
ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာထားထားလင်းကို အဂတိမှုဖြင့် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲလိုက်သည်။
အာဏာသိမ်းပြီး ၁၀ရက်အကြာ (ဖေဖော်ဝါရီ ၁၀) တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့သည့် ကျပ် သန်း ၁၆,၉၀၀ အနက် လက်ကျန် ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်ပေးခဲ့၍ နိုင်ငံအတွက် ဘဏ္ဍာငွေဆုံးရှုံးသည်ဟု ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံကိန်းမန်နေဂျာ ဒေါက်တာထားထားလင်းကို စစ်ကောင်စီက ဇွန်လကတည်းက ဖမ်းခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကဲ့သို့သော ပြစ်ဒဏ်ကြီးလေးသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ပြီး ဖြစ်သည်။
ဒေါက်တာထားထားလင်း ဖမ်းဆီးခံရပြီး ၆ လကြာချိန်တွင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ (လုပ်ပိုင်ခွင့်အာဏာအလွဲသုံး) ဖြင့် စစ်ကောင်စီက ထပ်မံစွဲဆိုခြင်းဖြစ်သည်။
ထိုအမှုတွင် အာဏာသိမ်းပြီးနောက် ရာထူးမှ နုတ်ထွက်ထားသူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကိုပါ အလားတူ ပြစ်ဒဏ်ချနိုင်သည့် အဂတိဥပဒေပါ အားပေးကူညီမှုဆိုင်ရာ ပုဒ်မ ၆၃ နှင့် စွပ်စွဲထားသည်။
နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်း၌ ယမန်နေ့(နိုဝင်ဘာ ၃၀) တွင် အမှုဖွင့်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၌ဆိုသော်လည်း ဒေါက်တာထားထားလင်းကို မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်၊ စွဲဆိုခံထားရသည့် အမှုများကို မည်သည့်တရားရုံး၌ စစ်ဆေးသည်တို့ကို မသိရသေးပေ။
ထို့အတူ ဒေါက်တာထားထားလင်းကို ဇွန် ၁၀ရက်က ရန်ကုန်မြို့၌ ဖမ်းဆီးစဉ် စစ်ကောင်စီက တစ်ပါတည်းခေါ်သွားသည့် ၎င်း၏ အမျိုးသားနှင့် ၇ နှစ်အရွယ် သားဖြစ်သူတို့ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိ အတည်မပြုနိုင်သေးဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။
“စစ်ကြောရေး အရှေ့ဆုံးအခေါက်တွေမှာ အမ (ဒေါက်တာထားထားလင်း) ကို မေးတဲ့အချိန် ကလေးကို ခေါ်ထားတာ။ အမဘေးမှာ ခေါ်ထားတာမဟုတ်ဘူး။ အမ မြင်နေရတဲ့ နေရာလောက်မှာ ခေါ်ထားပြီး စစ်မေးတာလို့ သိရတယ်။ ကျန်တဲ့ကိစ္စတွေက ဘာမှမသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ထို့အတူ ဒေါက်တာထားထားလင်း ထပ်မံစွဲဆိုခံရသည့် အဂတိမှုတွင် အမှုတွဲအဖြစ် ပါဝင်သည့် ဒေါက်တာစိုးဦးကို နုတ်ထွက်စာတင်သည့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက နေပြည်တော်၌ပင် စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ထားရှိသည်ဟု ထိုသူက ဆက်ပြောသည်။ ထိုကိစ္စကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ဒေါက်တာထားထားလင်းမှာ အစောဆုံး ဖမ်းဝရမ်းထုတ်သည့် စာရင်းဝင် ဆရာဝန်တစ်ဦးဖြစ်သည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ပြည်သူ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင်ဟု စစ်ကောင်စီက ၎င်းကို စွပ်စွဲထားပြီးဖြစ်သည်။
ထိုသို့ ဖြစ်လာနိုင်ခြေများကို အာဏာသိမ်းစ ဖေဖော်ဝါရီလဆန်းပိုင်းကတည်း ဒေါက်တာထားထားလင်းက ခန့်မှန်းထားခဲ့ပြီး အီးမေးမှတစ်ဆင့် အသိပေးခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက်အချို့က အတည်ပြုထားသည်။
ဘဏ္ဍာငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီသည် ကိုဗစ်ဆေးဝယ်ယူရန် အိန္ဒိယနိုင်ငံ Serum Institute of India (SII) သို့ ပေးချေထားသော အမေရိကန်ဒေါ်လာ ၇၅ သန်းကို ပြန်လိုချင်နေကြောင်း ထိုစဉ်ကတည်းက ဒေါက်တာထားထားလင်းက ပြောထားသည်။
“ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျွန်မတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမဲ့ လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး”ဟု ၎င်းက Facebook တွင် ရေးခဲ့သည်။
“ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျွန်မတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တစ်ကမ္ဘာလုံးကို အသိပေးပေးကြပါ။ ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ” ဟုလည်း လုပ်ဖော်ကိုင်ဖက်များကို ဒေါက်တာထားထားလင်းက တောင်းဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီက ဖမ်းဆီးနှိပ်ကွပ်သည့်ထဲတွင် ဆရာဝန်များလည်း ပါဝင်သည်။
စစ်ကြောရေးသို့ ရောက်ကာ ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရစဉ် ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်ခံရသဖြင့် ဩဂုတ် ၈ ရက်တွင် ကွယ်လွန်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာန ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ ဖြစ်စဉ်မှာလည်း ထင်ရှားသည်။
ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဇနီးသည် မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာဆွေဇင်ဦး၏ နောက်ဆက်တွဲအခြေအနေများကိုလည်း စုံစမ်း၍ မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)