းနည်း နာသွားတယ်လို့ ပြောတယ်။ ရိုက်နှက်ခံရတာ” ဟု ၎င်းက ပြောသည်။
“အကုန်ရိုက်နှက်ခံရလား၊ တစ်ယောက်နှစ်ယောက်ပဲ ရိုက်နှက်ခံရတာလားဆိုတာ သေချာမသိရသေးဘူး”
ထိုသတင်းစကား မည်သို့ကြားသိရသည်ကိုမူ ရှင်းလင်းစွာ မသိရပေ။
ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုများကို အကြောင်းပြ၍ ထိုအမျိုးသမီးတို့ကို ထောင်ဝင်စာခွင့်မပြုသေးသော်လည်း အစားအစာနှင့် ဆေးဝါးပို့ရန် ခွင့်ပြုထားကြောင်း ထိန်းသိမ်းခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
“အရင်အပတ် စနေနေ့က အဝတ်အစားလေးတွေ ပို့ပေးလိုက်သေးတယ်။ ဘာနဲ့ အမှုဆက်ဖွင့်မယ်ဆိုတာလည်း သေချာမသိသေးဘူးနော့။ သူတို့ဘက်ကလည်း သေချာမပြောသေးဘူး” ဟု ၎င်းက ပြောသည်။
ဆေးတပ်ဖွဲ့ဝင်များသည် မြို့နှင့်အနီးဆုံး PDF စခန်းတစ်ခုကို စစ်တပ်က ဝင်စီးစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို မတ်လကတည်းက နိုင်ငံအတွင်း အစောဆုံးခုခံတော်လှန်သည့် ကလေးမြို့နယ်အတွင်း PDF စခန်းတစ်ခု စီးနင်း၊ ဖမ်းဆီးခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အလားတူပင် စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ကလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နိုဝင်ဘာလလယ်ခန့်မှစ၍ စစ်တပ်နှင့် ဒေသခံ PDF အဖွဲ့များအကြား စစ်ရေးတင်းမာနေသည်။
ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်လှုပ်ရှားနေသည့် စစ်တပ်က လူနေအိမ် ၂၆ လုံးခန့်နှင့် လယ်တောအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေး − PDF က ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် သတင်းထုတ်ပြန်ထားသည်။
စစ်တပ်ရန်ကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ တစ်သောင်းနီးပါး စစ်ရှောင်နေရကြောင်း သတင်းတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)